Pages

Monday, February 23, 2015

ဆီးရီးယားနိုင်ငံရှိ သမိုင်းဝင် ဂူဗိမာန်ကို အောင်မြင်စွာ ရွှေ့ပြောင်း



အန်ကာရာ ၊ ၂၃-၂-၂၀၁၅

တူရကီအစိုးရ သည် ဆီးရီးယား နိုင်ငံအတွင်းရှိ ၄င်းတို့၏ သမိုင်းဝင် ဂူဗိမာန် တစ်ခုကို အောင်မြင်စွာ ရွှေ့ပြောင်း နိုင်ပြီဖြစ်ကြောင်း ယင်းနိုင်ငံ ဝန်ကြီးချုပ် အာမက်ဒါဗူ တိုဂလူး က ယမန်နေ့တွင် ပြောကြားခဲ့သည်။

တူရကီ အာဏာပိုင်များသည် အဆိုပါ ဂူဗိမာန်ေ ရွှ့ပြောင်းခြင်းကို ဖေဖော်ဝါရီ ၂၁ ရက် ညပိုင်းက စတင်ခဲ့ခြင်း ဖြစ်ပြီး ယင်း စစ်ဆင်ရေးတွင် တင့်ကား၃၉ စီး အပါအဝင် စစ်ဘက် မော်တော်ယာဉ် စီးရေ ၁ဝဝ ၊ အထူး တပ်ဖွဲ့ဝင် ၅၂၂ ဦးပါဝင်ပြီး ဂူဗိမာန်ကို စောင့်ကြပ်လျက် ရှိသည့် လုံခြုံရေး တပ်ဖွဲ့ဝင် များကိုပါ ယမန်နေ့တွင် အောင်မြင်စွာ ရွှေ့ပြောင်း နိုင်ခဲ့သည်။

အဆိုပါ ဂူဗိမာန်သည် အော်တိုမန် အင်ပါယာကို စတင် တည်ထောင် ခဲ့သည့် ပထမမြောက် အော့စမန် ၏ အဘိုး ဆူလေမန်ရှား ၏ ဂူဗိမာန် ဖြစ်ပြီး ၄င်းကို ၁၃ ရာစုကုန် ပိုင်းတွင် တူရကီနယ်စပ် အနီးရှိ ဆီးရီးယား နိုင်ငံ အလက်ပို ပြည်နယ် အတွင်း တည်ဆောက် ထားခဲ့ခြင်း ဖြစ်သည်။

တူရကီနိုင်ငံ သည် ဂူဗိမာန် တည်ရှိရာ နယ်မြေကို ၄င်းတို့၏ ပိုင်နက်အဖြစ် ၁၉၂၁ ခုနှစ်အတွင်း က ဆီးရီးယားနိုင်ငံ ကို အုပ်ချုပ် ထားသည့် ပြင်သစ် အစိုးရနှင့် သဘော တူညီချက် ချမှတ်ခဲ့ပြီး ယင်း ဂူဗိမာန်တွင် တူရကီ အလံကို လွှင့်ထူထားလျက် ရှိသည်။

အဆိုပါ ဂူဗိမာန်ကို စောင့်ကြပ် လျက်ရှိသော တူရကီ တပ်ဖွဲ့ဝင် များသည် ဆီးရီးယားနိုင်ငံ အတွင်းရှိ ISIS စစ်သွေးကြွ များအနီးတွင် လပေါင်း များစွာကြာ ပိတ်မိနေခဲ့ပြီး တူရကီ အစိုးရ အနေဖြင့် ယင်း ဂူဗိမာန်ကို အစွမ်းကုန် ကာကွယ် စောင့်ရှောက် သွားမည်ဟု ကြိမ်ဖန်များစွာ ပြောကြား ခဲ့သည်။

တူရကီ တပ်ဖွဲ့ဝင် များသည် ယင်းဂူဗိမာန် အတွင်းမှ အဖိုးတန် ပစ္စည်းများကို ပြောင်းရွှေ့ ပြီးနောက် ယင်း အဆောက်အအုံ ကို ISIS စစ်သွေးကြွ များက စခန်းအဖြစ် အသုံးပြုခြင်းမှ ကာကွယ်ရန် အတွက် ဖြိုချ ဖျက်ဆီးခဲ့ ကြောင်းနှင့် ယင်း စစ်ဆင်ရေး အတွင်း တူရကီ တပ်ဖွဲ့ဝင် များသည် စစ်သွေးကြွ များနှင့် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ခြင်း မရှိကြောင်း သိရသည်။

ယင်းသို့ ပြောင်းရွှေ့စဉ် မတော်ဆမှုကြောင့် တူရကီ တပ်ဖွဲ့ဝင် တစ်ဦး သေဆုံးခဲ့ သည်ဟု အာဏာပိုင် များက အတည်ပြု ပြောကြား ခဲ့ကြောင်း သိရသည်။

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment