Pages

Monday, February 23, 2015

ကမ္ဘာလှည့် ခရီးသွားများ ပုဂံဒေသတစ်ဝိုက် ဝေဟင်မှ ရှုခင်းများကြည့် ရှုနိုင်သည့် မီးပုံးပျံစီးနင်းမှု မြင့်တက်လာ



ပုဂံ ၊ ၂၃-၂-၂ဝ၁၅

ပုဂံဒေသ ရှုခင်းများကို ဝေဟင်မှ ကြည့်ရှုနိုင်သည့် မီးပုံးပျံ လိုက်ပါစီးနင်း မှုတွင် ကမ္ဘာလှည့် ခရီးသွားများ တစ်နှစ်ထက် တစ်နှစ် ပိုမိုမြင့်တက် လာသဖြင့် ကမ္ဘာလှည့်ခ ရီးသွားများ မီးပုံးပျံ စီးနင်းမှုမှ ရရှိသည့် နိုင်ငံခြား ဝင်ငွေ များမှာလည်း ပိုမိုလာကြောင်း ဟိုတယ် နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာနမှ သိရသည်။ 

နိုင်ငံတကာ အဆင့်မီ မီးပုံးပျံများ ကိုစီးနင်း၍ ဝေဟင်မှ မြေပြင်အလှအပ ရှုခင်းများကို ခံစားနိုင်သည့် ခရီးစဉ် များကို ပုဂံဒေသ၌ ၁၉၉၉ ခုနှစ်တွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ၏ ခွင့်ပြုချက်ဖြင့် Balloon Over Bagan (ရွှေလေတံခွန် ခရီးသွား လုပ်ငန်း) သို့ မီးပုံးပျံဖြင့် ကမ္ဘာလှည့် ခရီးသည် ပို့ဆောင်ရေး လုပ်ငန်း လိုင်စင်ကို ခွင့်ပြု ပေးခဲ့ပြီး လက်ရှိတွင် ခရီးသွား ကုမ္ပဏီ သုံးခုဖြင့် ဝန်ဆောင်မှု ပေးလျက် ရှိကြောင်း သိရသည်။ 

အဆိုပါ ခရီးစဉ်တွင် Balloon Over Bagan (ရွှေလေတံခွန် ခရီးသွား လုပ်ငန်း) မှ မီးပုံးပျံ ၁၂ လုံး၊ Myanmar Ballooning ကုမ္ပဏီမှ မီးပုံးပျံ ခြောက်လုံး၊ Golden Express Tour ကုမ္ပဏီမှ မီးပုံးပျံ သုံးလုံး စုစုပေါင်း မီးပုံးပျံ ၂၁ လုံးဖြင့် ဝန်ဆောင်မှု ပေးနေခြင်း ဖြစ်သည်။

မီးပုံးပျံ စီးနင်း လိုက်ပါသည့် ဝန်ဆောင်မှု ခရီးစဉ် အတွက် ခရီးသည် တစ်ဦးလျှင် ပျမ်းမျှ အမေရိကန် ဒေါ်လာ ၂၅ဝ မှ ၃၈ဝ အထိ ကျသင့်ပြီး ပုဂံဒေသ ရှုခင်းများကို ဝေဟင်မှ ၄၅ မိနစ်ကြာ ခံစားကြည့်ရှု နိုင်မည်ဖြစ်ကာ နံနက်ပိုင်း နှင့် ညနေပိုင်းတွင် တစ်နေ့လျှင် နှစ်ကြိမ် ပျံသန်းပေး နေကြောင်း သိရသည်။

အဆိုပါ ခရီးစဉ်ကို ဂျာမနီ၊ ပြင်သစ်၊ အမေရိကန်၊ အင်္ဂလန် နိုင်ငံသား များနှင့် အာရှတိုက်မှ ဂျပန်၊ တရုတ် နှင့် တောင်ကိုရီးယား နိုင်ငံသားများ အများဆုံး လိုက်ပါ စီးနင်း ကြသည်။ ထို့အပြင် အခြား ခရီးစဉ် ဒေသများ ဖြစ်သည့် အင်းလေး၊ မန္တလေး၊ စစ်ကိုင်း၊ မုံရွာဒေသ တို့တွင်လည်း ဆောင်ရွက် သင့်ကြောင်း ခရီးသွား လုပ်ငန်းကဏ္ဍ ကျွမ်းကျင် သူများက ပြောသည်။

နိုင်ငံခြား ခရီးသွား ဧည့်သည် များသည် တုန်ခါမှု မရှိဘဲ ငြိမ်သက်စွာ လေဟုန် စီးနိုင်ခြင်း၊ မြေပြင်ရှိ သဘာဝရှုခင်း များကို ကြည့်ရှု နိုင်ခြင်းကြောင့် ပိုမို စိတ်ဝင်စား လာကြခြင်း ဖြစ်ပြီး မီးပုံးပျံ ဝန်ဆောင်မှု လုပ်ငန်း အနေဖြင့် စီးနင်းသူနှင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု မဖြစ်စေရန် ဝန်ဆောင်မှု အပေါ်တွင် အပြည့်အဝ တာဝန် ယူခြင်းဖြင့် မီးပုံးပျံ ခရီးစဉ် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာနိုင်မည် ဖြစ်သည်။

အေဒီမိုး

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment