Pages

Monday, February 23, 2015

သစ်လုံးကုန်ကြမ်း တင်သွင်းရာတွင် အခွန် ကင်းလွတ်ခွင့် ပေးမှ ကုန်ချောထုတ်လုပ်မှု တိုးတက်မည်



ရန်ကုန် ၊ ၂၃-၂-၂ဝ၁၅

ပြည်တွင်း သစ်ကုန်ကြမ်း လိုအပ်ချက်ကို ဖြည့်ဆည်းပေးရန် လိုအပ်သည့် သစ်လုံး ကုန်ကြမ်းများ ပြည်ပမှ မှာယူတင်သွင်း ရာတွင် ပေးဆောင်ရသော ကုန်သွယ် လုပ်ငန်းခွန်များ ကင်းလွတ်ခွင့် ပေးရန် လိုအပ်နေပြီး ယင်းသို့ ကင်းလွတ်ခွင့် ပေးလျှင် ကုန်ချော ထုတ်လုပ်မှု တိုးတက် လာနိုင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ သစ်လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

၂ဝ၁၅ ခုနှစ် ပြည်ထောင်စု အခွန်အကောက် ဥပဒေ မူကြမ်းတွင် ၂ဝ၁၄ ခုနှစ် ပြည်ထောင်စု အခွန်အကောက် ဥပဒေ အတိုင်း ပြည်ပမှ တင်သွင်းသည့် ကျွန်း၊ သစ်မာ၊ သစ်လုံး နှင့် အခြေခံ အဆင့်သာ ခွဲစိတ် ထားသော သစ်ခွဲသားများ ကို ကုန်သွယ်ခွန် ၂၅ ရာခိုင်နှုန်း ကျသင့်မည် ဖြစ်ပြီး ကုန်းပေါ်ရောက် တန်ဖိုး အပေါ်တွင် လည်းကောင်း၊ နိုင်ငံတော် အတွင်း ထုတ်လုပ်သော ကုန်စည် ဖြစ်ပါက ရောင်းရငွေ အပေါ်တွင် လည်းကောင်း ယင်းတို့နှင့် ယှဉ်တွဲ၍ ရာခိုင်နှုန်းဖြင့် အခွန်ကျသင့် စေရမည် ဟု ဖော်ပြထားခြင်း ဖြစ်သည်။

အချို့နိုင်ငံ များ၌ ပြည်တွင်းသို့ သစ်ကုန်ကြမ်း တင်သွင်းပါက သုည သို့မဟုတ် အလွန်နည်းသော ရာခိုင်နှုန်းကို ထားရှိ ပေးကြောင်း သိရသည်။ ထိုသို့ ပြည်တွင်း၌ လိုအပ်နေသော သစ်လုံး ကုန်ကြမ်းများ ပြည်ပမှ မှာယူတင်သွင်း ရာတွင် ပေးဆောင် ရသည့် ကုန်သွယ် လုပ်ငန်းခွန် ကင်းလွတ်ခွင့် ရရှိလျှင် သင်္ဘော တင်ဆောင်ခနှင့် ဝယ်ယူသည့် သစ်တန်ဖိုးသာ ပေးဆောင် ရမည် ဖြစ်သဖြင့် ဈေးနှုန်း သက်သာကာ ကုန်ချော ထုတ်လုပ်နိုင်မှု ပိုမို တိုးတက် လာမည် ဖြစ်သည်။

၂ဝ၁၅ ခုနှစ် ပြည်ထောင်စု အခွန်အကောက် ဥပဒေ မူကြမ်းတွင် ကျွန်း၊ သစ်မာ၊ သစ်လုံး နှင့် အခြေခံ အဆင့်သာ ခွဲစိတ်ထားသော သစ်ခွဲသားများ ပြည်ပသို့ တင်ပို့ရောင်းချ လျှင် ရောင်းရငွေ အပေါ် ကုန်သွယ် လုပ်ငန်းခွန် ၅ဝ ရာခိုင်နှုန်း ကျသင့်မည် ဖြစ်ပြီး ကျသင့် ကုန်သွယ် လုပ်ငန်းခွန်မှ ကုန်စည်ကို ဝယ်ယူ ထုတ်လုပ်စဉ်က ပေးဆောင် ခဲ့သည့် ကုန်သွယ် လုပ်ငန်းခွန်ကို စည်းမျဉ်းများ နှင့်အညီ ခုနှိမ်နိုင်ကြောင်း သိရသည်။

မြတ်လေးငုံ

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment