Pages

Saturday, February 21, 2015

တရားဝင် ရောက်ရှိသည်ဖြစ်စေ၊ တရားမဝင် ရောက်ရှိနေသည် ဖြစ်စေ ၊ မြန်မာနိုင်ငံသားများ ဖြစ်ပါက အကာအကွယ်ပေးရန် တာဝန်ရှိသဖြင့် ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက် ပေးစေလို


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မလေးရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီး H.E. HON DATO' SERI HISHAMMUDDIN TUN HUSSEIN အား လက်ခံတွေ့ဆုံစဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် မလေးရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီး H.E. HON DATO' SERI HISHAMMUDDIN TUN HUSSEIN တို့ အဖွဲ့ဝင်များနှင့်အတူ အမှတ်တရ စုပေါင်း ဓာတ်ပုံရိုက်စဉ်

နေပြည်တော် ၊ ၂၁-၂-၂၀၁၅

အာဆီယံအနေဖြင့် ဘာသာမတူသော နိုင်ငံများ ပေါင်းစည်းထားသည့် အဖွဲ့ အစည်းဖြစ်သော်လည်း စုစည်းညီညွတ်သော အဖွဲ့အစည်းတစ်ခု ဖြစ်ပါကြောင်း၊ အာဆီယံနိုင်ငံများ၏ ခိုင်မာသော စုစည်းမှုကို နိုင်ငံကြီးများကပင် အလေးထား အသိအမှတ် ပြုရပါကြောင်း၊ အာဆီယံ အဖွဲ့အစည်း အနေဖြင့် အခြားနိုင်ငံများ၏ တိုက်တွန်းချက်များထက် မိမိ၏ကိုယ်ပိုင်ရပ်တည်ချက် အပေါ်တွင် ခိုင်မာစွာရပ်တည် လုပ်ဆောင်နေသော အဖွဲ့အစည်းဖြစ်ပါကြောင်း၊ မလေးရှားနိုင်ငံတွင် ရောက်ရှိနေသော မြန်မာအလုပ်သမားများနှင့် ပတ်သက်၍ တရားဝင် ရောက်ရှိသည်ဖြစ်စေ၊ တရားမဝင် ရောက်ရှိနေသည် ဖြစ်စေ ၊ မြန်မာနိုင်ငံသားများ ဖြစ်ပါက အကာအကွယ် ပေးရန် တာဝန်ရှိသဖြင့် ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက် ပေးစေလိုပါကြောင်း၊ တရားမဝင် ရောက်ရှိနေသော အလုပ်သမားများအား ပြန်လည် ခေါ်ယူနိုင်ရေးကိုလည်း နိုင်ငံတော်မှ စီစဉ်ဆောင်ရွက် လျက်ရှိပြီး ၎င်းတို့နှင့်ပတ်သက်၍ အရေးယူ ဆောင်ရွက်မှုများကို အတတ်နိုင်ဆုံး သက်ညှာစွာဖြင့် စဉ်းစားကူညီ ဆောင်ရွက်ပေးစေလို ပါကြောင်းဖြင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့မွန်းလွဲ ၁၂ နာရီခွဲတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ မလေးရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီး H.E. HON DATO' SERI HISHAMMUDDIN TUN HUSSEIN အား လက်ခံတွေ့ဆုံရာတွင် ထည့်သွင်း ပြောကြားသည်။

အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အတူ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်နှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီး မလေးရှားနိုင်ငံ ကာကွယ်ရေး ဝန်ကြီး H.E. HON DATO' SERI HISHAMMUDDIN TUN HUSSEIN နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ မလေးရှား စစ်သံမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

တွေ့ဆုံပွဲတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော်၏ပြုပြင် ပြောင်းလဲမှုနှင့် ပတ်သက်၍ တည်ငြိမ်စွာ လျှောက်လှမ်းနိုင်ရန် အနှစ် ၂ဝ ခန့်ကြိုတင် ပြင်ဆင်၍ လမ်းခင်းခဲ့ရကြောင်း၊ ထိုသို့ လျှောက်လှမ်းခဲ့ရာတွင် ပြည်တွင်းပြည်ပ စိန်ခေါ်မှု များစွာကို ကြိုးစားရုန်းကန်ခဲ့ရပြီး ယခုကြုံတွေ့ရသည့် နိုင်ငံရေး ပြဿနာများသည်လည်း ထိုပယောဂများကြောင့်ပင် ဖြစ်ကြောင်း၊ နိုင်ငံတော်နှင့် တပ်မတော်အနေဖြင့် စိန်ခေါ်မှု များကို ကျော်လွှား၍ မိမိတို့ လျှောက်လှမ်းနေသည့် လမ်းကြောင်းကို ခိုင်မာအောင် လုပ်ဆောင်သွားရန် ဆုံးဖြတ်၍ ဆောင်ရွက် နေပါကြောင်းဖြင့် ပြောကြားသည်။

မလေးရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးက မလေးရှားနိုင်ငံ အခက်အခဲ ကြုံတွေ့ခဲ့ချိန်တွင် မြန်မာနိုင်ငံ၏ ကူညီအားပေး ခဲ့မှုအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ မိမိကိုယ်ပိုင်ဟန်ဖြင့် အသွင်ကူးပြောင်းရေး ရှောက်လှမ်းနေမှု အပေါ် အသိအမှတ်ပြု ထောက်ခံပါကြောင်း၊ စိန်ခေါ်မှုများကိုလည်း ကျော်ဖြတ်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ နှစ်နိုင်ငံနှင့် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ဆက်ဆံမှုမှာ အကောင်းဆုံး အခြေအနေတွင် ရှိ၍ ဆက်လက်တိုးတက် ကောင်းမွန်ရန် ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း၊ ဒေသတွင်း စိန်ခေါ်မှုများနှင့် အခက်အခဲများကို အာဆီယံ၏ ညီညွတ်သော ပူးပေါင်းဆောင်ရွက်မှုဖြင့် ကျော်လွှားနိုင်မည်ဟု ယုံကြည်ပါကြောင်းဖြင့် ပြန်လည်ပြောကြားသည်။

ထို့နောက် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ဘာသာရေး အစွန်းရောက်တို့၏ အကြမ်းဖက်မှု၊ ဒေသတွင်း မူးယစ်ဆေးဝါးမှု၊ လက်နက် မှောင်ခိုမှုများနှင့် ပတ်သက်၍ သတင်းအချက်အလက် မြန်ဆန်စွာ ဖလှယ်နိုင်ရေး၊ ပူးပေါင်းကာကွယ် တားဆီးရေးနှင့် တပ်မတော် နှစ်ရပ်အကြား ဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်ရေး ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။ 

တွေ့ဆုံပွဲအပြီးတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် မလေးရှားနိုင်ငံ ကာကွယ်ရေး ဝန်ကြီးတို့သည် အဖွဲ့ဝင်များနှင့် အတူ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကြ သည်။

မြန်မာနိုင်ငံနှင့် မလေးရှားနိုင်ငံတို့သည် ၁၉၅၈ ခုနှစ်၊ မတ်လ ၁ ရက်မှ စတင်၍ သံတမန် အဆက်အသွယ် ထူထောင်ခဲ့ပြီး မလေးရှား နိုင်ငံတွင် မြန်မာသံရုံးကို ၁၉၅၉ ခုနှစ်၊ ဇွန်လတွင် လည်းကောင်း၊ မြန်မာနိုင်ငံတွင် မလေးရှား သံရုံးကို ၁၉၆၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် လည်းကောင်း အသီးသီးစတင် ဖွင့်လှစ်ခဲ့ကြသည်။ မလေးရှားနိုင်ငံသည် ၂ဝ၁၅ ခုနှစ် အာဆီယံ အလှည့်ကျ ဥက္ကဌ တာဝန်ကို မြန်မာနိုင်ငံမှ လက်ခံရယူ၍ တာဝန်ယူ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment