Pages

Saturday, February 21, 2015

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့် 7 Day မီဒီယာတွေ့ဆုံ



တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့် 7 Day မီဒီယာတွေ့ဆုံ
နေပြည်တော် ၊ ၂၁-၂-၂၀၁၅

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ဖေဖော်ဝါရီ ၁၄ ရက် ညနေ ၄ နာရီ တွင် နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာ၌ ပြည်တွင်း သတင်း မီဒီယာများ ဖြစ်သည့် Sky Net၊ Tomorrow၊ 7 Day၊ Yangon Times၊ Messenger နှင့် Eleven တို့အား သီးခြားစီ တွေ့ ဆုံ၍ သတင်း မီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများ ကို ပြန်လည် ဖြေကြားခဲ့သည်။

ထိုသို့ တွေ့ဆုံ မေးမြန်းခဲ့သည့် သတင်း မီဒီယာများမှ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က 7 day မီဒီယာနှင့် တွေ့ဆုံစဉ် သိရှိလို သည့် မေးမြန်းမှုများအပေါ် ပြန်လည် ဖြေကြားချက် အပြည့်အစုံအား ပြည်သူ အများ သိရှိနိုင်ရန် အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်-

7 Day - ပထမဆုံးမေးချင်တာက အခုဆိုရင် ဗိုလ်ချုပ်မှူးကြီး နိုင်ငံတော်ရဲ့ အရမ်းကို အရေးကြီးတဲ့ တာဝန်ဖြစ်တဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အနေနဲ့ တာဝန်ထမ်း လာတာ လေးနှစ်ကျော် ငါးနှစ်ထဲ ရောက်လာပါပြီခင်ဗျ။ ဒီကာလအတွင်းမှာ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီးတော့ သုံးသပ်မယ်ဆိုလိုရှိရင် ဘယ် အပိုင်းတွေကိုအားရပါသလဲ။ ဒါမှ့မဟုတ်အားမရတဲ့ အပိုင်းတွေရှိမယ်ဆိုရင် တစ်ချက်လောက် ပြန်ပြီးတော့ ပြောပြ ပေးစေချင်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး - တာဝန်တော့တော်တော်ကြီးတာအမှန်ပဲလုပ်ရတဲ့ အပိုင်းမှာ တပ်မတော်ရဲ့ကဏ္ဍ ကတော့ နိုင်ငံတော်ကာကွယ်ရေးကတော့ အဓိကအရေးကြီးဆုံးပေါ့။ ကာကွယ်ရေးအတွက် ကာကွယ်ရေး စွမ်းပကားတွေရှိအောင်လုပ်ရတဲ့တာဝန်တွေရှိပါတယ်။ တပ်မတော်ကိုခေတ်မီ တပ်မတော်တစ်ရ ပ်ဖြစ်အောင် တကယ့် ကာကွယ်ရေး တကယ့်စွမ်းရည်ရှိတဲ့ တပ်မတော် တစ်ရ ပ်ဖြစ်အောင်လို့ ကြိုးစားလုပ်ကိုင် ရတာရှိပါတယ်။ 



ဒါနဲ့ပတ်သက်ပြီးတော့ လူပိုင်းဆိုင်ရာရှိတယ် နောက်တစ်ခါကာကွယ်ရေး ပစ္စည်းပိုင်း ဆိုင်ရာ ရှိတယ်။ နှစ်ပိုင်းရှိပါတယ်။ လူပိုင်းမှာဆိုရင် လူ့ရဲ့စွမ်းရည်တိုးတက်အောင် လုပ်ခဲ့ရတာရှိတာပေါ့...ဒါလည်း တော်တော့ကို အားထည့်ပြီး လုပ်နိုင်ခဲ့တယ်။ ကျေနပ်ဖွယ်ရာလည်းရှိပါတယ်။ နိုင်ငံတော်ကာကွယ်ရေး စွမ်းပကားနဲ့ပတ်သက်တဲ့ လက်နက်ကာကွယ်ရေးပစ္စည်းနဲ့ ပတ်သတ်ရင်လည်း နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေ ရရှိတဲ့ အပေါ်မူတည်ပြီးတော့ လုပ်ခဲ့ရတာတွေ ရှိပါတယ်။ ပြောရဲပါတယ်။ နိုင်ငံတော်၊ တပ်မတော်အနေနဲ့ ကာကွယ် ရေးပိုင်း အနေနဲ့ဆိုလို့ရှိရင်တော့ ဒေသအတွင်းမှာတော့ တကယ့်ကိုလုံလုံ ခြုံခြုံဖြစ်အောင်ကာကွယ်နိုင်ရုံနဲ့ စွမ်းရည်တွေရအောင် လုပ်နိုင်ခဲ့တယ်လို့ယူဆပါတယ်။ ဒါတော့ တပ်မတော်က တိုက်ရိုက် သက်ဆိုင်တဲ့ အပိုင်းပေါ့။ နောက်တစ်ခုကျတော့ တို့တိုင်းပြည်မှာ ထူးခြားတာကတော့ ပြည်တွင်းလက်နက်ကိုင် တိုင်းရင်းသား ပဋိပက္ခ တွေရှိတာပေါ့။ 

ဒီနှစ်အတွင်းမှာ သမ္မတကြီးရဲ့ ဦးဆောင်မှုနဲ့ တိုင်းပြည်တည်ငြိမ် အေးချမ်းအောင် တို့လုပ်ခဲ့တာတွေ၊ ကြိုးစားခဲ့ တာတွေရှိတယ်။ ၂၀၁၁ ခုနှစ်အခြေအနေနဲ့စာရင် ယခုအခြေ အနေဟာအများကြီးကို ပြောင်းလဲသွားတယ်။ သို့သော်လည်းပဲ လုံးဝချုပ်ငြိမ်းသွားလားဆိုတဲ့ အဲဒီအဆင့် ကိုတော့ မရောက်သေးဘူး။ ဒီလိုအခြေအနေမျိုးကိုရောက်အောင်ကို တပ်မတော်အနေနဲ့ ဆောင် ရွက်ပေးနိုင်ခဲ့ တာတော့ အားရစရာ ကောင်းတဲ့အခြေအနေ တစ်ခုပေါ့။ နောက်တစ်ခု ကတော့ပြည်သူတွေရဲ့ အကျိုးဖော် ဆောင်ပေးတဲ့ အပိုင်းပေါ့။တို့ရဲ့တပ်မတော်သားတွေဆိုတာ ပြည်သူကြားကပေါက်ဖွား လာတဲ့လူဖြစ်တာပေါ့။ တပ်မတော်သား တွေဆိုတာ တိုင်းရင်းသားမျိုးစုံပါတဲ့ တပ်မတော်သားတွေဖြစ် ပါတယ်။ဒါကြောင့် ပြည်သူရဲ့ အကျိုးစီးပွားကိုလည်း ဖော်ဆောင် ပေးတာပေါ့။ သဘာဝဘေး အန္တရာယ်တို့ ဘာတို့ဖြစ်လာရင်လည်း တကယ့်ထိပ်ဆုံးကနေ သွားပြီးတော့ လုပ်ပေးကြရတာပေါ့။ 

ဒါခိုင်းမှမဟုတ်ဘူး တို့ရဲ့အသိတရားနှင့်ကို လုပ်ကြရတာပေါ့။ Institution ပေါ့၊ ခိုင်မာတဲ့ Institution ဖြစ်အောင်ကျတော့ တကယ့်စနစ်ကျတဲ့ အင်နဲ့အားနဲ့လုပ်နိုင်တာ ဒီအဖွဲ့အစည်းပဲရှိတယ်။ ဒါကြောင့် အရေးပေါ်ဖြစ်လာတဲ့ ကိစ္စရပ်တွေကို တပ်မတော် က ထိပ်ဆုံးကနေသွားပြီးတော့ လုပ်ပေးကြရတယ်။ ဒါကလည်း တို့အတွက် အားရစရာတစ်ခုရှိတာပေါ့။ ဒါဟာပြောရင် တပ်မတော်ရဲ့အစဉ်အလာပေါ့။ တပ်မတော်ရဲ့အစဉ်အလာ (၁၂)ရပ်ကို လုပ်နိုင်ခဲ့တဲ့ အနေအထားပေါ့။ နောက်တစ်ခုကဘာလဲဆိုရင် ကျန်းမာရေးစောင့်ရှောက်မှုပေါ့၊ ပြည်သူ့အကျိုး စီးပွားကို ဦးဆောင်ပေးတဲ့ လုပ်ငန်းလေးပေါ့။ ဒါကလည်း ကိုယ်တို့ လုပ်ပေးနိုင်ခဲ့တယ်။ ဒါကလည်း တစ်လောက ကိုယ်ပြောခဲ့ပါတယ်။ လူဆိုတာ တိုင်းပြည်အတွက်လူတိုင်းကတော့ တိုးတက်ချင်တဲ့ စိတ်ရှိတယ်။ ဒါပေမဲ့ တိုးတက်ချင်တဲ့အတွက် အလုပ်လုပ်ဖို့လိုမယ်။ အလုပ်လုပ်ဖို့ ကျန်းမာဖို့လိုတယ်။ တခြားတွေ ပြည့်စုံဖို့ဟာတွေ ကတော့ အများကြီးရှိတာပေါ့လေ။ ငွေကြေးတို့ဘာတို့ အတတ်ပညာတို့ဘာတို့ရှိမှာပေါ့လေ။ သို့သော်လည်းပဲ မကျန်းမာရင် တော့ပေးအလုပ်လုပ်လို့မရဘူး။ အလုပ်မလုပ်ရင် သူထမင်းစားဖို့ ခက်သွားပြီ။ အဲဒီတော့ ကျန်းမာရေးအတွက် လိုအပ်ချက်ရှိရင် အဲဒီအတွက်ပြည်သူတွေရဲ့ ကျန်းမာရေးကိစ္စတွေကို အစိုးရလုပ် သလိုပဲ အစိုးရပဲလုပ်နိုင် တဲ့ကိစ္စရပ်တွေကိုပါ တို့က၀ိုင်းပြီးတော့ အင်နဲ့အားနဲ့ ဖြည့်ပေးတာပေါ့။ တကယ်တမ်းတော့ ဥာဏ်ပညာပါပဲ။ 

ဆရာဝန်တွေ၊ သူနာပြုစုတာဆိုတော့ ဥာဏ်ပညာပေါ့။ ဆေးဆိုတာလဲ နိုင်ငံတော်က ကာကွယ်ရေးအတွက်ဝယ်ပေးထားတဲ့ ဆေး၊ စည်းရုံးရေးဆေးတွေရှိတယ်။ လှူထားတဲ့ ဆေးတွေရှိတယ်။ ဒါတွေနဲ့ အကူအညီပေးတာပေါ့။ 

ဒါတွေပေါင်းစပ်ပြီး လုပ်ပေးတဲ့ အခါကျတော့ ပြည်သူတွေရဲ့ ကျန်းမာရေး ကောင်းပြီးတော့ အလုပ်လုပ်နိုင်တဲ့ အခွင့်အရေးတွေရတော့။ ဒါလည်း ကိုယ့်အတွက် ကျေနပ်စရာတစ်ခုပဲ။ ပြောမယ်ဆိုရင်တော့ ကာကွယ်ရေးအတွက် လုပ်နိုင်တာရှိတယ်၊ ငြိမ်းချမ်းရေးအတွက်လုပ်နိုင်တာရှိတယ်၊ ပြည်သူ့အကျိုးစီးပွားဖော်ဆောင်ပေးနိုင်ခဲ့တာတွေဟာ ကိုယ့်အတွက် အောင်မြင်မှုရဲ့ တစ်ခုလို့ကို ပြောရမှာပေါ့။ နောက်တစ်ခုကတော့ လိုအပ်ချက်ဘာလဲ၊ အားနည်းချက်ဘာလဲ ဆိုရင်တော့ စိတ်သွားတိုင်း ကိုယ်မပါတဲ့ ဟာပေါ့။ ကိုယ်လုပ်ချင်တာ အကုန်လုံးအပြည့်အ၀ မလုပ်နိုင်တာ။ ဒါကျတော့လည်း လိုအပ်ချက် ရှိနေတာပေါ့။

7 Day - ဘယ်လိုဟာမျိုးတွေလဲ မသိဘူးနော် ဗိုလ်ချုပ်မှူးကြီး။

ဗိုလ်ချုပ်မှူးကြီး - ဥပမာအားဖြင့် ခုနက ငြိမ်းချမ်းရေးကိစ္စပေါ့ ကိုယ်တို့က ဖြစ်ချင်တာပေါ့၊ တအား ဖြစ်ချင်တာပေါ့။ ဒါပေမဲ့ တစ်ဖက်အဖွဲ့အစည်းတွေဟာ လိုအပ်ချက်တွေ သူတို့ပြောလာတဲ့ အခါကျမှ ကိုယ်တို့ပြန်ပြီးတော့ညှိနှိုင်းပြောရတာ ကိုယ်တို့တပ်မတော်ဟာ ပြောလို့ရှိရင်တော့ ငြိမ်းချမ်းရေး လုပ်တယ် ဆိုတာ အမျိုးသားရေးအတွက်လုပ်တာပါ။ တိုင်းပြည်မျက်နှာကို ကြည့်ပြီးလုပ်တာပါ။ တိုင်းပြည်မျက်နှာပေါ့။ တိုင်းပြည်ရဲ့နိုင်ငံရဲ့ တကယ့်တည်ငြိမ်အေးချမ်းမှုကို အမှန်တကယ် ဖြစ်နိုင်ဖို့ .. နောက်တစ်ခါ တို့သွားတဲ့ လမ်းကြောင်း ပါတီစုံ ဒီမိုကရေစီ လမ်းကြောင်းပေါ့။ ဒီပေါ်မှာ မှန်မှန်ကန်ကန်သွားနိုင်ဖို့ အတွက်သူတို့ လုပ်တာပေါ့။ 

ဒီပေါ်မှာ လိုသလိုပါမလာတဲ့အခါကျတော့ အားမရဘူးပေါ့။ အားမရသလိုဖြစ်တာပေါ့။ ထို့အတူပါပဲ ကိုယ်တို့ဘယ်လောက်ပင်လုပ်လုပ် တချို့မှာ ပြည်သူပိုင်းက နေပြီးတော့ တစ်မျိုးမြင်တာလေးတွေရှိတယ်။ ဒါအမှန်ပဲဖြစ်နေတာ။ ဒါလည်း ကိုယ်တို့အနေနဲ့လည်း နားလည်ပါတယ်။ သူတို့လည်းခံစားချက်တွေ အမျိုးမျိုး ရှိမှာပေါ့။ ၁၉၆၂ ခုနှစ်ကနေ ၁၉၇၄ ခုနှစ် တော်လှန်ရေး ကောင်စီခေတ်၊ စစ်အစိုးရအနေနဲ့ နေခဲ့ကြတာ။ ၁၉၇၄ ကနေပြီးတော့ ၁၉၈၈ ထိက လမ်းစဉ်ပါတီ အစိုးရခေတ်၊ ဒီမှာလည်းဗဟိုချုပ်ကိုင်မှုနဲ့ တွေ့ခဲ့ရတယ်။ ၁၉၈၈ ကနေပြီးတော့ ၂၀၁၁ ခုနှစ်ထိ တပ်မတော်ရဲ့ဦးဆောင်မှုနဲ့နေခဲ့ရတဲ့အခါကျတော့ သူတို့မှာလူပုဂ္ဂိုလ်ရေး အရသော်လည်းကောင်း၊ စီးပွားရေးအရသော်လည်းကောင်း၊ နိုင်ငံရေးအရသော် လည်းကောင်း သူတို့ ခံစားချက်တွေလည်းရှိမှာပဲ။ ဒီအပေါ်မှာ ရှိတဲ့အခါကျတော့ တို့တပ်မတော်အနေနဲ့ ဘယ်လောက်ပဲလုပ်လုပ် တို့အပေါ်မှာ တချို့နေရာမှာ အထင်အမြင်လွဲမှားမှုလေးတွေ ရှိတတ်ကြမှာပါ။ သူတို့လည်း ဒါကို အားမလို အားမရ ဖြစ်တာပေါ့။ ဒါလေးတွေတော့ရှိပါတယ်။ လုံးဝပြည့်စုံတယ်လို့ မဟုတ်ပါဘူး။

7 Day - အဲဒါကြောင့်လည်း အခု ဗိုလ်ချုပ်မှူးကြီးနောက်ပိုင်းမီဒီယာ နဲ့လည်းတွေ့ပြီးတော့ ပိုပြီးတော့ Transfering ရှိရှိလုပ်လာတာမျိုး သတိထားမိပါတယ်ဗျာ။ ဗိုလ်ချုပ်မှူးကြီး နောက်တစ်ခုက ကျွန်တော်တို့ နိုင်ငံအနေနဲ့  လက်ရှိအချိန်မှာရော နောက် ကျွန်တော်တို့အနာဂတ်ကာလမှာရော လုံခြုံရေးဆိုင်ရာ အဓိက ခြိမ်းခြောက်မှုတွေဆိုလို့ ရှိရင် ဘာတွေလို့ သုံးသပ်ပါလဲခင်ဗျာ။

ဗိုလ်ချုပ်မှူးကြီး - ဒီမှာကတော့စောစောကပြောတဲ့ အခုလက်ရှိလုံးဝ အပြည့်အစုံ မရသေးတဲ့ ငြိမ်းချမ်းရေးပဲ။ ငြိမ်းချမ်းရေးကတော့ တို့ရဲ့လုံခြုံရေးမှာတော့ ခြိမ်းခြောက်မှုတစ်ခုပဲ။ တိုင်းပြည်တည်ငြိမ် အေးချမ်းမှုဆိုတာကတော့ တရားဝင်တဲ့ လက်နက်ကိုင်တဲ့ အဖွဲ့အစည်းတွေပဲ ရှိဖို့လိုမယ်။ ဥပမာ- ရဲပေါ့ ရဲတပ်ဖွဲ့၊ တပ်မတော်၊ တရားဝင်ခွင့်ပြု ထားတဲ့အဖွဲ့အစည်းပေါ့။ ဒါတွေ ရှိဖို့လိုမယ်။ ဒါကြောင့်မို့ရှိရင် ဒါတွေဟာ အန္တရာယ်ရှိနိုင်တယ်။ နောက်တော့ ဘာသာရေးပေါ့။ ဘာသာရေး ပတ်သက်တဲ့ကိစ္စရပ်တွေမှာ ဘာသာရေး အစွန်းရောက်တဲ့ ဘာသာရေးဆိုတာကတော့ ပင်မကိုးကွယ်တဲ့ဘာသာရေးပဲရှိတယ်။ ဒီဘာသာပေါ် အကြောင်းပြုပြီးတော့မှ လှုံဆော်တဲ့ ဟာတွေရှိတယ်။ အစွန်းရောက်တွေကျတော့ သူတို့ ဟာမှသူတို့ဆိုတဲ့ အစွန်းရောက်ပြီးတော့ ပြောတဲ့စကားတွေရှိတယ်။ ဒါတွေဟာလည်း လုံခြုံရေးမှာ ခြိမ်းခြောက်မှုတစ်ခုပဲ။ နောက်တစ်ခါ တိုင်းရင်းသားအရေးပေါ့။ တိုင်းရင်းသားအရေး သူတို့အပေါ် တိုင်းရင်းသားနဲ့ပတ်သက်ပြီးတော့ အထင်တွေလွဲမှားအောင် ပြောဆိုတဲ့ဟာမျိုးကလည်း အန္တရာယ်တစ်ခုပေါ့။ ဒါတွေကတော့ အခြေခံဥပဒေမှာ သေချာပြဌာန်းပြီးတော့ လုပ်ပေးထားပြီးသားပါ။ သို့သော် ဒါကိုနားမလည်တဲ့အတွက်ကြောင့် ဒီပေါ်မှာ အထင်အမြင်တစ်မျိုး လွဲမှားပြီးတော့မှ သူတို့ကို အခွင့်အရေးမပေးဘူးလို့ ယူဆတဲ့ဟာတွေ၊ လှုံဆော်တဲ့ ဟာတွေ။ သို့သော် ဒါတွေဟာအနာဂတ် အတွက်လည်း အန္တရာယ်ရှိတယ်။ ဒါတွေကို သူတို့က အထင်အမြင် မလွဲအောင် သေချာရှင်းပြဖို့တော့လိုပါတယ်။ လုပ်ပြဖို့လည်းလိုတယ်။ ပါးစပ်နဲ့ရှင်းပြရုံနဲ့မရဘူး။ လုပ်လည်း လုပ်ပြရမယ်။ လက်တွေ့ကိုပြရမယ်။ ဒါ့ကြောင့်မို့ခင်ဗျားတို့ ကျွန်တော်တို့နဲ့ အတူတူပဲဆိုတာကို လုပ်ပြရမယ်။ ဒါဆိုလို့ရှိရင်တော့ ဒီဟာတွေကို ကျော်လွှားနိုင်မှာပါ။ စောစောဟာကတော့ တရားဥပဒေစိုးမိုးရေး၊ ခုနက ပြောတဲ့ ဘာသာရေးတို့၊ ဘာသာရေး အစွန်းရောက်တဲ့ ကိစ္စတို့၊ လက်နက်ကိုင်ပတ်သက်တဲ့ပြဿနာကတော့ တော်တော် သတိကြီးကြီးနဲ့လုပ်ရမယ့် ကိစ္စလို့ သွားမြင်တယ်။ ဒါတွေက တိုင်းပြည်အတွက်တော့ ခြိမ်းခြောက် မှုတစ်ခုပါပဲ။ ဒါတွေပေါ် မူတည်ပြီးတော့လဲ ပြည်ပရဲ့ ပြဿနာတွေလည်း ပါလာနိုင်တယ်လို့ ယူဆပါတယ်။ ဒါတွေကိုရှင်းနိုင်မယ်ဆိုရင်တော့ ပြည်ပကတော့ပါနိုင်မှာမဟုတ်ဘူး။ ဒါတွေမရှင်းတတ်ဘူး ဆိုရင်တော့ ပြည်ပကပါလာလိမ့်မယ်လို့ ယူဆလို့ရတယ်။

7 Day - နောက်..ကျွန်တော်တို့ အခုပြောလိုက်ကြတာ ကျွန်တော်တို့ နိုင်ငံတည်နေရာ မဟာဗျူဟာ ကျမှုကြောင့်ပဲ တချို့ အဲလိုပြောတာ ရှိတယ် ဗိုလ်ချုပ်မှူးကြီးကျတော့ ...။

ဗိုလ်ချုပ်မှူးကြီး - မှန်ပါတယ်။ ဒါတွေကလည်း ပထ၀ီနိုင်ငံရေးပေါ့။ ပထ၀ီနိုင်ငံရေး အရပေါ့။ ဒါတွေတော်တော်အရေးပါတယ်။ အင်အားကြီးနိုင်ငံ နှစ်ခုကြားမှာရှိတဲ့.. ပြောရင် အဲဒီနိုင်ငံနှစ်နိုင်ငံ စနစ် မတူကြတဲ့ နိုင်ငံတွေပဲဖြစ်တယ်။ နောက်.. လူမျိုးရေးနဲ့ပတ်သက်ရင်လည်း လုံးဝ ကွဲပြားခြားနားတဲ့ စရိုက် လက္ခဏာတွေဖြစ်နေကြတယ်။ အဲကြားတွေမှာ ကိုယ်တို့က နေရတယ်။ တော်တော်လေးကို အခက်အခဲ ရှိပါတယ်။ လူဦးရေသန်းပေါင်း ၁၆၀ ကျော်ရှိတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ.. သူလည်း လူဦးရေသိပ်သည်းမှု များပြီးတော့မှ သူတို့လဲ သူတို့အပေါ်မှာလည်း စိန်ခေါ်မှုတွေအများကြီးရှိပါတယ်။ အခုလည်း ကိုယ်တို့လည်း အဲဒီ စိန်ခေါ်မှုနဲ့ပတ်သက်ပြီး ကိုတို့မှာလည်းပြဿနာတွေရှိတယ်။ ဒါတွေက လုံခြုံရေးမှာလည်း ခြိမ်းခြောက်မှု တစ်ခုပါပဲ။ သတိထားရမယ့် ကိစ္စတစ်ခုပါပဲ။ တိုင်းပြည်မှာ တကယ်သာသိမယ်ဆိုလို့ ရှိရင် ဒီဟာကို သတိထား ပြီးတော့လုပ်နိုင်မှရမယ်ဆိုတာကို မြင်ပါလိမ့်မယ်။

7 Day - နောက်..ဗိုလ်ချုပ်မှူးကြီး ခုနကပြောတဲ့အထဲမှာ ဘာသာ ရေးနဲ့ပတ်သက်ပြီးတော့ ပြောတာ တွေ့တယ်။ နောက်ပထ၀ီဝင် အနေအထားအရကြောင့် အဲဒီအပိုင်းနဲ့ပတ်သက်ပြီးတော့ တပ်မတော်ကကျတော့ ရှေ့ပြင်ဆင်မှုတွေ၊ နောက်ပိုင်းမှာ အနေအထား ပြောင်းလဲမှုတွေကျတော့ ဘယ်လိုများ ပြောင်းလဲမှုတွေ လုပ်လာမလဲသိလား။

ဗိုလ်ချုပ်မှူးကြီး - ကိုယ်တို့ကတော့ နံပါတ်တစ်အချက် နိုင်ငံခြားရေး မူဝါဒ.. ကိုယ်တို့ နိုင်ငံခြားရေး မူဝါဒကတော့ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေ ထိုင်ရေးနဲ့ နိုင်ငံအားလုံးနဲ့ မိတ်မှုမပျက် ဆက်ဆံရေးလုပ်ပါတယ်။ နိုင်ငံ တိုင်းပေါ့။ 

အိမ်နီးနားချင်းနိုင်ငံတွေနဲ့လည်း ရင်းနှီးအောင်ပိုပြီးတော့ နေ တာပေါ့။ ကိုယ်ကအာဆီယံနိုင်ငံ ဖြစ်တယ်။ ဘင်းစတတ်အဖွဲ့ဝင်နိုင်ငံဖြစ် တယ်။ ဒီအတွက်ကြောင့်ဒေသတွင်းမှာ ပြဿနာတော့ ဖြစ်နိုင်ခြေ အင်မတန်နည်းပါတယ်။ နောက်တစ်ခါ အိမ်နီးချင်းနိုင်ငံ ဆက်ဆံရေးမှာ လည်း အိမ်နီးချင်းနိုင်ငံအနေနဲ့ တပ်မတော်ချင်း ပြောရမယ်ဆိုရင် TBC အောက်ခြေအဆင့် တပ်မတော်ရဲ့ အောက်ခြေစခန်းအဆင့် ဆက်ဆံရေးရှိတယ်။ အလယ်လတ် Regional အဆင့်တွေရှိတယ်။ High Level အဆင့်တွေရှိတယ်။ တပ်မတော်ခေါင်းဆောင်တွေ ဆက်ဆံတာ ရှိတယ်။ တိုင်းမှူး၊တပ်မမှူး level တွေနဲ့ ဆက်ဆံတာရှိတယ်။ အောက်ခြေ အဆင့် တပ်ရင်းမှူး၊ ဗျူဟာမှူး၊ ဆက်ဆံရေး လုပ်ဆောင်တာဆိုတော့ အိန္ဒိယရှိတယ်။ နောက်တော့က ခုထိဆိုရင် တစ်ချို့အစိတ်အပိုင်းရှိတယ်။ ထိုင်းဆိုရင်အပြည့်အ၀ရှိတယ်။ လာအိုဆိုရင် ရှိတယ်။ ဘင်္ဂလားဒေ့ရှ်ဆိုရင်တော့ မရှိသေးဘူး။ 

နယ်စပ်ဒေသကွပ်ကဲမှုအဖွဲ့တွေ ကတော့ ဆက်ဆံမှုရှိတယ်။ တရုတ်နဲ့လည်း တခြားအဆင့်မြင့်ဖို့လည်း ကိုယ်တို့ကြိုးစားဖို့ လည်းစဉ်စားပါတယ်။ သို့သော်လည်း KIA ရဲ့နယ်စပ်ဒေသ တည်ရှိမှု၊ ဟိုဘက်က “ ၀ ” ဘက်ကတည်ရှိမှု ဒါလေးတွေက ကြားထဲမှာ အဟန့်အတား လေးတွေဖြစ်နေတယ်။ အဲဒါတွေကို ကျော်လွှား သွားနိုင်မယ် ဆိုရင်တော့ နယ်စပ်ဒေသ စီမံခန့်ခွဲမှုတွေ အစိုးရကနေ သေသေချာချာ ထိထိရောက်ရောက် လုပ်နိုင်မယ်လို့ ယူဆပါတယ်။ အဲဒါဆိုရင် တိုင်းပြည် လုံခြုံရေးဟာ သိပ်အန္တရာယ် မရှိနိုင်ဘူး။

7 Day - ဗိုလ်ချုပ်မှူးကြီး လုံခြုံရေးနဲ့ဆက်စပ်ပြီးတော့ အခုကျွန်တော်တို့ ပြီးခဲ့တဲ့ရက်ပိုင်းက ၉ ရက်၊ ၁၁ ရက်မှာ ရှမ်းမြောက်ပိုင်း ကိုးကန့်နယ်မှာ တိုက်ပွဲဖြစ်တယ်ပေါ့နော်။ အဲဒီမှာတချို့အခု ပြည်သူ တွေ ကလည်း အကုန်လုံး ဒီဟာကိုစိတ်ဝင်စားနေပါတယ်ခင်ဗျ။ အဲဒီမှာ ကျွန်တော်တို့ ဖုန်ကြားရှင်တပ်ဖွဲ့က ငြိမ်းချမ်းရေး ပြောချင်တယ်ပေါ့နော်။ ဒါပေမဲ့ ဒီဘက်ကတော့ အဲဒီအဖွဲ့နဲ့လက်ခံစကား ပြောစရာ မရှိဘူးလို့ ပြောထား လိုက်တယ်။ အဲဒီလိုလည်းပြတ်ပြတ် သားသားပြောပြီးတော့ တော်တော်များများလည်း ပြောထားတယ် ပေါ့နော်။ တကယ်လည်း တိုက်ပွဲတွေဖြစ်တဲ့အချိန်မှာ ကျွန်တော်တို့ ဒီသတင်း ထုတ်ပြန်တော့ တပ်မတော်ဘက်က အကျအဆုံး တော်တော်လေး များထားတာ တွေ့ရပါတယ်။ အဲမှာတချို့က အားမလိုအားမရပြောတာ တကယ်ကို ဖြစ်လာနိုင်မယ်ဆိုတာသိရဲ့သားနဲ့ ဘာကြောင့်ဒီလိုဖြစ်တာလဲ။ သတင်းကိုကြိုမရလို့လား။ ဒီလောက်အများကြီး ၀င်လာတာကို ဘယ်လိုကြောင့်ဖြစ်တာလဲ။ နောက်ပြီးတော့ လက်နက်တွေ ကြောင့်လား၊ ခေတ်မီလက်နက်ကြောင့်လား၊ ဘာကြောင့်လဲဆိုတာမျိုးပြောနေကြတာ ရှိပါတယ်ခင်ဗျာ။ ဒါနဲ့ ပတ်သက် ပြီးတော့ ဗိုလ်ချုပ်မှူးကြီးအနေနဲ့ ပြည်သူတွေ ကိုပြောချင်တာကို ကျွန်တော်တို့ မီဒီယာကနေတဆင့် ပြောပေးစေချင်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး - ဖုန်ကြားရှင်နဲ့အဖွဲ့ဘာကြောင့်ဝင်လာသလဲဆိုတာ အဖြေဟာ ဖုန်ကြားရှင်က ၂၀၀၉ ခုနှစ်တုန်းက အဲဒေသမှာလက်နက် တရားမ၀င်လက်နက်ထုတ်လုပ်ပြီး မူးယစ်ဆေးဝါး ထုတ်လုပ်မှုနဲ့ ပတ်သက်ပြီးတော့ တပ်မတော်ကရှင်းထုတ်လိုက်တာပေါ့။ သူတို့ထွက်ပြေးသွားတာပေါ့။ နောက်တစ်ခုကတော့ အခုကိုးကန့်ဒေသ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာရှိနေတဲ့ အစိုးရဟာတရား ဥပဒေအရ ရွေးကောက်ထားတဲ့ အစိုးရဖြစ်တယ်။ 

ဖြစ်ရင်ပြောရ ရင် မြန်မာနိုင်ငံရဲ့အစိုးရအစိတ်အပိုင်းတစ်ခုဖြစ်တယ်။ ဒီအစိုးရကို လာတိုက် တာဟာ တို့နိုင်ငံကိုတိုက်တာနဲ့ အတူတူပဲ။ နိုင်ငံအစိုးရ ကိုတိုက်တာနဲ့အတူတူပဲ။ ဒါကြောင့်တပ်မတော် အနေနဲ့ဒါကို ပြတ်ပြတ်သားသားတိုက်ခိုက်တာပဲဖြစ်တယ်။ အဲဒီတော့ ခုနကမေးတဲ့အထဲမှာ မသိဘူးလား ဆိုတဲ့ဟာလေးကိုပေါ့ အဲဒီဒေသမှာနေတဲ့ ကိုးကန့်ပေါ့၊ ကိုးကန့်ကတော့ တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံရဲ့ ဆက်စပ်နယ်မြေထဲမှာရှိတယ်။ 

အဲဒီဒေသမှာနေတဲ့ ကိုးကန့်တိုင်းရင်းသားတွေဟာ ဟိုဘက်မှာလည်းတချို့ရှိတယ်။ မျိုးနွယ်တူ တွေရှိတယ်။ ဒီဘက်မှာလည်းရှိတယ်။ စီးပွားရေးလည်းတော်တော် များများက ဟိုဘက်ဒီဘက်လုပ်နေကြတာ ရှိတယ်။ အဲတော့ သွားဖို့လာဖို့အတွက်လည်း အကုန်လုံးက လမ်းကြောင်းတွေက အကုန်လုံးရှိတယ်။ ခြံစည်းရိုးခတ်ထားတာလည်း မဟုတ်ဘူး။ သူကကျောက်တိုင်ပဲ ရှိပြီးတော့မှ ဒါကမင်း တို့နိုင်ငံ ဒါကဒို့နိုင်ငံ ဆိုပြီးတော့ သတ်မှတ်ထားတဲ့အပိုင်းပေါ့။ ကူးလူးဆက်ဆံတာ အောက်ခြေ မှာတော်တော်လေးများများရှိတယ်။ ရှိတော့ကာ ဒီဟာကိုအခွင့်ကောင်း ယူပြီးတော့ နံပါတ်တစ် အချက် အခွင့်ကောင်းယူတာ၊ နံပါတ်နှစ်အချက် ကတော့ မျိုးနွယ်တူတာကို အခွင့်ကောင်းယူပြီးတော့ သူတို့မြေကြားထဲမှာ သူတို့ရှိခဲ့တာပေါ့။ နောက်တစ်ခါ သူတို့ဒီကိုးကန့်ဒေသရဲ့ ဆုတ်ခွာတဲ့အချိန်မှာ သူတို့နဲ့ မကင်းရာမကင်းကြောင်းတွေ လည်း လောက်ကိုင်ဒေသမှာ ကျန်ခဲ့တယ်။ 

သူတို့လည်း အဆက်အသွယ် တစ်နည်းမဟုတ် တစ်နည်းရှိမှာပဲ။ နောက်တစ်ခါမှာ သူတို့ရဲ့အကျိုးစီးပွားတွေ လုပ်နေတာတွေလည်း ရှိတယ်။ အဲဒီမှာအများဆုံးကဖြင့် ကုန်ထုတ်လုပ်ငန်းဆိုရင် ပြောင်းစိုက်တယ်၊ ကြံစိုက်တယ် နောက် ရော်ဘာစိုက်တယ် နောက်အမြင့်ဆုံးဒေသတွေမှာ လက်ဖက်ခြောက်စိုက်တယ် စိုက်ပျိုးရေးလုပ်ငန်းပေါ့။ ဒါတွေတော်တော်များ များက နှစ်ဖက်မှာရှိတဲ့လူတွေ လုပ်နေကြတဲ့ဟာတွေဖြစ်တယ်။ အကုန်လုံးကရော နေတာဖြစ်တယ်။ နောက်တစ်ခါတခြားအားပေး အားမြောက်ပြုတဲ့ လမ်းကြောင်းတွေလည်းရှိနိုင်ပါလိမ့်မယ်။ ဒီလမ်းကြောင်း တွေကို အသုံးချပြီးတော့မှ အင်အားကိုတည်ဆောက်သွားတာပါ။ အဲဒီတော့ တိုက်တဲ့၊ ခိုက်တဲ့ နေရာမှာလည်း ထူးခြားတယ်။ ကိုယ်တို့ တစ်နေ့ကသတင်းထဲမှာ ထည့်ရေးလိုက်တယ်။ သူတို့တော်တော် လေး လက်နက် တော်တော် များများသုံးထားတာကိုတွေ့တယ်။ ဘာကြောင့်သုံးနိုင်လဲဆိုတာအဖြေပေါ့။ အဲဒီမှာ ငွေဘယ်က ရလဲပေါ့။ လက်နက်ဆိုတာတော့ အလကားတော့မရဘူးငွေ ပေးဝယ်မှရမှာ။ ဒီငွေတွေ ဘယ်ကရလဲ ဒါအဖြေက ရှင်းရှင်းလေးပဲ တရားမ၀င်ကုန်သွယ်မှုလမ်းကြောင်း ကနေရတဲ့ငွေတွေပဲဖြစ်မှာပေါ့။ 

အရင်ကတည်းက ရခဲ့တဲ့ငွေရှိမယ်။ အခုရနေတဲ့ငွေရှိမယ်။ အရင်တုန်းကရတဲ့ငွေ သူတစ်နေရာရာ မှာသိမ်းထားလိမ့်မယ်။ သိမ်းထားပြီးတော့ ထုတ်သုံးတာပဲဖြစ်မှာပေါ့။ အဲဒီငွေတွေစောစောက ကိုယ်ရှင်းပြတဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်မှုတို့ လက်နက်၊ခဲယမ်း၊ မီးကျောက်ကနေရတဲ့ ပိုက်ဆံတွေလို့ပဲ ပြောရပါလိမ့်မယ်။ အခုရတဲ့ ပိုက်ဆံတွေလည်း ဒီလမ်းကြောင်းကရတဲ့ ပိုက်ဆံတွေလည်း ပါနိုင်သလို တခြားလမ်းကြောင်းကရတဲ့ အထောက်အပံ့တွေလည်း ဖြစ်နိုင်တာပေါ့။ ဒီအပေါ်မှာ သူတို့အသုံးချပြီးတော့ လိုအပ်တဲ့လက်နက်၊ ခဲယမ်း၊ မီကျောက်တွေကိုရှာမှာပေါ့။ နယ်စပ်ဒေသတွေမှာ ဒါတွေက ပိုက်ဆံပေးရင်ရနိုင်တာကို ရခဲ့တယ်ဆိုရင် ဒါတွေကိုအသုံးချပြီး လုပ်မှာပေါ့။ နောက်ပြီးတော့ရှိရင်လည်း သူတို့မှာလည်း သူတို့ကူညီမယ့် အဖွဲ့အစည်း တွေရှိနိုင်ပါတယ်။ သူတို့မှာလည်းသူတို့ ကိုယ်တိုင်ကလည်း တချို့တွေ အတွေ့အကြုံရှိတဲ့သူတွေပါ။ သူတို့ ကူညီပေးနိုင်တဲ့အဖွဲ့အစည်း၊ ပုဂ္ဂိုလ် တွေလည်း ရှိနိုင်ပါတယ်။ ဒါတွေကိုအသုံးချပြီးတော့မှ သူတို့ဒီတိုက်ပွဲကို ဖန်တီးတယ်လို့ ယူဆပါတယ်။

7 Day - ဒီကူညီတဲ့အဖွဲ့ထဲမှာ သတင်းထုတ်ပြန်ထဲမှာရော ကျွန်တော်တို့ ကိုးကန့်ဘက်ကလည်း တရားဝင် ပြောတာတွေ ရှိတာ ဆိုတော့လေ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တချို့ပါတယ်ဆိုတော့ အဲဒီအတွက်ကိုရော ဘယ်လိုများ တုန့်ပြန်မှုများရှိမလဲ၊ ဘယ်လိုများ ဖြေရှင်းမလဲ ဟုတ်ကဲ့။

ဗိုလ်ချုပ်မှူးကြီး - ငြိမ်းချမ်းရေးလို့ပြောကြတယ်။ငြိမ်းချမ်းရေး၊ အပစ်အခတ်ရပ်စဲ ရေးလို့ ပြောပြီးတော့မှ ခုလိုလာတိုက်တယ်ဆို တကယ်ကသူတို့ရဲ့ Intention ကမဟုတ်တော့ဘူး။ ငြိမ်းချမ်းရေး နဲ့ပတ်သက်ပြီး တော်တော်အလှမ်းဝေးမယ့် သဘောရှိပါတယ်။ သူတို့ကူညီတဲ့ အဖွဲ့အစည်းပေါ့ သူတို့တရားဝင်ပြောတဲ့ TNLA၊ နောက်တစ်ခါ AA အဖွဲ့ပေါ့ SSA အဖွဲ့ပေါ့၊ သူတို့လုပ်နေတယ်လို့ သူတို့ပြောတာ ပေါ့။ သူတို့လည်း Confirm လုပ်တုန်းရှိပါသေးတယ်။ သို့သော်လည်း သူတို့ပြောတယ်ဆိုကတည်းက သူတို့ကတစ်ဖက်က ငြိမ်းချမ်းရေးလို့ ပြောတယ်။ ပြီးရင် ဒီကတိုက်တယ်လို့ပြောတယ်။ ပြီးရင်ဒီကတိုက်တယ်လို့ ပါတယ်ဆိုကတည်းက သူတို့ရဲ့ Intention သည် မရိုးသားဘူးဆိုတာ သွားဖော်ပြနေတယ်။ ဒါငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး အလှမ်းဝေးမယ့် သဘော၊ သူတို့အဖွဲ့အစည်းနှင့် ပတ်သက်ရင်တော့ အလှမ်းဝေးမယ့် သဘောတော့ရှိတာပေါ့။ ဘယ်လိုမှ လက်ခံလို့မရဘူး အခုဒီဟာနဲ့ ပတ်သက်ပြီးတော့ ဘယ်တိုင်းရင်းသားအဖွဲ့အစည်းမှလည်း လက်မခံဘူး။ ပြည်တွင်းမှာရှိတဲ့ ဘယ်အဖွဲ့အစည်းမှလည်း လက်မခံဘူး၊ ဘယ်ပုဂ္ဂိုလ်မှလည်း လက်မခံဘူး၊ အကုန်လုံးက ဒါကို ဆန့်ကျင်နေတဲ့ဟာကို ပြန်ကြား ရမှာပါ။

7 Day - ကျန်တဲ့အဖွဲ့အနေနဲ့ကတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကတော့ ပုံမှန်အတိုင်းပဲ လုပ်နေမှာပါနော်။

ဗိုလ်ချုပ်မှူးကြီး - လုပ်မှာပါပဲ၊ ကိုယ်တို့က အောင်မြင်အောင်လုပ်ပါ့မယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ တိုင်းပြည်တစ်ခုရဲ့ တိုးတက်မှုဆိုတာ တည်ငြိမ်အေးချမ်းမှုမရှိဘဲနဲ့ ဘယ်လိုမှမဖြစ်နိုင်ဘူး။ တည်ငြိမ် အေးချမ်းမှု ဆိုတာ တရားဥပဒေစိုးမိုးမှုရော လုံခြုံရေးအပိုင်းရော တရားဥပဒေစိုးမိုးမှုဟာ ယခုဖြစ်ပျက်နေတဲ့ ကိစ္စတွေ ကတော့ အုပ်ချုပ်ရေးအဖွဲ့အစည်းဖြစ်တဲ့ ရဲတို့ ဘာတို့လုပ်နေကြမှာပေါ့။ ဒါပေမဲ့ လုံခြုံရေး နဲ့ပတ်သက်ရင်တော့ တချို့ တပ်မတော်နှင့်ဆိုင်တဲ့ကိစ္စ တပ်မတော်ကလုပ်မှာပေါ့။ တချို့ ရဲနှင့်ဆိုင်တဲ့ကိစ္စရဲကလုပ်မှာပေါ့။ သို့သော် လည်း များသောအားဖြင့်တော့ လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့အစည်းနဲ့ ပတ်သက်ပြီးတော့ ကိစ္စဆိုတော့ တပ်က၀ိုင်းပြီးတော့ လုပ်ရမယ့်သဘောရှိပါတယ်။ ဒါကြောင့် ကိုယ်တို့အနေနဲ့ ရအောင်လုပ်မယ်။ ရအောင် လုပ်ပြီးတော့ တိုင်းပြည်တည်ငြိမ်အေးချမ်းမှသာ တိုးတက်ရေးကို သွားနိုင်မှာ။ ဒါမှလည်းအခု သွားနေတဲ့ ပါတီစုံ ဒီမိုကရေစီလမ်းကြောင်းဆိုတာ အဓိပ္ပာယ် ရှိလိမ့်မယ်။ ဒါကြောင့်မဟုတ်ရင် အဓိပ္ပာယ်ရှိမှာ မဟုတ်ဘူး။

7 Day - နောက် . . အခုတိုက်ပွဲနဲ့နွယ်ပြီး တော့လေ သတင်း ထောက်လှမ်းတဲ့ အပိုင်းမှာရယ် ၊ ဒီတပ်ရဲ့ တိုက်ခိုက်တဲ့ စွမ်းရည်နှင့် ပတ်သက်ပြီးတော့ တချို့ဝေဖန်တဲ့ အပိုင်းတွေ ရှိပါတယ်။ အဲဒီဟာနဲ့ ပတ်သက်ပြီးတော့ ဗိုလ်ချုပ်မှူးကြီး အနေနဲ့ ဘာများပြန်ပြီးတော့ ဖြေကြားလို ပါသလဲခင်ဗျာ။

ဗိုလ်ချုပ်မှူးကြီး - သတင်းအနေနဲ့ ကိုယ်တို့ရပါတယ်။ မရတာ မဟုတ်ပါဘူး။ တချို့အပိုင်းတွေမှာ ကျတော့ ကိုယ်တို့ တော်တော်လေး ချင့်ချင့်ချိန်ချိန် လုပ်ရတဲ့အပိုင်းတွေ ရှိပါတယ်။ သတင်း ရတာတော့ ၂ဝ၁ဝ ပြည့်နှစ် ကတည်းက သူတို့တွေနဲ့ ပတ်သက်ပြီးတော့ သတင်းတွေ တစ်လျှောက်လုံး ရခဲ့ပါတယ်။ တိုက်ပွဲ တွေလည်း ဖြစ်ခဲ့တယ်။ တစ်ဖက်ကလည်း အတင်းအဓမ္မ တိုက်လို့မရဘူး ဆိုတာ နိုင်ငံတော်ရဲ့ အစိုးရရဲ့ မူအရ ငြိမ်းချမ်းရေး သွားနေတဲ့အချိန် ထိုးစစ်တွေနဲ့ ပတ်သက်ပြီး ကိုယ်တို့ဘာမှ မလုပ်ဘူး မိမိရဲ့ ကာကွယ်ရေး အတွက်ပဲ မိမိကိုယ်ကို မိမိခုခံပိုင်ခွင့်ဆိုတဲ့ အနေအထားကိုပဲ ကိုယ်တို့ လုပ်တာပါ။ အဲဒီမှာ နှစ်ပိုင်းလုပ် တယ်။ တပ်ပိုင်းဆိုင်ရာ ခုခံကာကွယ် ပေးတဲ့ နိုင်ငံတော် အစိုးရရဲ့အစိတ်အပိုင်း တည်ငြိမ် အေးချမ်းမှုကို ထိခိုက်စေတဲ့ဟာတွေ ကာကွယ်ပေးတာတွေ ရှိတယ်။ ရပ်ရွာ အေးချမ်းသာယာရေး နဲ့ပတ်သက်တဲ့ ကျေးရွာတွေ လုံခြုံရေးတို့၊ မြို့လုံခြုံရေးတို့၊ ရဲနဲ့ပတ်သက်တဲ့ အဖွဲ့အစည်း လုံခြုံရေးတို့၊ သူတို့နဲ့ ပတ်သက်တဲ့ အရေးကြီးတဲ့ အဆောက်အအုံတို့၊ အရေးကြီးတဲ့ နေရာတွေ လုံခြုံရေးနှင့် ပတ်သက်တာ တပ်မတော်က တချို့ယူပေးရတာ ရှိတယ်။ ဒါကို ထိခဲ့မယ်ဆိုရင် တိုက်ရတာ ရှိပါတယ်။ ဒါကြောင့် ဖြစ်စဉ်တွေကို ကြည့်မယ်ဆိုရင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ ရှိတဲ့ ဌာနချုပ်တွေမှာ တစ်ခုမှမရှိဘူး။ သူတို့နှင့် အလှမ်းဝေးတဲ့ နေရာ အုပ်ချုပ်မှုနှင့် အလှမ်းဝေးတဲ့ နေရာတွေမှာ ဖြစ်တာ သွားတွေ့လိမ့်မယ်။ အဲတော့ ကိုယ်တို့ကသာ လျှောက်တိုက် နေမယ်ဆိုရင် ငြိမ်းချမ်းရေးကို အများကြီး လုပ်နေတဲ့ ကိစ္စရပ်တွေကို အများကြီး ထိခိုက်မယ်။ ဒီတစ်ဖွဲ့ ကြောင့် ကျန်တဲ့ကိစ္စတွေမှာ ထိခိုက်သွားနိုင်တဲ့ အတွက်ကြောင့် ကိုယ်တို့ တော်တော်လေး သတိထားပြီးတော့ လုပ်တဲ့ အစိတ်အပိုင်းလေး ရှိပါတယ်။ နောက်တော့ကာ စစ်နည်းဗျူဟာ ကျင့်သုံးမှု အပိုင်းပေါ့။ ဒါကတော့ရန်သူ၊ ဥတု၊ မြေအနေအထား ဆိုတာရှိတယ်။ ရန်သူရဲ့ အနေအထား၊ ရာသီဥတုရဲ့ အနေ အထား၊ မြေအနေအထား စစ်ရဲ့ သဘောတရားမှာ ဒီသုံးချက်ကိုတော့ အများကြီး ကြည့်ရတာပေါ့။ ဒီပေါ်မှာ မူတည်ပြီးတော့ ဖြစ်တာ။ အခု အကျအဆုံး များတဲ့ တိုက်ပွဲ တစ်ပွဲဆိုရင် ကားလမ်းပေါ်မှာ သွားရင်းနဲ့ သတ်ကွင်းထဲကို ဝင်သွား ပြီးတော့မှ ပုံသေပစ်ကြောင်း ပေါ်မှာ လုပ်လေ့လုပ်ထ ဖြစ်လို့ အကျအဆုံးများ တာပါ။ ကျန်တဲ့နေရာ တွေမှာတော့ မရှိပါဘူး။ ဒါပေမဲ့ ကိုယ်တို့ ရဲဘော်တွေ တပ်မတော်သား တွေကတော့ ဒီတိုင်းပြည်နဲ့ အစိုးရရဲ့ အချုပ်အခြာ အာဏာပိုင် ဆိုင်မှုကို ထိခိုက်လာတော့ အသက်စွန့်ပြီး ကာကွယ်မယ် ဆိုတဲ့စိတ်နဲ့ လုပ်တဲ့လူတွေဖြစ်ပါတယ်။ အလကားတော့ အသေမခံဘူး။ သွားပြီးတော့ ဒီအတွက် အသေခံပြီး လုပ်တာ ဖြစ်ပါတယ်။ ခုနက တစ်ချက်ပေါ့ ဖြေချင်တယ်။ အဲမှာလည်း အထိအခိုက် အကျအဆုံး များဆိုလို့ လိုအပ်တဲ့ ပစ်ကူတွေ ကိုယ်တို့ တော်တော်များ လုပ်တယ်။ ရဟတ်ယာဉ်နဲ့ လည်းပစ်တယ်။ လေယာဉ်နဲ့လည်း ပစ်တယ်။ ဒါတွေ က ချိန်ဆရတယ်။ နယ်စပ်ဒေသနှင့် သိပ်နီးတဲ့ ကိစ္စမှာကျတော့ တော်တော်လေး ချိန်ဆရတယ်။ ဒီလိုလုပ်မယ့် အကြောင်းကိုလည်း သက်ဆိုင်ရာ နိုင်ငံကို အသိပေးပါတယ်။ စစ်သံမှူး အသိပေးတယ်၊ နိုင်ငံခြားရေး ဝန်ကြီးဌာနကို အသိပေးတာတွေ လုပ်တယ်။ ဟိုဘက်မှာလည်း အသိပေးတယ်၊ ဒီဘက်မှာလည်း အသိပေးတယ်။ တော်တော်လေး ချိန်ဆရတယ်။ ဒီကိစ္စက ဒါတွေက အချိန်မရွေး အထင်အမြင် လွဲမှားပြီးတော့ ပြဿနာတွေ ဖြစ်သွားနိုင်တဲ့ ဟာတွေရှိပါတယ်။ ဖြစ်တဲ့နေရာပေါ့ နောက်ဆုံး အပြင်းအထန်ဆုံး ဖြစ်တဲ့နေရာ ဆိုလို့ရှိရင် နယ်စပ်နဲ့ အင်မတန် ကပ်တဲ့နေရာ ဖြစ်ပါတယ်။ မြေပုံပေါ်တွင် ကြည့်လိုက်ရင် တွေ့ပါလိမ့်မယ်။ နီးနီးလေးပဲ ကားနဲ့ ထွက်သွားရင် လမ်းကြောင်းတွေလည်း အများကြီးပဲ ပြဿနာမျိုးစုံ ရှာလို့ရတဲ့ နေရာတွေဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကိုယ်တို့လည်း သတိကြီးစွာ ထားပြီးတော့မှ တော်တော် စွန့်စွန့်စားစား လုပ်နေရတယ် ဆိုတာလေး ဖြည့်ပြောချင်ပါတယ်။

7 Day - ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။ ပြီးခဲ့ အပတ်က စင်ကာပူ ဝန်ကြီးချုပ်ဟောင်း ဂိုချောက်တောင်နဲ့ ဗိုလ်ချုပ်မှူးကြီးနဲ့ တွေ့ပါတယ်ခင်ဗျ။ အဲမှာ ကျွန်တော်တို့တပ်ရဲ့ စီးပွားရေးနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ ဗိုလ်ချုပ်မှူးကြီး က ပြောတာတွေ ရှိပါယ်။ နောက်ပိုင်းမှာ ဖြည်းခြင်းချင်း နဲ့ အများပိုင်ပုံစံမျိုး ပြောင်းသွားဖို့ ရှိတယ်လို့ ပြောပါတယ်ခင်ဗျ။ ဘယ်လိုပုံစံမျိုး ပြောင်းသွားမယ် ဆိုတာလေး တစ်ချက်လောက် အသေးစိတ်ကလေး တစ်ချက် ပြောပြ ပေးပါလားခင်ဗျ။

ဗိုလ်ချုပ်မှူးကြီး - သူကတော့ နည်းနည်းတော့ ကြာတော့ အချိန်ပေးရမှာပေါ့ တပ်မတော် စီးပွားရေး လုပ်ငန်းတွေဟာလည်း တကယ်တော့ တပ်မတော် သားတွေနဲ့ မိသားစုတွေရဲ့ သက်သာချောင်ချိရေး ဆောင်ရွက် ပေးဖို့နဲ့ နောက်တစ်ခါ စစ်မှုထမ်းဟောင်း တွေနဲ့ စစ်မှုထမ်းဟောင်း သားသမီးတွေ သက်သာ ချောင်ချိရေး ဆောင်ရွက်ပေးဖို့ပဲ၊ ပြည်သူလူထု သက်သာချောင်ချိရေး ဆောင်ရွက် ပေးဖို့ နိုင်ငံတော်ရဲ့စီးပွားရေးကို အထောက်အကူ ပြုစေဖို့ တပ်မတော်ရဲ့ လိုအပ်ချက်ပေါ်မှာ အကုန်အကျ သက်သက်သာသာ ရအောင် ဆောင်ရွက်ပေး တာပေါ့။ တချို့ပစ္စည်းတွေက တပ်မတော်သုံး ပစ္စည်းတွေ ဝယ်ရတာ ထုတ်ရတာ ဥပမာ အပြင်မှာ ၁ဝဝ ပေးရရင် ကိုယ်တို့ထုတ်တဲ့ အခါကျတော့ ၇ဝ၊ ၈ဝ လောက်နဲ့ရ တယ်။ အများကြီး သက်သာပါတယ်။ ကိုယ်တို့လက်တွေ့ပဲ ဒါလေး လုပ်ရတာပေါ့။ နောက်တစ်ခါ နိုင်ငံရဲ့စီးပွားရေး အထောက်အကူပြုဖို့ တချို့ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းရှင်တွေ မလုပ်ဘူး။ သူတို့အတွက် အကျိုးအမြတ် နည်းတယ်။ သူတို့က မလုပ်ချင်ဘူး အရင်းအနှီးများတယ် အကျိုးအမြတ် နည်းတယ်။ ဒါကြောင့် ဒါတွေကိုကျတော့ တို့တပ်မတော် စီးပွားရေး အလုပ်တွေက လုပ်တယ်။ ကိုယ်တို့ တပ်မတော်စီးပွားရေး လုပ်ငန်းတွေက အမြတ်အဓိက မဟုတ်ပါဘူး။ တကယ်တမ်းတော့ နိုင်ငံတော်အတွက် အထောက်အကူရဖို့နဲ့ ခုနကပြောတဲ့ ရည်ရွယ်ချက်တွေနဲ လုပ်ခြင်း ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဒီခေတ်က ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ် သွားနေတဲ့ဆိုတဲ့ အခါကျတော့လည်း ကိုယ်တို့စီးပွားရေး အလုပ်တွေလည်း နိုင်ငံတော်ကို မှီခိုခြင်းမပြုဘဲနဲ့ ကိုယ့်ခြေထောက်ပေါ် ရပ်တည်အောင် သွားမယ်ဆိုပြီး လုပ်နေတာေ တွရှိတယ်။ အဲဒီမှာ အစုရှယ်ယာ တွေဝင်ထားတာရှိတယ်။ တဖြည်းဖြည်းနဲ့ ပြောင်းရမှာပေါ့၊ ဥပဒေနှင့်အညီ သွားရမှာပေါ့၊ ချက်ချင်းကြီး သွားပြောင်းလို့ မရဘူး ပြောင်းလို့မရဘူး တဖြည်းဖြည်း နဲ့ကိုယ်တတ်နိုင်တဲ့ ဓနငွေကြေးပေါ် မူတည်ပြီး တဖြည်းဖြည်း လှည့်လှည့်ပြီး တော့၊ ငွေတွေ ဆက်စပ်ပြီးတော့ တဖြည်းဖြည်း ကိုယ့်ကိုယ်ပေါ် ရပ်တည်နိုင်ပြီး အခြေအနေပေါ် ရောက်ပြီဆိုရင် ဥပဒေနှင့်အညီ တစ်ခါတည်း ပြောင်းလဲပေး လိုက်မယ်။ အဲလို သွားပါမယ်။ အချိန်လေး တစ်ခုတော့ ပေးရမယ်၊ ကိုယ်တော့ ဘယ်လောက် ကြာမလဲလို့ မပြောတတ်သေးဘူး ၃ နှစ်လည်း ရှိရင်ရှိမယ်၊ ၅ နှစ်လည်းဖြစ်ရင်ဖြစ် မှာပေါ့။ သို့သော်လည်း တတ်နိုင် သလောက် မြန်နိုင်သ လောက်မြန်အောင် ကိုယ်တို့ ကြိုးစားမှာပါ။

7 Day - အများပိုင်ပုံစံမျိုးလား ဗိုလ်ချုပ်မှူးကြီး ဒါမှမဟုတ် Privatization ပုဂ္ဂလိကလုံးလုံး လွှဲတာမျိုးဖြစ်မလား မသိဘူး။ အများပိုင်မျိုးနဲ့ Motion လုပ်တာမျိုးဖြစ်မလား မသိဘူးနော်။

ဗိုလ်ချုပ်မှူးကြီး - အဲမှာလည်း ရှယ်ယာဝင်ထား တာဟာ တပ်မတော်သား တွေရဲ့ ရှယ်ယာတွေ ပါတယ်၊ စစ်မှုထမ်းဟောင်းရဲ့ ရှယ်ယာတွေ ပါတယ်။ ပါထားတဲ့အခါ ကျတော့ ကိုယ်တို့လည်း အစုရှယ်ယာဝင် ထားတာပဲ သူတို့ဥပဒေ အရ ဝင်ခွင့် ပေးထားတယ် ဆိုတော့ အဲဟာတွေက အကုန်ပေါင်းပြီး တော့မှ ဒီလုပ်ငန်းက လုပ်တာပေါ့၊ MEC ကျတော့ ကာကွယ်ရေးနှင့် အစိုးရပေါင်းတဲ့ ဟာပေါ့။ ဒါပေမဲ့ ကာကွယ်ရေးငွေက အများကြီးပါ။ အစိုးရ နိုင်ငံတော် ကာကွယ်ရေး ဝန်ကြီးဌာန ငွေကတော့ နည်းပါတယ်။ စစ်ထောက်ချုပ်ရုံး ငွေကတော့ ပိုပြီးတော့ များတယ်။ ဒါတွေကလည်း ကိုယ်တို့ တဖြည်းဖြည်းချင်း ပြောင်းမှာပေါ့။

7 Day - ဗိုလ်ချုပ်မှူးကြီး အခု ကျောင်းသားသပိတ် နှင့် ပတ်သက်ပြီး တော့လေ ဗိုလ်ချုပ်မှူးကြီး ထွက်ပြောတာမျိုး မတွေ့သေးလို့ ဘယ်လိုများ မြင်ပါသလဲ။ ဒီကနေပြီးတော့လေ ပြီးခဲ့တဲ့ ရှစ်လေးလုံး၊ ကျွန်တော်တို့ တုန်းကလို ပုံစံမျိုးမဖြစ်အောင် အာဏာသိမ်းမှုမျိုး မဖြစ်အောင် အာမခံနိုင်ပါသလား။

ဗိုလ်ချုပ်မှူးကြီး - ဘာလို့ ဖြစ်မလဲ ၊ မဖြစ်ပါဘူ။ ကိုယ်တို့အနေနဲ့ ကတော့ တရားဥပဒေစိုးမိုးရေး ကိုပဲ သွားစေချင်တယ်။ ဖြစ်စေချင်တယ်။ ဒီလို ဖြစ်ရပ်မျိုး ကိုယ်တို့ အဖြစ်မခံပါဘူး။ မဖြစ်ရအောင် လို့လည်း ကိုယ်တို့ကြိုးစား မှာပါ။ ဒါကြောင့်လည်း အစိုးရ အနေနဲ့လည်း မနေ့က ကြေညာချက်တွေ ထုတ်ပြီး သား။ လုပ်ပေးနေတာ တွေလည်း ရှိတယ်။ ဒါတွေကို သတိပြုမယ်ဆိုရင် အစိုးရရဲ့ သဘောထားကို တွေ့မှာဖြစ်တယ်။ ကိုယ်တို့ဒါကို အောင်မြင်အောင် လုပ်မှာ ဖြစ်ပါတယ်။

7 Day - နောက်လာမယ့် ရွေးကောက်ပွဲမှာလေ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က နိုင်ခဲ့လို့ အစိုးရဖွဲ့နိုင်မယ်ဆိုရင် တပ်မတော် ပူးပေါင်းဆောင်ရွက်ဖို့  အတွက်က ဗိုလ်ချုပ်မှူးကြီး အဆင်သင့် ဖြစ်ပါပြီလား။

ဗိုလ်ချုပ်မှူးကြီး - သူက ဥပဒေအရ သွားမှာပေါ့ အကုန်လုံး ရှိနေတာပဲ ဒါမလုပ်လို့မှ မရတာပဲ။

7 Day - ဟုတ်ကဲ့ ဗိုလ်ချုပ်မှူးကြီး ကျေးဇူးအရမ်းတင်ပါတယ်။ ဗိုလ်ချုပ်မှူးကြီး မှာလည်း အလုပ် အရမ်းများတဲ့ကြားက အခုလို ဖြေကြား ပေးတဲ့အတွက် ကျေးဇူးတင် ပါတယ်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment