Pages

Wednesday, February 25, 2015

ရှေးဟောင်း သစ်သားပန်းပု လက်ရာ မျက်နှာကြက် ပန်းဝိုင်း



ရမည်းသင်း ၊ ၂၅-၂-၂၀၁၅

မန္တလေးတိုင်း ဒေသကြီး ရမည်းသင်း မြို့နယ် မြို့လှရွာ တောင်ကျောင်းတိုက် အတွင်း၌ လက်ရာ မြောက်လှသော ရှေးဟောင်း သစ်သားပန်းပု မျက်နှာကြက် ပန်းဝိုင်း လက်ရာတစ်ခုကို တွေ့ရှိ ခဲ့ကြောင်း သိရသည်။

အဆိုပါ သစ်သားပန်းပု မျက်နှာကြက် ပန်းဝိုင်း သည် ရှစ်ပေပတ်လည် ရှိပြီး လက်ရာမြောက်စွာ စက်ဝိုင်း ခုနစ်ဝိုင်းကို အဆင့်ဆင့် ထုဆစ် ထားကာ စက်ဝိုင်း တစ်ရစ်နှင့် တစ်ရစ် တစ်ဆင့်နှင့် တစ်ဆင့် တွင် ကြာလှန်၊ ကြာမှောက်၊ ပုလဲသွယ် ကနုတ်ပန်း တို့ဖြင့် လက်ရာမြောက်စွာ ထုဆစ်ထားပြီး ပန်းဝိုင်းကြီး တစ်ခုလုံး၏ ထောင့် လေးထောင့်တွင် သစ်သားပန်းပု ကနုတ်ပန်း လက်ရာများကို ထုဆစ် ထားသည်။ ဟင်္သာရုပ်၊ ဇာမဏီငှက်ရုပ်၊ ကြက်တူရွေးရုပ် နှင့် နတ်သားရုပ် တို့ကို အသက်ဝင်စွာ ထုဆစ် ထားကြောင်း တွေ့ရသည်။ 

မျက်နှာကြက် ပန်းဝိုင်းကြီး ၏ အလယ် တည့်တည့်တွင် တစ်တောင်ခန့် ရှိသော လူပျံတော်ရုပ်ကို တွေ့ရပြီး ၄င်း လူပျံတော်ရုပ် မှာ မျက်နှာကြက် ပန်းဝိုင်း အလယ် တည့်တည့်မှ တွဲလဲခိုကာ အောက်သို့ ထိုးဆင်း ကျွမ်းပစ်မည့် သဏ္ဌာန် ထုဆစ် ထားကြောင်း သိရသည်။

နောင်လာ နောက်သားများ လေ့လာနိုင်ရန် ထို လက်ရာမြောက် လှသော သစ်သားပန်းပု မျက်နှာကြက် ပန်းဝိုင်းကို မြို့လှရွာ တောင်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ ဣဿရိယ က ကျောင်းတိုက်ကြီး မျက်နှာကြက်တွင် တပ်ဆင် ထိန်းသိမ်း စောင့်ရှောက် ထားကြောင်း သိရသည်။ (၁၆၉)

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment