Pages

Wednesday, January 21, 2015

RBE အဲယားကွန်း ရထား တွဲများတွင် စီးနင်းသူ ယခင် ကထက် ပိုများလာ



ရန်ကုန် ၊ ၂၁-၁-၂၀၁၅

နိုင်ငံခြားခရီးသွား ဧည့်သည်များနှင့် ယခင် မော်တော်ယာဉ် စီးနင်းသွားလာ နေကြသော ခရီးသွားပြည်သူ အချို့သည် ယခုအခါ ရန်ကုန်မြို့ပတ် ခရီးစဉ်တွင် မြန်မာ့မီးရထားမှ အသုံးပြု ပြေးဆွဲလျက်ရှိသည့် RBE အဲယားကွန်း ရထားများ၌ ပြောင်း လဲ စီးနင်းလာကြကြောင်း သိရသည်။''ကျွန်တော်က အင်းစိန်ကပါ။ ဝန်ထမ်းဆိုတော့ ရုံးဖွင့်ရက်တိုင်း ရုံးရှိတဲ့ မြို့ထဲကို လာ ရတာပေါ့။ မြို့ထဲမှာ ကားတွေကကျပ် ယာဉ်ကြောတွေက ပိတ်တဲ့အတွက် ကားစီးရတာ အဆင်မပြေပေမယ့်လည်း စီးနေ ရတယ်။ ဒီလိုကားစီးရတာအချိန်ကုန်၊ လူပင်ပန်းပြီး စိတ်ပါမအီမသာဖြစ်ရတယ်။ အခုတော့ အဲယားကွန်းရထားနဲ့ နံနက် ၆ နာရီလောက်ဆိုထွက် ၇ နာရီလောက်ဆို ရောက်တော့ သက်သောင့်သက်သာရှိပြီး အဆင်ပြေတာပေါ့။ ရုံးကနေ အပြန် လည်း ရထားနဲ့ပဲ ပြန်ဖြစ်တော့တယ်။ အရင်ကထက် စီးတဲ့သူတွေလည်း ပိုများလာပါတယ်'' ဟု RBE အဲယားကွန်း ရထား စီးနင်းသူတစ်ဦးက ပြောသည်။

မြန်မာ့မီးရထားသည် ရန်ကုန်မြို့တွင်း ခရီးသွားများ သက်သောင့်သက်သာ အချိန်တိုတိုဖြင့် လွယ်ကူစွာ သွားလာနိုင်ရန် ပထမဆုံး RBE အဲယားကွန်း ရထားကို ၂ဝ၁၃ ခုနှစ် အောက်တိုဘာ ၅ ရက်တွင် စတင်ပြေးဆွဲခဲ့သည်။ 

၎င်းအထူးရထား တွဲသည် ရထားစက်ခေါင်း နှစ်လုံးနှင့် လူစီးတွဲသုံးတွဲ ပါဝင်ပြီး ဆိုဖာထိုင်ခုံ ၃၃၂ လုံး တပ်ဆင်ထားကာ တစ်ဦးလျှင် ငွေကျပ် ၄ဝဝ ဖြင့် ဆိုက်ရောက်ဘူတာ ၁၃ ဘူတာသို့ တစ်နေ့လျှင် ခရီးစဉ် ရှစ်ခေါက် ပြေးဆွဲခဲ့သည်။ ထို့နောက် ဒုတိယ မြောက် အဲယားကွန်းပါ အဆင့်မြင့်ရထား တွဲဆိုင်းကို ၂ဝ၁၄ ခုနှစ် သြဂုတ် ၁၆ ရက်တွင် ထပ်မံပြေးဆွဲခဲ့ပြီး စီးနင်းခ တစ် ဦးလျှင် ငွေကျပ် ၃ဝဝ ဖြင့် တစ်ပြေးညီ လျှော့ချပေးခဲ့ကြောင်း သိရသည်။

မြန်မာ့မီးရထားသည် ရန်ကုန်မြို့ပတ် ရထားများအား အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိရာ ဂျပန်နိုင်ငံမှ အသစ်ထပ်မံ ရောက်ရှိလာသည့် RBE အဲယားကွန်း အထူးရထားတွဲ ၂ဝ အနက် ငါးတွဲကို အသုံးပြု၍''ဇ''အထူးရထား ရန်ကုန်မြို့ပတ် လမ်းပိုင်း ပြေးဆွဲခြင်းကို ၂ဝ၁၄ ခုနှစ် သြဂုတ် ၂၄ ရက်တွင် စတင်ကာ ၂၉ ဒသမ ၅ မိုင်ကွာဝေးသော ဘူတာပေါင်း ၂၈ ဘူတာကို ပြေးဆွဲခဲ့သည်။ RBE အဲယားကွန်းရထား၏ ထူးခြားချက်သည် တွဲတစ်တွဲစီ ၌ နိုင်ငံတကာ အဆင့်မီ ထိုင်ခုံများ၊ အသက်အရွယ် ကြီးရင့်သူများ၊ ကိုယ်ဝန်ဆောင် မိခင်များနှင့် မသန်စွမ်းသူများပါ ထိုင်နိုင်ရန် သတ်မှတ်သင်္ကေတ ပုံများ ထားရှိပြီး ရထားတွဲများ၏ အလိုအလျောက် တံခါးအဖွင့်အပိတ် ခလုတ်စနစ် များကို ရထားမောင်းက ထိန်းချုပ်ထားသည်။ မြန်မာ့မီးရထားသည် မြို့ပတ်ရထားဖြင့် ခရီးသွားပြည်သူများ နေ့စဉ် ရှစ်သောင်းခန့် ရှိသည့်အတွက် လူစီးတွဲ ငါးတွဲပါဝင်ပြီး ပန်ကာများ တပ်ဆင်ထားသော RBE အဲယားကွန်းရထား တစ်စင်းကို ၂ဝ၁၅ ခုနှစ် ဇန်နဝါရီ ၃ ရက်တွင် ထပ်မံတိုးချဲ့ကာ နေ့စဉ်မြို့ပတ်တွဲဆိုင်း ၂၅ ဆိုင်းဖြင့် ရထားခေါက်ရေ ၂၄၃ ခေါက် ပြေးဆွဲလျက်ရှိသည်။ ၎င်း RBE အဲယားကွန်း ရထား၏ အထူးတွဲများတွင် လူပေါင်း ၃၃၂ ဦး စီးနင်းနိုင်ကြောင်း သိရသည်။

ဝန်းရံခ

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment