Pages

Wednesday, January 21, 2015

ဒိုင်းနမိုက်ခွဲ ငါးဖမ်းခြင်းကြောင့် ကြွယ်ဝသည့် ဂေဟစနစ်များ ပျက်စီး ရေ သယံဇာတများနှင့် ဒီရေတောများ အရေးတကြီး ထိန်းသိမ်းရန်လို



ရန်ကုန် ၊ ၂၁-၁-၂၀၁၅

မြန်မာနိုင်ငံ၌ ကြွယ်ဝသည့် ဂေဟစနစ်များမှာ ကမ်းရိုးတန်း ဒေသများ၌ အများဆုံး ရှိသော်လည်း ဒိုင်းနမိုက် ခွဲကာ ငါး ဖမ်းဆီးမှုများကြောင့် အဆိုပါ ဒေသများ၌ ဂေဟစနစ်များ ပျက်စီးမှုနှင့် ကြုံတွေ့ နေရသကဲ့သို့ ဒီရေတောများမှာလည်း အရေးတကြီး ထိန်းသိမ်းရန် လိုအပ်နေပြီဖြစ်ကြောင်း မြန်မာနိုင်ငံ၌ သုတေသန ပြုလုပ်နေသည့် ဒေါက်တာ ဂျွန်ဆေးလ်က ပြောသည်။ မြန်မာနိုင်ငံရှိ စီးပွားရေး ဖွံ့ဖြိုးမှု အလားအလာ ကောင်းများရှိသော ဒေသများမှာ ကြွယ်ဝသော ဂေဟစနစ် ရှိသည့် ကမ်းရိုးတန်းဒေသများ ဖြစ်သည်ဟု သိရသည်။ သို့သော် အဆိုပါဒေသများ၌ ဒိုင်းနမိုက်ခွဲ၍ ငါးဖမ်းမှုများကြောင့် သန္တာကျောက်တန်းများ ပျက်စီးမှုနှင့် ကြုံတွေ့နေရကြောင်း၊ ထို့အပြင် ဇီဝမျိုးစုံမျိုးကွဲများကို ထိန်းသိမ်းပေးနေသည့် လမုတောများ ကိုလည်း အရေးတကြီး ထိန်းသိမ်းရန် လိုအပ်နေကြောင်း ၎င်းက သုံးသပ်ပြောသည်။

ဇီဝမျိုးစုံမျိုးကွဲ (Biodiversity) များမှာ မတူညီသော ဂေဟစနစ်များရှိ သက်ရှိများ၏ ကွဲပြားခြားနားမှုပင် ဖြစ်ပြီး ထိုကဲ့သို့ ကွဲပြားခြင်းကြောင့် ကမ္ဘာ့ လေထု လည်ပတ်မှု၊ ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့များ စုပ်ယူခြင်းနှင့် ထုတ်လွှတ်ခြင်း စသည့် သဘာဝပတ် ဝန်းကျင်ဆိုင်ရာ ဖြစ်ရပ်များ ပေါ်ပေါက် လာနိုင်ကြောင်း သိရသည်။ အဆိုပါ ဇီဝမျိုးစုံမျိုးကွဲများတွင် သဘာဝ အလှ ရသခံစားမှုဆိုင်ရာ တန်ဖိုးများ ရှိသည့်အပြင် နှစ်စဉ် ဇီဝမျိုးစုံမျိုးကွဲ တန်ဖိုးမှာ ခန့်မှန်းခြေ အမေရိကန် ဒေါ်လာ ၄ဝ ထရီလီယံ အထိ ရှိနိုင်ကြောင်း သိရသည်။ ဒိုင်းနမိုက်ခွဲကာ ငါး ဖမ်းဆီးမှုများကို အပြည့်အဝ တားဆီးနိုင်ရန် လိုအပ်နေပြီး လက်ရှိတွင် မြန်မာ့ ပင်လယ်ပြင် အတွင်း ရေသယံဇာတများ ပြန်လည်ထိန်းသိမ်း ကာကွယ်နိုင်ရန် ထိုင်းပင်လယ်ကွေ့နှင့် အနောက်ဘက် ကပ္ပလီပင်လယ် ကမ်းရိုးတန်း ရေတိမ်ပိုင်း တစ်လျှောက်တွင် ကွန်ကရစ်တုံးများ ချထားခြင်း အပါအဝင် နည်းလမ်းမျိုးစုံဖြင့် စီမံ ဆောင်ရွက်လျက် ရှိကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာနမှ သိရသည်။ ယင်း အပြင် မြန်မာ့ ပင်လယ်ပြင် အတွင်း သန္တာကျောက်တန်း အတုများ ထားရှိသွားနိုင်ရန် ပင်လယ်ပြင် အတွင်းရှိ သန္တာကျောက်တန်း တည်ရှိမှု အခြေအနေနှင့် နေရာ၊ သန္တာကျောက်တန်း ပျက်စီးမှု အခြေအနေနှင့် နေရာများအား သုတေသန ပြုလုပ်ခြင်း လုပ်ငန်းများကို လုပ်ကိုင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ 

မြန်မာနိုင်ငံသည် ကမ္ဘာ၌ သတ္တမ မြောက် ဒီရေတော အများဆုံး ရှိသည့် နိုင်ငံဖြစ်သည်ဟု FAO ကမ္ဘာ့ စားနပ်ရိက္ခာ အဖွဲ့၏ သစ်တော သယံဇာတ အကဲဖြတ်ချက် အစီရင်ခံစာတွင် ဖော်ပြထားကြောင်း သိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment