Pages

Friday, January 30, 2015

လေးစား မြတ်နိုး တန်ဖိုးထားမှု အမှန်


လေးစား မြတ်နိုး တန်ဖိုးထားမှု အမှန်

လေးစား ချစ်ခင် မြတ်နိုးသူကို လူတိုင်းက တန်ဖိုးထား ကြသည်။ ထို လေးစား မြတ်နိုး ချစ်ခင်သော ပုဂ္ဂိုလ်သည် အများ၏ စံနမူနာပြု ပုဂ္ဂိုလ်ဖြစ်ပြီး ထို ပုဂ္ဂိုလ်ကဲ့သို့ ကျင့်ကြံ နေထိုင် ကြသည်။ ထိုပုဂ္ဂိုလ်၏ အမှာစကားကို လေးစား လိုက်နာ ကြသည်။

ယခုအခါ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ၏ ကျေးဇူးရှင် ဗိုလ်ချုပ် အောင်ဆန်း ၏ နှစ်(၁ဝဝ) ပြည့်ပွဲကို ကျင်းပရန် လုပ်ဆောင် နေကြသည်ကို မြင်နေရ၊ ကြားနေ ရသည်။ ဗိုလ်ချုပ် အောင်ဆန်း သည် ဂုဏ်ပြု လေးစားထိုက် စရာ ပုဂ္ဂိုလ်ကြီး ဖြစ်ပြီး နိုင်ငံတော်နှင့် ပြည်သူတို့၏ စံနမူနာပြု ပုဂ္ဂိုလ်ကြီး ဖြစ်သည်။

ဗိုလ်ချုပ် အောင်ဆန်းကို နတ်မောက်မြို့၌ ၁၉၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်တွင် အဘ ဦးဖာ၊ အမိ ဒေါ်စု တို့က မွေးဖွား ခဲ့သည်။ ထို့ကြောင့် ဗိုလ်ချုပ်နှစ် (၁ဝဝ) ပြည့်ပွဲကို ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်တွင် ခမ်းခမ်းနားနား ကျင်းပရန် စီစဉ် နေကြသည်။

ထိုသို့ ဂုဏ်ပြု စံနမူနာပြု ထိုက်သည့် ဗိုလ်ချုပ် အောင်ဆန်း နှစ် (၁ဝဝ) ပြည့်ပွဲကို ကျင်းပခြင်း သည် ကျေးဇူးရှိသည့် ပုဂ္ဂိုလ်ကို ကျေးဇူးရှင် အဖြစ် အသိအမှတ် ပြုခြင်း၊ လေးစား မြတ်နိုး ဂုဏ်ပြု ထိုက်သည့် ပုဂ္ဂိုလ်ကို လေးစား မြတ်နိုး တန်ဖိုး ထားကြောင်း ပြသရာ ရောက်၍ ကောင်းမြတ် သည့် လုပ်ဆောင်မှု ဖြစ်သည်။

ဤတွင် လေးစား မြတ်နိုး တန်ဖိုး ထားမှုသည် ပွဲကျင်းပရုံဖြင့် လေးစား မြတ်နိုး တန်ဖိုး ထားခြင်း မဟုတ်သည်ကို သတိပြု သင့်သည်။ ပါးစပ်က ဘုရားဘုရား လက်က ကားရား ကားရား ကဲ့သို့ မဖြစ်ရန် လိုသည်။ လေးစား မြတ်နိုး တန်ဖိုး ထားသည့် ပုဂ္ဂိုလ်၏ အမှာစကားကို လိုက်နာရန် လိုသည်။

လွတ်လပ်ရေး၏ ဖခင် ပြည်ထောင်စု တိုင်းရင်းသားများ စည်းလုံး ညီညွတ်ရေး ၏ ဗိသုကာ ဗိုလ်ချုပ် အောင်ဆန်း က မြန်မာ ပြည်သူများကို စည်းကမ်း လိုက်နာရန်၊ စည်းမဲ့ ကမ်းမဲ့ ရမ်းကားမှုများ မပြုလုပ်ရန်၊ ကချင်က တစ်မျိုး၊ ချင်းက တစ်ဖုံ လုပ်နေပြီး အကွဲကွဲ အပြားပြား ပြုမူ နေခြင်းမျိုး ကို မပြုလုပ်ရန်၊ စည်းလုံး ညီညွတ်စွာ တိုင်းပြည် ထူထောင်ရေး ကို လုပ်ဆောင် ကြရန် တဖွဖွ မှာကြား ခဲ့သည်။ ပြည်ထောင်စု အကွဲကွဲ အပြားပြား မဖြစ်စေရန် ကြိုးပမ်း ခဲ့သည်။

သို့ဖြစ်ရာ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံသား ပြည်သူများ အနေဖြင့် အမှန်တကယ် ဗိုလ်ချုပ် အောင်ဆန်း ကို လေးစား မြတ်နိုး တန်ဖိုးထား ပါက ဗိုလ်ချုပ် အောင်ဆန်း နှစ်(၁ဝဝ) ပြည့်ပွဲကို စည်ကား သိုက်မြိုက်စွာ ကျင်းပပေး သကဲ့သို့ ဗိုလ်ချုပ် အောင်ဆန်း ၏ အမှာစကား အတိုင်း စည်းကမ်း ရှိစွာ၊ စည်းလုံး ညီညွတ်စွာ ဖြင့် လေးစား လိုက်နာ၍ တိုင်းပြည် အေးချမ်း သာယာ ဖွံ့ဖြိုး တိုးတက်အောင် ဖော်ဆောင် သွားကြရမည် ဖြစ်ပါကြောင်း တိုက်တွန်း ရေးသား လိုက်ရ ပေသည်။

(အယ်ဒီတာ့အာဘော်)

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment