Pages

Tuesday, January 6, 2015

ပြည်တွင်းဖြစ် ခမောက်များ ရောင်းအားကောင်း



မုံရွာ ၊ ၆-၁-၂၀၁၅

စစ်ကိုင်းတိုင်း ဒေသကြီးသည် ဒေသထွက် သဘာဝ ကုန်ကြမ်းများကို စုဆောင်း၍ ခမောက် အမျိုးမျိုး ထုတ်လုပ်ရာ ဒေသကြီးတစ်ခု ဖြစ်သည်။

စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာခရိုင် ချောင်းဦး မြို့နယ်၌ ဂျုံစိုက်ပျိုးရေး လုပ်ငန်းများမှ ရရှိသော ဂျုံရိုးများကို လက်မှု ပညာရပ်များ ဖြင့် ပေါင်းစပ်၍ ဂျုံရိုး ခမောက်များ ထုတ်လုပ်လျက် ရှိသည်။

အဆိုပါ ဂျုံရိုး ခမောက်များသည် ပေါ့ပါး၍ အပူရှိန်ဒဏ်ကို ထိရောက်စွာ ကာကွယ်ပေးနိုင် သော်လည်း မိုးရေ ထိမှန်သည့် အခါ ခမောက်၏ မူလပုံစံ ပျက်ယွင်း တတ်ပြီး အရောင်ပြောင်းလဲ သွားတတ်သည်။

ချောင်းဦး မြို့နယ်ထွက် ဂျုံရိုးခမောက် များကို မိုးနည်းရပ်ဝန်း ဒေသများမှ အထူး ကြိုက်နှစ်သက် ကြ၍ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်း ဒေသကြီးနှင့် ကချင်ပြည်နယ် တို့သို့ တင်ပို့  ရောင်းချလျက် ရှိသည်။

ချင်းတွင်း မြစ်ကြောင်း တစ်လျှောက်တွင် သစ်ဝါးများ အလွန် ပေါကြွယ်ဝသည်။ ကလေးခရိုင် ကလေးဝ မြို့နယ် မစိန်စံပြ ကျေးရွာ၌ ဒေသထွက် ဝါးများကို အခြေခံ ကုန်ကြမ်းများ အဖြစ် ရယူစုဆောင်း၍ ဝါးနှီး ခမောက်များကို ထုတ်လုပ် ရောင်းချ ကြသည်။ အဆိုပါ ဝါးနှီးခမောက် များကို မစိန် ခမောက်ဟု ခေါ်ကြသည်။ ယင်း ခမောက်များမှာ ဝါးနှီးများကို ခမောက်ပုံစံ နှစ်ထပ် ရက်လုပ်၍ အောက်ခံ အလွှာနှင့် အပေါ်အလွှာ နှစ်ခုစပ်ကြား တွင်ဝါးရွက်များ၊ ကော်ဖီမစ် ထုပ်ပိုးသည့် ပလတ်စတစ် အိတ်ခွံကြီး များကို စနစ်တကျ ဖြန့်၍ ထည့်သွင်း ပြုလုပ်ထားသည်။

မစိန်ခမောက် သည် မိုးရေခံ ခမောက် အမျိုးအစား ဖြစ်ပြီး ရေရှည် သုံးစွဲလို သူများက ခမောက်၏ အပြင်ဘက် အလွှာအား ရေနံချေး သုတ်လိမ်း ထားရသည်။ မစိန်ခမောက် သည် မိုးရေ ထိမှန်သော်လည်း ခမောက်ပုံစံ ပြောင်းလဲခြင်း၊ အရောင် ပြောင်းလဲခြင်း မရှိသည့် အတွက် မိုးရွာသွန်းမှု များပြားသည့် ဒေသများက ပိုမို နှစ်သက်လျက် ရှိသည်။ ၄င်း ခမောက်များသည် ချင်းပြည်နယ်၊ ရှမ်းပြည်နယ် နှင့် မိုးကုတ်ဒေသ များ၌ အရောင်းသွက် လျက်ရှိသည်။

ဟုမ္မလင်း ဒေသထွက် ရှမ်းနီ တိုင်းရင်းသား ရိုးရာ ခမောက်သည် ချင်းတွင်း မြစ်ကြောင်း တစ်လျှောက် နှင့် ဥရုမြစ်ကြောင်း တစ်လျှောက် ရှိ ရှမ်းနီ တိုင်းရင်းသား များက အထူး ကြိုက်နှစ်သက် လျက်ရှိသည်။ ၄င်း ခမောက်များမှာ ဒေသထွက် ဝါးဖတ်ရွက် များကို အဓိက အခြေခံ ကုန်ကြမ်းအဖြစ် ထုတ်လုပ် ထားခြင်း ဖြစ်သည်။

ရှမ်းနီခမောက် သည် ဥတုသုံးပါး ဒဏ်အား ခံနိုင်ရည်ရှိပြီး ခမောက်၏ အပြင်ဘက် အလွှာတွင် ရှမ်းနီရိုးရာ အဝါ၊ အစိမ်း၊ အနီရောင် များကို စနစ်တကျ သုတ်လိမ်း ထားသည်။ အဆိုပါ သုတ်လိမ်း ထားသည့် အရောင် သုံးမျိုးမှာ မြန်မာ နိုင်ငံတော်၏ ပြည်ထောင်စု စိတ်ဓာတ်အား ဖော်ကျူးရာ ရောက်သည့် အတွက် ရှမ်းနီ တိုင်းရင်းသား အပြင် အခြားသော တိုင်းရင်းသား များမှာလည်း အကြိုက်တွေ့၍ ဝယ်ယူ အသုံးပြုလေ့ ရှိကြောင်း သိရသည်။

ဒေသခံ ပြည်သူများသည် ပြည်ပ ဈေးကွက်များမှ တင်သွင်း လာသည့် ဦးထုပ်အမျိုးမျိုး ထက် ဒေသထွက် ခမောက်များ ကိုသာ အဓိက အသုံးပြုလျက် ရှိသည့်အတွက် သဘာဝ ကုန်ကြမ်းသုံး ဒေသထွက် ခမောက်များ သည် ဈေးကွက်များတွင် နေရာယူ၍ အရောင်း တွင်ကျယ်လျက် ရှိကြောင်း သိရသည်။(၄၅၁)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment