Pages

Tuesday, January 6, 2015

ဖြူးချောင်း ရေလှောင်တမံ ဘက်စုံစီမံကိန်း မကြာမီ ဖွင့်လှစ်တော့မည်


 ဖြူးချောင်း ရေလှောင်တမံ 


ဖြူး ၊ ၆-၁-၂၀၁၅

ပဲခူးတိုင်း ဒေသကြီး ၊ ဖြူးမြို့နယ် ၊ ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၁၄ ၏ အနောက်ဘက် ၅ မိုင်ခန့် အကွာတွင် တည်ရှိသော ဖြူးချောင်း ရေလှောင်တမံ ဘက်စုံ စီမံကိန်း ကို မကြာမီ ဖွင့်လှစ် တော့မည် ဖြစ်ကြောင်း သိရသည်။

စပါးသီးနှံ အပါအ၀င် သီးနှံစုံ အောင်မြင်စွာ စိုက်ပျိုး ထုတ်လုပ်နိုင်ရေး အတွက် ဒေသ စိမ်းလန်း စိုပြည်ရေး တို့အတွက် အချိန်တို အတွင်း ပြီးစီးနိုင်မည့် အသေးစား ၊ အလတ်စား ၊ အကြီးစား ဆည်မြောင်း စီမံကိန်းများကို အကောင် အထည်ဖော်လျက် ရှိရာ ယခု ဖွင့်လှစ် တော့မည့် ဖြူးချောင်း ရေလှောင်တမံ ဘက်စုံ စီမံကိန်းကြီး မှာလည်း တစ်ခု အပါအဝင် ဖြစ်သည်။

အဆိုပါ ဖြူးချောင်း ရေလှောင်တမံ ဘက်စုံစီမံကိန်း ကြီးသည် စစ်တောင်း မြစ်ဝှမ်းဖွံ့ဖြိုး တိုးတက်မှု စီမံကိန်းများ တွင်ပါဝင်သည့် ဘက်စုံ စီမံကိန်း တစ်ခုပင် ဖြစ်သည်။ ဖြူးချောင်း ရေလှောင်တမံ မှာ ဇုန် အမျိုးအစား ကျောက်ဖြည့်တမံ အမျိုးအစား ဖြစ်ပြီး အမြင့် ၂၄၅ ပေ၊ အလျားပေ ၁ဝ၂ဝ၊ ကန်ရေပြည့် ရေလှောင် ပမာဏ ၆၃၂၅၃ဝ ဧကပေ၊ ကန်ရေပြည့် ရေပြင်ကျယ် ဧရိယာ ၁၄၅၇ဝ ဧကဖြစ်ပြီး အုတ်တွင်း မြို့နယ် နှင့် ဖြူးမြို့နယ် အတွင်းရှိ လယ်မြေဧက ၉ဝဝဝဝ ခန့်ကို စိုက်ပျိုးရေ ပေးဝေနိုင်ရန် နှင့် တပ်ဆင် ဓာတ်အား ၂ဝ မဂ္ဂါဝပ် နှစ်လုံးဖြင့် ရေအားလျှပ်စစ် ပျမ်းမျှ ကီလိုဝပ် နာရီ ၁၂ဝ သန်း ထုတ်လုပ် နိုင်မည် ဖြစ်သည်။

ဖြူးချောင်း ရေလွှဲဆည်မှာ သံကူကွန်ကရစ် အမျိုးအစား ဖြစ်ပြီး အမြင့်ပေ ၂၇ ပေ၊ အလျား ၁၆၅ ပေရှိမည် ဖြစ်သည်။

ဖြူးချောင်း ဆည်ရေသောက် စနစ်အနေဖြင့် ၁၉ မိုင်ရှည် တူးမြောင်းမကြီး နှစ်ခု၊ မိုင် ၂ဝ ရှည် မြောင်းခွဲတစ်ခု၊ လက်တံမြောင်း၂၄ ခု၊ လက်တံမြောင်းခွဲ ၂ဝ၆ ခုဖြင့် တည်ဆောက်မည် ဖြစ်ပြီး စီမံကိန်း အားလုံး ဖွင့်လှစ်ပြီးပါက ဒေသတွင်း စိုက်ပျိုးရေး၊ လူမှုရေး နှင့် စီးပွားရေး တိုးတက်ရုံ သာမကဘဲ နိုင်ငံတော် အတွက် များစွာ အကျိုးရှိမည့် ဘက်စုံ စီမံကိန်းကြီး ဖြစ်ကြောင်း သိရသည်။

သန်းဦး (လေးမျက်နှာ)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment