Pages

Friday, January 9, 2015

ရန်ကုန်တက္ကသိုလ် တက်ရောက်ရန် ဝင်ခွင့်ကို တိုက်ရိုက် စိစစ်ရွေးချယ်ရန် စီစဉ်


ရန်ကုန် ၊ ၉-၁-၂ဝ၁၅

ရန်ကုန်တက္ကသိုလ် ၌ တက်ရောက် ခွင့်ပြုရန် ကျောင်းသား၊ ကျောင်းသူ များအား ဝင်ခွင့် ရွေးချယ်ခြင်းကို ၂ဝ၁၆- ၂ဝ၁၇ တက္ကသိုလ် ပညာသင်နှစ် မှ စတင်၍ အဆိုပါ ရန်ကုန် တက္ကသိုလ်မှ တိုက်ရိုက် ရွေးချယ်သွားရန် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ထိုကဲ့သို့ ရန်ကုန် တက္ကသိုလ်မှ တိုက်ရိုက် ရွေးချယ်ရာတွင် ကျောင်းသား၊ ကျောင်းသူ များအား ရေးဖြေ စစ်ဆေးခြင်း၊ လူတွေ့ နှုတ်ဖြေ စစ်ဆေးခြင်း စသည်တို့ကို လုပ်ဆောင်၍ ဝင်ခွင့် လျှောက်ထားသူ များ၏ အရည်အချင်းကို ထပ်မံ စစ်ဆေးရန် ရည်ရွယ် ထားပြီး ယခုအခါ တိုက်ရိုက် ရွေးချယ်မှု အစီအစဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိ သူများက စတင်ညှိနှိုင်း ဆွေးနွေးနေပြီ ဖြစ်ကြောင်း ရန်ကုန် တက္ကသိုလ် သင်တန်းရေးရာ ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

လက်ရှိတွင် သစ်တော တက္ကသိုလ် ၊ စိုက်ပျိုးရေး တက္ကသိုလ် နှင့် အမျိုးသား စီမံခန့်ခွဲမှု ပညာ ကောလိပ် စသည့် ကျောင်းများမှ ဝင်ခွင့် ခေါ်သောအခါ သတင်းစာ များမှ ကြေညာ၍ သီးခြား ခေါ်ယူလေ့ ရှိပြီး လာရောက် လျှောက်ထားသော ကျောင်းသား၊ ကျောင်းသူ များအား သက်ဆိုင်ရာ တက္ကသိုလ်၊ ကောလိပ်များရှိ ကျောင်းဝင်ခွင့် ရွေးချယ်ရေး ကော်မတီ များမှ စိစစ်လက်ခံ လျက်ရှိကြောင်း သိရသည်။

အခြားသော ဝိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ်များ နှင့် ရန်ကုန် တက္ကသိုလ်ရှိ သင်တန်းများ သို့ တက်ရောက်ရန် လျှောက်ထား ခြင်းများကို အဆင့်မြင့်ပညာ ဦးစီးဌာနမှ စိစစ်ရွေးချယ် ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ရန်ကုန် တက္ကသိုလ် အနေဖြင့် သစ်တော တက္ကသိုလ်၊ စိုက်ပျိုးရေး တက္ကသိုလ် နှင့် အမျိုးသား စီမံခန့်ခွဲမှု ပညာကောလိပ် တို့ကဲ့သို့ ကျောင်းဝင်ခွင့် ရွေးချယ်ခြင်း ကို တိုက်ရိုက် စိစစ် ရွေးချယ် သွားရန် စီစဉ်ဆောင်ရွက် နေခြင်းဖြစ်ပြီး လက်ရှိတွင် အဆိုပါ ရန်ကုန် တက္ကသိုလ် ၌ ဝိဇ္ဇာ၊ သိပ္ပံ ဘာသာရပ် ၂၁ ခုကို လေးနှစ်ဘွဲ့ သင်တန်းအဖြစ် ဖွင့်လှစ် သင်ကြား ပို့ချလျက် ရှိကြောင်း သိရသည်။

ဆောင်းဦး

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment