Pages

Friday, January 9, 2015

ရိုးရာယဉ်ကျေးမှုကို တန်ဖိုးထား ထိန်းသိမ်း


ရိုးရာယဉ်ကျေးမှုကို တန်ဖိုးထား ထိန်းသိမ်း

မြန်မာလူမျိုး များသည် မြန်မာလူမျိုး ဖြစ်သည်နှင့် အညီ ရိုးရာ ယဉ်ကျေးမှု ကိုယ်ပိုင်ဟန် နှင့် အဆင့်မြင့်စွာ ရှိပြီးဖြစ်သည်။ မြန်မာ့ရိုးရာ ယဉ်ကျေးမှု တို့သည် ရေမြေ သဘာဝနှင့် လိုက်လျော ညီထွေရှိပြီး မေတ္တာ၊ ကရုဏာ၊ မုဒိတာ အပြည့်ရှိသော အရှက် အကြောက် တရားကို တန်ဖိုးထား သော အဆင့်အတန်း ရှိသည့် ယဉ်ကျေးမှု ကို ပိုင်ဆိုင် ထားသည်။

သို့သော် ယနေ့ မြန်မာ မိန်းကလေး အချို့သည် ရှိသင့် ရှိထိုက်သည့် ဣနြေ္ဒ သိက္ခာ တို့ကို ဥပေက္ခာ ပြု၍ အနောက်တိုင်း ဆန်သည့် ဝတ်စား ဆင်ယင်မှု များကို ခုံမင်နှစ်သက် နေကြသည်ကို တွေ့နေ ရသည်။ အနောက်တိုင်းမှ Boy Friend, Girl Friend အဖြစ်ကို အတုယူ၍ နေထိုင် လာကြသည်ကို တွေ့နေ ရသည်မှာ မြန်မာလူမျိုး တို့အတွက် ရင်လေးစရာ ဖြစ်သည်။

ပြောင်းလဲ တိုးတက် လာသော ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများ နှင့်အညီ ပြောင်းလဲ လာသည့် စရိုက်များကို လက်ခံ ကျင့်သုံး ရာတွင် ကောင်းသည့် စရိုက်၊ မကောင်းသည့် စရိုက်ကို ခွဲခြားဝေဖန် လက်ခံ သင့်သည်။နိုင်ငံတကာမှ ရုပ်ရှင်၊ ဂီတ အနုပညာများ နှင့်အတူ စီးဆင်း လာသော သရုပ်ပျက် ဝတ်စား ဆင်ယင်မှု၊ နေထိုင်မှု များသည် အသိတရား မခိုင်မာသည့် လူငယ်ထု အတွင်း စီးဝင်၍ ဒေသခံ ဓလေ့စရိုက် များကို ဝါးမျို သွားပါက လူမျိုး ဓလေ့စရိုက် ပျောက်၍ ယဉ်ကျေးမှု နှင့်အတူ လူမျိုး ပျောက်သွား နိုင်သည်။

ယခုအခါ မြန်မာနိုင်ငံတွင် ဆယ်ကျော်သက် မိန်းကလေး အချို့သည် မြန်မာအမည် ဖြင့် ကြီးပြင်း နေထိုင်ပါလျက် မိမိတို့ ယဉ်ကျေးမှုနှင့် ဆန့်ကျင်သော အနောက်နိုင်ငံ ယဉ်ကျေးမှု များကို အထင်ကြီး၍ ဒူးအထက် ဘောင်းဘီတို၊ စကပ်တို၊ လည်ဟိုက် တို့ဖြင့် လူပုံအလယ် သွားလာ နေကြ သည်မှာ ယိုသူမရှက် မြင်သူရှက် ဖြစ်နေရသည်။ ထို့အတူ အမျိုးသားလေး များကလည်း ဘောင်းဘီတို၊ ဘောင်းဘီရှည်၊ ဆံပင်ပုံစံ အမျိုးမျိုး၊ ဆံပင် အရောင် မျိုးစုံဖြင့် လမ်းသလား နေကြသည်မှာ ရိုးရာ ယဉ်ကျေးမှုများ တစ်စတစ်စ ပျောက်ကွယ် သွားနိုင်သည့် အလားအလာ များ ဖြစ်သည်။

ယူဂန္ဓာ နိုင်ငံသည် ၄င်းတို့၏ အမျိုးသမီးများ အတွက် အန္တရာယ် ကိုကာကွယ်ရန် ဝတ်စား ဆင်ယင်မှု နှင့် ပတ်သက်၍ အညှီအဟောက် ပါသော သီချင်း၊ ဗီဒီယိုခွေ များနှင့် ဒူးအထက် စကပ်တို ဝတ်ဆင်သည့် အမျိုးသမီးများကို ဖမ်းဆီးခြင်း၊ ကိုယ်ကျင့်သိက္ခာ ပျက်ပြား စေရန် ရည်ရွယ်သော လျှို့ဝှက် အပ်သည့် မမြင်အပ်သော ခန္ဓာကိုယ် အစိတ်အပိုင်း များ လှစ်ဟပြသည့် ဝတ်စားဆင်ယင် မှုများကို တားမြစ်သည့် ဥပဒေ ထုတ်ပြန် ထားကြောင်း သိရသည်။

ထို့အတူ ယနေ့ မြန်မာနိုင်ငံ တွင်လည်း အမျိုးသမီးငယ် များနှင့် အမျိုးသားငယ် များ၏ ဝတ်စား ဆင်ယင်မှုသည် အကျင့်စာရိတ္တ ပျက်ပြား စေနိုင်ပြီး ယဉ်ကျေးမှု ဓလေ့ထုံးစံ များကို ပျောက်ကွယ် စေနိုင်၍ ဥပဒေ တစ်ရပ်ဖြင့် ထုတ်ပြန်ပြီး ထိန်းသိမ်း သင့်သည်။ မြန်မာရုပ်ရှင် ဂီတသဘင် စသည့် အနုပညာရှင် များကလည်း ဦးဆောင်လမ်းပြ စနစ်တကျ ဝတ်စားပြ သင့်သည်။

သို့ဖြစ်ရာ အမျိုးသား အမြင်ဖြင့် ရိုးရာ ယဉ်ကျေးမှု မကွယ်ပျောက် စေရေးအတွက် ရုပ်ပိုင်းဆိုင်ရာ တိုးတက် ပြောင်းလဲမှုများ နှင့်အတူ အဆင့်အတန်း ရှိသည့် စိတ်ပိုင်းဆိုင်ရာ ကိုယ်ကျင့်တရား နှင့် ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးစံ များကိုလည်း မပျောက်စေဘဲ တိုးတက် ပြောင်းလဲ နိုင်ရန် နိုင်ငံသား အားလုံးက ဝိုင်းဝန်းကြိုးပမ်း သွားကြရမည် ဖြစ်ပါကြောင်း တိုက်တွန်း ရေးသား လိုက်ရပေသည်။

(အယ်ဒီတာ့အာဘော်)

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment