Pages

Friday, January 2, 2015

နှစ်သစ်သန္နိဋ္ဌာန် နှင့် တာဝန်ယူမှု တာဝန်ခံမှု


နှစ်သစ်သန္နိဋ္ဌာန် နှင့် တာဝန်ယူမှု တာဝန်ခံမှု

မောင်သောင်းဝင်း(တမန်ဟောင်း)

၂ဝ၁၄ ခုနှစ် ကုန်ဆုံး၍ ၂ဝ၁၅ ခုနှစ်သို့ ရောက်ရှိလာပြီ ဖြစ်သည်။ နှစ်တစ်နှစ် ကုန်ဆုံး သွားသောကြောင့် ကျွန်တော်တို့ အားလုံး အသက်တစ်နှစ် ကြီးသွားပြီ ဖြစ်သည်။ နှစ်ဟောင်း ကာလတွင် လုပ်ဆောင် ခဲ့သည့် အချက်များကို သုံးသပ်ပြီး နှစ်သစ်အတွက် သန္နိဋ္ဌာန် ချမှတ်သွားရန် လိုအပ် ပေသည်။

ခရစ်သက္ကရာဇ် ၏ နှစ်ဆန်း တစ်ရက်နေ့ ကို ကြိုဆိုသည့် ပျော်ပွဲရွှင်ပွဲ များသည် ယေဘုယျ အားဖြင့် မြန်မာ့ ယဉ်ကျေးမှု အလေ့အထ မဟုတ်ပေ။ အနောက်တိုင်း ယဉ်ကျေးမှု အလေ့အထပင် ဖြစ်သည်။ သို့ရာတွင် မြန်မာ လူငယ်များ အကြားတွင် လွဲမှားစွာ အတုယူ နေကြသည်မှာ မြန်မာ့ ယဉ်ကျေးမှု အတွက် ရင်လေးစရာပင် ဖြစ်သည်။ မြန်မာ နှစ်ဆန်း ၁ ရက်နေ့သည် သင်္ကြန်ကာလ ဖြစ်သည့် အကြို၊ အကျ၊ အကြတ် နှင့် အတက်နေ့ ပြီး နောက်တစ်နေ့ ကိုသာ ခေါ်ဆိုသည်။

ခရစ်သက္ကရာဇ် ၏ နှစ်သစ် ကြိုဆိုပွဲကို ပျော်ပွဲရွှင်ပွဲ၊ စားသောက်ပွဲ များနှင့် မည်သို့ပင် ပြုလုပ်နေ စေကာမူ မြန်မာ့နှစ်ဆန်း ၁ ရက် ကြိုဆိုပွဲကို ဘုရားသွား၊ ကျောင်းတက်၊ ဥပုသ်သီတင်း သီလ ဆောက်တည်၊ သက်ကြီး ရွယ်အို များအား ဖေးမကူညီ စောင့်ရှောက်ခြင်း ဖြင့် အဓိပ္ပာယ် ရှိရှိ ဖြတ်သန်းလျက် ရှိသည်။ ထိုချစ်စရာ ကောင်းသော အလေ့အထကို လူငယ်များ အကြား အတုယူ တတ်စေရန် ပဲ့ပြင် ထိန်းကျောင်း ပေးသင့်သည်။

အနောက်တိုင်း သားများသည် ခရစ် သက္ကရာဇ် တစ်နှစ် ကုန်ဆုံးခါနီး အချိန်တွင် နှစ်သစ်အတွက် သန္နိဋ္ဌာန် ချမှတ်လေ့ ရှိသည်မှာ အတုယူဖွယ် ကောင်းသည့် အလေ့အထ များပင် ဖြစ်သည်။ ကျွန်တော်တို့ အနေဖြင့် နှစ်ဟောင်း ကုန်ဆုံးချိန် တွင် တစ်နှစ်အတွင်း အကောင် အထည်ဖော် ဆောင်ရွက် နိုင်ခဲ့မှုများမှ အားသာချက်၊ အားနည်းချက် များကို သုံးသပ်ပြီး လာမည့် နှစ်သစ်အတွက် ကိုယ်စီကိုယ်င သန္နိဋ္ဌာန် ချမှတ် သွားသင့်သည်။

နှစ်သစ် သန္နိဋ္ဌာန် ( New Year Resolution ) ချမှတ်ပြီးပါက တာဝန်ယူမှု ( Responsibility ) နှင့် တာဝန်ခံမှု ( Accountability ) တို့ကို ကိုယ်စီ အခြေခံ ကျင့်ဝတ် အနေဖြင့် လိုက်နာ ဆောင်ရွက် သင့်သည်။ နေ့စဉ် လုပ်ဆောင် နေသည့် အိမ်မှုကိစ္စ မှသည် အမြင့်ဆုံး နိုင်ငံတော် တာဝန်အထိ တာဝန် အသီးသီး ထမ်းဆောင်ရာတွင် ကိုယ်စီတာဝန် ယူမှုနှင့် တာဝန်ခံမှု တို့ကို အလေးအနက် ထား လိုက်နာ ဆောင်ရွက် သွားမည် ဆိုပါက ပျော်ရွှင် ချမ်းမြေ့သော လူမှု အသိုက်အဝန်းကြီး ဖြစ်တည်လာ နိုင်ပေသည်။

ကျွန်တော်တို့ အားလုံးသည် တာဝန်ယူမှု၊ တာဝန်ခံမှု နှင့် ပတ်သက်၍ အခြေခံ လိုက်နာ သင့်သည့် တာဝန်ဝတ္တရား သုံးခု ရှိသည်ဟု ငယ်စဉ်က ဆရာတစ်ဦး က သင်ကြား ခဲ့သည်ကို အမှတ်ထင်ထင် ရှိနေမိသည်။ ၄င်းတာဝန် ဝတ္တရား သုံးခုမှာ တရားဥပဒေ အကြောင်းအရ ဆောင်ရွက် ရသော တာဝန် ဝတ္တရား ( Legal Obligation ) ၊ လူမှုရေးအရ ဆောင်ရွက် ရသော တာဝန်ဝတ္တရား ( Social Obligation ) နှင့် လူ့ကျင့်ဝတ် အရ ဆောင်ရွက် ရသော တာဝန်ဝတ္တရား ( Moral Obligation ) တို့ပင်ဖြစ်သည်။

အထက်ပါ တာဝန်ဝတ္တရား သုံးခုတွင် လူ့ကျင့်ဝတ် အရ ဆောင်ရွက် ရသော တာဝန်ဝတ္တရားသည် အမြင့်မားဆုံး တာဝန်ပင် ဖြစ်သည်။ ဥပဒေအရ၊ လူမှုရေးအရ လိုက်နာ ဆောင်ရွက် သည်ထက် လူ့ကျင့်ဝတ်နှင့် အညီ လိုက်နာ ဆောင်ရွက်ခြင်း သည် မြင့်မြတ်သော ဂုဏ်ဒြပ် တစ်ရပ်ပင် ဖြစ်သည်။ လူ့ကျင့်ဝတ် ဝတ္တရား လိုက်နာမှုကို သာဓက ထုတ်ပြရလျှင် လမ်းပေါ်တွင် အမှိုက် မစွန့်ခြင်း၊ အမှိုက်တွေ့ ပါကလည်း ကောက်သိမ်းခြင်း၊ အများသုံး အိမ်သာ များတွင် မလိုအပ်ဘဲ ရေပိုက်ခေါင်းများ ဖွင့်ထားပါက ပိတ်ပေးခြင်း နှင့် မလိုအပ်သော မီး၊ ပန်ကာများ ခလုတ်ပိတ်ခြင်း ကဲ့သို့သော ဆောင်ရွက်ချက် များ ဖြစ်သည်။

ခြုံ၍ တင်ပြရလျှင် စည်းကမ်း ပြည့်ဝသော ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက် ရာတွင် တစ်ထောင့် တစ်နေရာမှ ပါဝင် နေကြသော ကျွန်တော်တို့ အားလုံးသည် ၂ဝ၁၄ ခုနှစ် ကုန်ဆုံးပြီ ဖြစ်သဖြင့် ၂ဝ၁၅ ခုနှစ်အတွက် ခိုင်မာသော သန္နိဋ္ဌာန်များ ချမှတ်လျက် မိမိ တာဝန်ယူ ရသော အစိတ်အပိုင်း အခန်းကဏ္ဍ တွင် တာဝန်ယူမှု၊ တာဝန်ခံမှု တို့ဖြင့် လူ့ကျင့်ဝတ်များ အတိုင်း လိုက်နာ ဆောင်ရွက် သွားသင့် ပါကြောင်း ဉာဏ်မီသမျှ အကြံပြု တင်ပြ လိုက်ပါသည်။

#Themyawadydaily
#မြ၀တီနေ့စဉ် 

No comments:

Post a Comment