Pages

Friday, January 2, 2015

အဝေးသင် တက္ကသိုလ် သင်ခန်းစာများကို ၀က်ဘ်ဆိုက်မှ တစ်ဆင့် ထုတ်လွှင့်သွားမည်



ရန်ကုန် ၊ ၂-၁-၂၀၁၅

၂ဝ၁၅ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစတင်၍ အဝေးသင် သင်ခန်းစာ များကို www.yude.edu.mm ရှိ YUDE Education TV ( YUDE-ETV ) မှတစ်ဆင့် နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ တိုက်ရိုက်ထုတ်လွှင့် ပြသသွား တော့မည် ဖြစ်ကြောင်း ရန်ကုန် အဝေးသင် တက္ကသိုလ် ပါမောက္ခချုပ် ဦးလှတင့် က ပြောသည်။

''ကျွန်တော်တို့ အနေနဲ့ ဒီဝက်ဘ်ဆိုက် ကို ပြီးခဲ့တဲ့ ၂ဝ၁၃ ခုနှစ် မေလလောက် ကတည်းက စတင်စမ်းသပ် အသုံးပြုခဲ့တာပါ။ အခုလို တီဗွီ ပရိုဂရမ်အနေနဲ့ သင်ခန်းစာတွေကို ပို့ချနိုင်ဖို့ ကိုတော့ ပြီးခဲ့တဲ့ ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့မှ စတင်စမ်းသပ် နိုင်ခဲ့တာပါ။ အခုတော့ ဇန်နဝါရီ ၁ ရက်ကနေစတင်ပြီး ကျောင်းသားတွေ လေ့လာနိုင်ပါပြီ ... '' ဟု အဝေးသင် တက္ကသိုလ်ပါ မောက္ခချုပ် ဦးလှတင့် က ပြောသည်။

ယခု ထုတ်လွှင့်သွားမည့် ပုံစံမှာ သက်ဆိုင်ရာ ဆရာ၊ ဆရာမများက ၁၅ မိနစ်ခန့် ထုတ်လွှင့် ခဲ့စဉ်က အတိုင်းသာ ပို့ချသွားမှာ ဖြစ်၍ ဘာသာရပ် တစ်ခုကို တစ်နေ့လျှင် သုံးခေါက် ပြန်လည် ပို့ချပေးသွားမည် ဖြစ်ပြီး နားမထောင် လိုက်ရသည့် ဘာသာရပ်များ အတွက်လည်း ပရိုဂရမ်ဖိုင်တွင် ဒေါင်းလော့ခ် ပြန်လည် လုပ်ယူ၍ လေ့လာနိုင် တော့မည် ဖြစ်သည်။ ထို့ပြင် ယခုပို့ချမှုကို Password မခံထားဘဲ မည်သူမဆို ဝင်ရောက် လေ့လာနိုင်မည် ဖြစ်သည်။

''ကျွန်တော်တို့ အနေနဲ့ ဒီပရောဂျက်ကို လုပ်ဖို့အတွက် Winner Company နဲ့ ချိတ်ဆက် ဆောင်ရွက်ခဲ့ရ ပါတယ်။ သူတို့ဆီက နည်းပညာနဲ့ အခုလို ပထမဆုံး ဝက်ဘ်ဆိုက်ကနေ ပို့ချသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် မည်သည့် နေရာတွင်မဆို အင်တာနက် ရရှိပါက လွတ်လပ်စွာ နားထောင်နိုင်မှာ ဖြစ်သလို အင်တာနက်လိုင်း မကောင်းလျှင်လည်း ဗီဒီယိုဖိုင်ကို ဒေါင်းလော့ခ်ဆွဲယူ ထားနိုင်တဲ့ အတွက် ကျောင်းသားတွေ အတွက် များစွာ အဆင်ပြေ သွားမှာပါ '' ဟု ပါမောက္ခချုပ် က ပြောသည်။

ယခုထုတ်လွှင့် ပေးသွားမည့် ဝက်ဘ်ဆိုက် YUDE Website မှ တစ်ဆင့် သတင်း အချက်အလက် များ ဥပမာ - ပညာသင်ဆု လျှောက်ထားခြင်း၊ စာမေးပွဲ အချိန်စာရင်း နှင့် အောင်စာရင်းများ ထုတ်ပြန်ချက် များကိုလည်း ထုတ်ပေး သွားမည် ဖြစ်ကြောင်း သိရသည်။

ကျော်ကိုဆင့်

#Themyawadydialy
#မြ၀တီနေ့စဉ်

No comments:

Post a Comment