Pages

Thursday, January 1, 2015

ဒီဇင်ဘာလအတွင်း ဧရာဝတီမြစ် အထက်ပိုင်းတွင် ကျက်စားလျက် ရှိသော ဧရာဝတီလင်းပိုင်များ မင်းကွန်းဒေသ အနီးသို့ ပြောင်းရွှေ့လာ



ရန်ကုန် ၊ ၁-၁-၂ဝ၁၅

မြန်မာနိုင်ငံရှိ မြစ်ချောင်းများတွင် ရေနည်းပါး သောကာလ ရောက်ရှိလာ သောကြောင့် ဧရာဝတီမြစ် အထက်ပိုင်းတွင် ကျက်စားလျက် ရှိသော ဧရာဝတီ လင်းပိုင် များသည် မြစ်အောက်ပိုင်း မင်းကွန်းဒေသ အနီးသို့ ပြောင်းရွှေ့ ကျက်စား လာကြောင်း ဧရာဝတီ လင်းပိုင် ထိန်းသိမ်းရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

ဧရာဝတီ လင်းပိုင် များသည် အောက်တိုဘာ လကုန်ပိုင်းမှ စ၍ တဖြည်းဖြည်း ဧရာဝတီမြစ် အောက်ပိုင်းသို့ ရွေ့လျား လာကြောင်း၊ ဧရာဝတီ လင်းပိုင် ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ရေး နယ်မြေ (မန္တလေး - ကျောက်မြောင်း) အတွင်း ပညာပေး လုပ်ငန်းနှင့် လင်းပိုင်အုပ်စုများ ဖြန့်ကြက် နေထိုင် ကျက်စားမှု လေ့လာ သုံးသပ်ရေး ခရီးစဉ်အတွင်း လင်းပိုင်များအား မြစ်အောက်ဘက် မင်းကွန်းဒေသ အနီးရှိ ရွာတန်းရှည်၊ မြေစွန်း၊ ဥတိန်၊ မြစ်ကမ်းကြီး၊ အိုင့်ဒိုင်နှင့် ဒေါင်းကျွန်း စသည့် ကျေးရွာအနီး ဝန်းကျင်များတွင် တွေ့ရှိရ သည်ကို မှတ်တမ်းတင် နိုင်ခဲ့ကြောင်း သိရသည်။

ယခင် ခရီးစဉ်များတွင် ဧရာဝတီ လင်းပိုင် များအား စိန်ပန်းကုန်း အထက်ပိုင်းမှ စတင် တွေ့ရှိခဲ့ရာ ယခုအခါ ဒေါင်းကျွန်း ကျေးရွာအထိ ကျက်စားနေထိုင် လာသည်ကို မြင်တွေ့ ရကြောင်း၊ ဧရာဝတီ လင်းပိုင် ထိန်းသိမ်းရေး နယ်မြေအတွင်း အကောင်ရေ ၂၄ ကောင် ရှိကြောင်း၊ ယခုအခါတွင် ဧရာဝတီ လင်းပိုင် အကောင်ရေ ၁၈ ကောင်ကို အုပ်စုသုံးစု ခွဲပြီး တွေ့ရကြောင်း၊ လက်ရှိ ဧရာဝတီ မြစ်ရေ နည်းပါးလာကာ မြစ်ခွဲငယ် အများအပြား ဖြစ်ပေါ် နေသည့်အတွက် မြစ်ခွဲငယ်များ အတွင်း ကျန်လင်းပိုင်များ ခိုအောင်း နိုင်ကြောင်း သိရသည်။

ဧရာဝတီလင်းပိုင်များ အနေဖြင့် ယခင်နှစ် က ဇန်နဝါရီလတွင် မင်းကွန်းဒေသ အနီး ပတ်ဝန်းကျင် သို့ ပြောင်းရွှေ့ကာ တစ်လကျော် နေထိုင်ကျက်စား ခဲ့ကြောင်း၊ ယခု တွေ့ရှိချက် အရ ဒီဇင်ဘာလ အတွင်း ပြောင်းရွှေ့ကျက် စားလာကြခြင်း ဖြစ်ကြောင်း၊ ယခုနှစ် ခရီးသွားရာသီ အစတွင် လင်းပိုင်များအား သွားရောက် ကြည့်ရှုခဲ့သည့် နိုင်ငံခြား ခရီးသွား ဧည့်သည် ၁ဝ ဖွဲ့ခန့်ရှိပြီး လင်းပိုင်ကြည့် ခရီးစဉ် သွားရောက် ကြည့်ရှုရန် ခွင့်ပြုချက် ရယူထားသည့် အဖွဲ့များလည်း ရှိကြောင်း၊ ပြီးခဲ့သည့်နှစ် များနှင့် ယခုနှစ်အတွင်း ရာသီဥတု ဖောက်ပြန်မှု များကြောင့် ဧရာဝတီ လင်းပိုင် အကောင်ရေ လျော့နည်း လာကြောင်း သိရသည်။

စိုးမိုး

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment