Pages

Thursday, January 22, 2015

ဂျိုက်သိုးရောဂါ ကာကွယ်ဆေး ထိုးနှံခြင်း လုပ်ငန်းများ ပထမဆုံးအကြိမ် ဆောင်ရွက်ရန် အမေရိကန် ဒေါ်လာ ၂၃ သန်း သုံးစွဲမည်


ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်မြို့ ၊ အမှတ်(၇) အခြေခံပညာ အထက်တန်းကျောင်းရှိ ကျောင်းသား ကျောင်းသူများအား ၀က်သက်ရောဂါ နှင့် ဂျိုက်သိုးရောဂါ ကာကွယ်ဆေး ထိုးပေးစဉ်

ရန်ကုန် ၊ ၂၂-၁-၂၀၁၅

မြန်မာနိုင်ငံ၌ ဂျိုက်သိုးရောဂါ ကာကွယ်ဆေး ထိုးနှံခြင်း လုပ်ငန်းများကို ပထမဆုံး အကြိမ် အနေဖြင့် ဆောင်ရွက်ရန် အမေရိကန် ဒေါ်လာ ၂၃ သန်း သုံးစွဲသွားမည် ဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာန ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

အဆိုပါ ကာကွယ်ဆေး ထိုးနှံခြင်းကို ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ (WHO) ၊ UNICEF နှင့် ကျန်းမာရေး ဝန်ကြီးဌာနတို့ ပူးပေါင်း၍ ဇန်နဝါရီ ၁၉ ရက်မှ စတင်ကာ အသက် ငါးနှစ်မှ ၁၅ နှစ်အထိ ကျောင်းနေအရွယ် ကလေး ၈ ဒသမ ၅ သန်းခန့်အား ကျောင်း အခြေပြု အဖြစ် လည်းကောင်း၊ အသက် ကိုးလမှ ငါးနှစ်အရွယ် ကလေး ၈ ဒသမ ၇ သန်း ခန့်အား ပြည်သူလူထု အခြေပြု ကာကွယ်ဆေးထိုး အစီအစဉ်များ အဖြစ် လည်းကောင်း ဇန်နဝါရီလ နှင့် ဖေဖော်ဝါရီလ တို့တွင် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ တစ်ဝန်းလုံး၌ ဝက်သက်ရောဂါ နှင့် ဂျိုက်သိုးရောဂါ ကာကွယ်ဆေး အစုလိုက် ထိုးနှံခြင်း လုပ်ငန်း ၂ဝ၁၅ ဟူ၍ စီမံချက်ရေးဆွဲ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့၏
ညွှန်ကြားချက်ဖြင့် ၂ဝ၂ဝ ပြည့်နှစ်တွင် အရှေ့တောင် အာရှ ဒေသ၌ ဝက်သက်ရောဂါ ကင်းစင်ရေး နှင့် ဂျိုက်သိုးရောဂါ ထိန်းသိမ်း ကာကွယ်နိုင်ရေး စီမံချက်များကို အကောင် အထည်ဖော် ဆောင်ရွက်ခြင်း ဖြစ်ပြီး ၂ဝ၁၂ ခုနှစ်အတွင်း ဝက်သက်ရောဂါ ပပျောက်ရန် ကာကွယ်ဆေး ထိုးခြင်း လုပ်ငန်းများ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ယခုအခါ ဝက်သက်ရောဂါ ကာကွယ်ဆေး အပြင် ဂျိုက်သိုးရောဂါ ကာကွယ်ဆေး ကိုပါ ပေါင်းစပ် ဖော်ထားသည့် ဆေးဖြင့် ထိုးပေးမည် ဖြစ်ပြီး ၄င်းဆေးထိုးပြီး သုံးရက် အတွင်း အနီဖုလေးများ ထွက်ခြင်းနှင့် ကိုယ်နွေးခြင်းများ ဖြစ်စေသည့် အတွက် အခြား ဆေးကိုပါ ထိုးပေးခြင်း ဖြစ်ကြောင်း သိရသည်။

ဂျိုက်သိုးရောဂါ သည် မိခင်တွင် ဖြစ်ပွားနေပါက သန္ဓေသားအား ရာခိုင်နှုန်းပြည့် ကူးစက်နိုင်ပြီး ဝက်သက်ရောဂါ သည် ပြင်းထန်ပါက သေစေနိုင် သော်လည်း သန္ဓေသား သို့ ကူးစက်မှု လုံးဝ မရှိကြောင်း သိရသည်။ 

ယင်းအတွက် ဂျိုက်သိုးရောဂါ သည် သန္ဓေသား အထိ ဒုက္ခပေး နိုင်သောကြောင့် ကာကွယ်ရေး လုပ်ငန်းများ လုပ်ဆောင် ရခြင်းဖြစ်ကြောင်း သိရသည်။

ကိုယ်ဝန်ဆောင် ချိန်တွင် ဂျိုက်သိုးရောဂါ ကူးစက်ခံရ ပါက ကိုယ်ဝန်ပျက်ခြင်း၊ ကလေး သေဆုံးခြင်း နှင့် မွေးရာပါ ဂျိုက်သိုးရောဂါ ခံစား နေရသော ကလေးအဖြစ် မွေးဖွားလာခြင်း ဖြစ်စေပြီး ယင်းကဲ့သို့ မွေးရာပါ ဂျိုက်သိုးရောဂါ ဖြစ်ပွားပါက မွေးရာပါ နှလုံးရောဂါ၊ မျက်စိ အတွင်းတိမ်၊ ဘေလုံးကြီးခြင်း၊ အရေပြားအောက် သွေးနီစက်များ ထခြင်းနှင့် နားမကြားခြင်း စသည့် ရောဂါများ ဖြစ်ပွား စေတတ်ကြောင်း သိရသည်။

စိုးမိုး

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment