Pages

Sunday, January 25, 2015

တစ်နိုင်ငံလုံးရှိ ယဉ်ကျေးမှု အမွေအနှစ်၏ လေးပုံတစ်ပုံ မန္တလေးတိုင်း ဒေသကြီးအတွင်း၌ တည်ရှိနေ



မန္တလေး ၊ ၂၅-၁-၂၀၁၅

မန္တလေးတိုင်း ဒေသကြီးတွင် ရှေးဟောင်း ယဉ်ကျေးမှု ဆိုင်ရာ အမွေအနှစ် နယ်မြေများ မြောက်မြားစွာ ရှိသည်။ မြန်မာ တစ်နိုင်ငံလုံး ရှိ အမွေအနှစ် စုစုပေါင်း၏ လေးပုံတစ်ပုံ ရှိပြီး မတူးဖော် ရသေးသည့် မြို့ဟောင်း များလည်း ကျန်ရှိ နေသေးကြောင်း သိရသည်။

မိတ္ထီလာ ခရိုင် မလှိုင်မြို့နယ် အတွင်းရှိ မြစ်ဦးလှည့် မြို့ဟောင်း (ကြေးခေတ်၊ သံခေတ် လုပ်ကွက်) မှ ပျူခေတ် မြို့ပြများ ထွန်းကားချိန်တွင် ပင်လယ် မြို့ဟောင်း၊ မိုင်းမောမြို့ဟောင်း၊ နွားထိုးကြီး မြို့နယ် အတွင်းရှိ ဝတီးမြို့ဟောင်း၊ မြစ်သားမြို့နယ် အတွင်းရှိ ပင်လယ် မြို့ဟောင်း၊ မြို့ပြနိုင်ငံများ ထွန်းကား ချိန်တွင် ပုဂံ၊ ရှမ်းညီနောင် သုံးဦး တည်သည့် မြင်စိုင်းမြို့ဟောင်း၊ ပင်းယ၊ မက္ခရာ မြို့ဟောင်း၊ အင်းဝ၊ အမရပူရ၊ မြနန်းစံကျော် ရွှေနန်းတော် လေးကျွန်း အောင်မြေ အစရှိသည့် မြို့ဟောင်းများ ထွန်းကား ခဲ့ကြောင်း ရှေးဟောင်း ယဉ်ကျေးမှု ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

ယဉ်ကျေးမှု နယ်မြေများမှ သဘာဝ အမွေအနှစ် တစ်ခုဖြစ်သော ပြဒါးလင်းဂူ မှာ သဘာဝ အလျောက် တည်ရှိသော ဂူကြီးဖြစ်ပြီး ကျောက်ခေတ် တွင် ရေးဆွဲ ထားသည့် ပန်းချီ လက်ရာများ ကိုလည်း အထင်အရှား မြင်တွေ့ နိုင်သေးကြောင်း သိရသည်။ မန္တလေးတိုင်း ဒေသကြီး အတွင်း၌ လည်း မြို့ဟောင်း များစွာ တည်ရှိခဲ့ပြီး အထူးသဖြင့် ပျူခေတ်မှ ရတနာပုံခေတ် အထိ ရှိခဲ့သော မြို့ဟောင်းများ ဖြစ်ကြောင်း သိရသည်။

မြန်မာ တစ်နိုင်ငံလုံး တွင် ယဉ်ကျေးမှု နယ်မြေပေါင်း ၄၆ ခုရှိပြီး မန္တလေးတိုင်း ဒေသကြီး အတွင်း၌ ဇုန်ကိုးဇုန် ရှိကြောင်း သိရသည်။

''မိတ္ထီလာ နဲ့ ရမည်းသင်း ဒေသမှာ ယဉ်ကျေးမှု နယ်မြေ ၄၇ ခု ရှိပါတယ်။ အဲဒါက ၂ဝ၁၃ ခုနှစ် စာရင်းဝင် အဆောက်အအုံ စာရင်းတွေပါ။ မြေပေါ် မြေအောက် ယဉ်ကျေးမှု နဲ့ ဆိုင်တဲ့ ရှေးဟောင်း နယ်မြေတွေ ဟာ အဲဒီ ခရိုင် နှစ်ခုတည်း မှာကို တော်တော်လေး များပါတယ် '' ဟု အဆိုပါ ဌာနမှ ဒေသ တာဝန်ခံ ဒုတိယ ဦးစီးမှူး တစ်ဦးက ပြောပြသည်။

ရှေးဟောင်းဇုန် များကို Protected Preserve Zone, Acience Zone, Acience Monumental Zone ဟူ၍ ခွဲခြားထားပြီး ကွင်းဆင်း သုတေသန ပြုလုပ်ခြင်း၊ တူးဖော်ခြင်း၊ ဖော်ထုတ်ခြင်း၊ ထိန်းသိမ်းခြင်း၊ ပုံနှိပ် ဖြန့်ဝေခြင်း၊ ပြတိုက်များဖြင့် ပြသခြင်း စသည်ဖြင့် သမိုင်း ယဉ်ကျေးမှုများ မပျောက်ပျက် ရန် ထိန်းသိမ်းမှုများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။

ယဉ်ကျေးမှု အမွေအနှစ် ဆိုသည်မှာ သမိုင်းအရ ဖြစ်စေ၊ ယဉ်ကျေးမှု အရ ဖြစ်စေ၊ အနုပညာ လက်ရာမြောက်မှု အရဖြစ်စေ၊ မနုဿဗေဒ အရဖြစ်စေ၊ တန်ဖိုး ကြီးမားသော ကာကွယ် ထိန်းသိမ်းရန် လိုအပ်သည့် ရှေးဟောင်း အထိမ်းအမှတ် အဆောက်အအုံ (သို့မဟုတ်) ရှေးဟောင်း နေရာကို ဆိုလိုသည်။

ရှေးဟောင်း အထိမ်းအမှတ် အဆောက်အအုံ ဆိုရာတွင် ရှေးဟောင်း သုတေသန နှင့် အမျိုးသား ပြတိုက် ဦးစီးဌာန စုံစမ်း စစ်ဆေးသည့် နေ့မတိုင်မီ နှစ်(၁ဝဝ)က တည်ရှိခဲ့သော (သို့မဟုတ်) ယဉ်ကျေးမှု အမွေအနှစ် ဟု သတ်မှတ် ထားသော အဆောက်အအုံ၊ စေတီ၊ ပုထိုး၊ ဘုန်းတော်ကြီးကျောင်း၊ နန်းတော်၊ အဆောက်အအုံ၊ ပန်းပု၊ ရုပ်တု၊ ပန်းချီ၊ သဘာဝ အလျောက် တည်ရှိသည့် (သို့မဟုတ်) လူတို့ ဖန်တီးသည့် လူသားတို့ ခိုအောင်း နေထိုင်ခဲ့သော ဂူ၊ ကမ္ပည်း ကျောက်စာ၊ မော်ကွန်း၊ လမ်း၊ တံတား၊ သင်္ချိုင်းဂူ၊ သင်္ချိုင်းရာ၊ တူးဖော် ထားသော အဆောက်အအုံ အကြွင်းအကျန်၊ ရေကန်၊ မြို့ရိုး၊ တံတိုင်း၊ တံခါးမုခ်ဝ၊ ကျုံး၊ ခံတပ် ၄င်းတို့၏ အကြွင်းအကျန် တို့ ပါဝင်ကြောင်း သိရသည်။

ယဉ်ကျေးမှု အမွေအနှစ် ဒေသမှာ ရှေးဟောင်း အထိမ်းအမှတ် အဆောက်အအုံ တည်ရှိရာ ဇုန်၊ ရှေးဟောင်း နေရာ တည်ရှိရာ ဇုန် (သို့မဟုတ်) ကာကွယ် ထိန်းသိမ်း ထားသောဇုန် ကို ဆိုလိုကြောင်း သိရသည်။ (၁၇၂)

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment