Pages

Wednesday, January 21, 2015

မဟာမုနိ ရုပ်ရှင်တော်မြတ် မြောက်ဘက်ခြမ်း စမြင်ဆောင် ကို ရွှေသားတစ်ပိဿာကျော် အသုံးပြု၍ ရွှေပိန်းချ ပြုပြင်



မန္တလေး ၊ ၂၁-၁-၂၀၁၅

မန္တလေးမြို့ မဟာမုနိ ရုပ်ရှင်တော်မြတ် ကိန်းဝပ်စံပယ် တော်မူသည့် ကျောင်းတော်ကြီး အတွင်း တိုင်ပေါင်း ၁၃၂ တိုင် ရှိသည့်အနက် မြောက်ဘက်ခြမ်း စမြင်ဆောင် ရှိ တိုင်များ နှင့် နံရံများ အရောင် မှေးမှိန် နေသောကြောင့် တစ်ဖန် ပြန်လည် ရွှေပိန်းချခြင်း ၊ ရွှေရေးပန်းချီ ရေးဆွဲခြင်း များကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ မှစ၍ လုပ်ဆောင် နေကြောင်း သိရသည်။

မဟာမုနိ ရုပ်ရှင်တော်မြတ် ဘုရားကြီး ၏ မြောက်ဘက် စမြင်ဆောင် ရှိ တိုင် ၁၆ တိုင်ကို ကုန်းဘောင် ခေတ်နှောင်းပိုင်းဟန် ပန်းချီလက်ရာ များဖြင့် ရွှေရေးပန်းချီ ပြန်လည် ရေးဆွဲနေပြီး မူလလက်ရာများ ကဲ့သို့ အနုစိတ် တော့မည် မဟုတ်ကြောင်း ၊ ထို့ပြင် နေ တိုက်ရိုက် ထိသော တိုင်အပြင် မျက်နှာစာ များကို ရွှေပိန်းမချဘဲ ရွှေဆေးသာ ကပ်လှူမည် ဖြစ်ကြောင်း သိရသည်။

မြောက်ဘက် စမြင်ဆောင် ရှိ ရုံးများ ၊ နံရံများ ရွှေပိန်းချခြင်း ကို ဖေဖော်ဝါရီ ပထပတ်တွင် ပြီးစီးအောင် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ၊ ထိုကဲ့သို့ ပြန်လည် ပြုပြင်ပြီးချိန် မှစ၍ နောင် ၁၀ နှစ်အထိ ဆေးရောင် မှေးမှန် သွားခြင်း မရှိကြောင်း ၊ ရွှေပိန်းချခြင်း ၊ ရွှေရေးပန်းချီ ရေးဆွဲသည့် လုပ်ငန်းရှင် နှစ်ဦးက အာမခံ ထားကြောင်း သိရသည်။

" တိုင်တွေကို ရွှေပိန်းချ နိုင်ဖို့ အတွက် ရွှေဆိုင်းလုပ်ဖို့ ရွှေသား အလေးချိန် တစ်ပိဿာနဲ့ ၂၀ ကျပ်သား ကုန်ကျမှာ ဖြစ်ပါတယ်။ ဒါက ပြန်ပြီး ပြုပြင်မယ့် ၁၆ တိုင်စာ အတွက်ပါပဲ။ ငွေသားနဲ့ တွက်မယ်ဆိုရင် ငွေကျပ် သိန်း ၇၈၀ ကျော် ကုန်ကျမှာ ဖြစ်ပါတယ်။ ရွှေပိန်းချမှု အတွက် လက်ခအနေနဲ့က တစ်ဆိုင်း အရွက် ၁၀၀ ကို လုပ်ခငွေကျပ် ၄၀၀၀ ပေးရပါတယ်။ ရွှေတစ်ကျပ်သားကို ရွှေဆိုင်း ပြန်လုပ်ဖို့ အတွက် လုပ်ခငွေကျပ် ၅၀၀၀၀ ပေးရပါတယ်။ 

ရွှေတစ်ကျပ်သား ဆိုရင် အရွက် ၁၀၀ ပါ ရွှေဆိုင်း ၂၃ ဆိုင်း လောက် ထွက်ပါတယ်။ အခုလို ရွှေပိန်းချ မလုပ်ခင် မူလလက်ဟောင်း တွေကို ပြန်ခွာပြီး ရွှေဟောင်းကို ပြန်လည် ထုတ်ယူရမှ ပြန်လုပ်သူတွေ က ၁၈ လက်မ ပတ်လည် တစ်ကွက်စာ အတွက် ရွှေ ၁ ဒသမ ၅ ရွေး ပြန်ပေးအပ် ရပါတယ် "  ဟု မဟာမုနိ ဘုရားကြီး ဂေါပက အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

ယခုကဲ့သို့ ပြန်လည် ပြုပြင်သည့် ကုန်ကျမှု စုစုပေါင်းမှာ ငွေသား အနေဖြင့် ငွေကျပ် သိန်း ၁၈၀ ခန့်နှင့် ရွှေသား တစ်ပိဿာ ၂၀ ကျပ်သား ကုန်ကျမည် ဖြစ်ပြီး မဟာမုနိ ဘုရားကြီး ဘက်စုံ ပြုပြင် မွမ်းမံသည့် ဘဏ္ဍာငွေ များမှ အသုံးပြု၍ ပြုပြင်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

နိုင်လင်း

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment