Pages

Sunday, January 25, 2015

ကင်ဆာရောဂါ ဂရုပြုကာကွယ်


ကင်ဆာရောဂါ ဂရုပြုကာကွယ်

ကင်ဆာဟု ဆိုလိုက်သည်နှင့် ကြောက်စရာ အကောင်းဆုံးသော ရောဂါများ ထဲမှ တစ်ခုအပါအ၀င် ဖြစ်သည်ဟု လူတိုင်း လက်ခံ ထားကြသည်။ ယနေ့ခေတ်တွင် ကင်ဆာရောဂါ သည် အတိုင်းအတာ တစ်ခုအထိ ထိန်းချုပ် ထားနိုင်သကဲ့သို့ အချို့ ကင်ဆာရောဂါ များမှာ လုံးဝ ပျောက်ကင်းသည် အထိ ကုသ၍ ရသော ရောဂါတစ်ခု ဖြစ်လာသည်။ သို့သော် ကင်ဆာရောဂါ မဖြစ်ပွား စေရန် ဂရုပြု ကာကွယ်ရမည် ဖြစ်သည်။

ကြိုတင် ကာကွယ်ခြင်း ၊ စောစီးစွာ တွေ့ရှိနိုင်ရန် ရောဂါ ရှာဖွေ စစ်ဆေးခြင်း နှင့် ကုသခြင်း လုပ်ငန်းများသည် ကင်ဆာရောဂါ အားလုံးအတွက် အရေး အကြီးဆုံးသော လိုအပ်ချက် ဖြစ်သည်။ " ကာကွယ်ခြင်းသည် ကုသခြင်းထက် ကောင်း၏ " ဟု ဆိုသကဲ့သို့ ကင်ဆာရောဂါ ကင်းဝေးစေရန် အတွက် ကာကွယ်၍ ရသော ကင်ဆာရောဂါ များကို ကာကွယ်နိုင်ရန် အရေးကြီးသည်

ကင်ဆာရောဂါ သည် အသက်အရွယ် မရွေး ၊ အမျိုးသား ၊ အမျိုးသမီး မရွေး ဖြစ်ပွားနိုင်သည်။ အသက်အရွယ် ကြီးရင့်မှု ၊ မျိုးရိုးလိုက်မှု ၊ မျိုးရိုးဗီဇ ( DNA) မွေးရာပါ အခြေအနေ အရ တစ်ဦးနှင့် တစ်ဦး ၊ မတူ ကွဲပြားမှု စသည့် ပြုပြင်၍ မရသော အချက်များကြောင့် ဖြစ်ရသည့် ကင်ဆာရောဂါ များ ရှိသော်လည်း မိမိနေထိုင် ကြီးပြင်းရာ ဒေသအလိုက် ပတ်ဝန်းကျင် နှင့် လူနေမှု စနစ်ကြောင့် ဖြစ်ရသော ကင်ဆာရောဂါ များကို လူမှု နေထိုင်မှု ပုံစံ ပြုပြင် ပြောင်းလဲခြင်းဖြင့် ကင်ဆာရောဂါ ၃၀ မှ ၄၀ ရာခိုင်နှုန်း ခန့်ကို ကာကွယ် နိုင်ကြောင်း သိရသည်။

အဆုပ် ကင်ဆာရောဂါ လူနာများ၏ ၉၀ ရာခိုင်နှုန်းမှာ ဆေးလိပ် သောက်သုံးခြင်း ကြောင့် ဖြစ်သည်။ ဆေးလိပ်တွင် ပါဝင်သော ဓာတုပစ္စည်း ၄၀၀၀ ကျော်အနက် နီကိုတင်းဓာတ် အပါအ၀င် ဓာတ် အတော် များများသည် ကင်ဆာရောဂါ ကို ဖြစ်စေနိုင် သောကြောင့် ဆေးလိပ် သောက်ခြင်း ဖြတ်ပါက အဆုတ်ကင်ဆာ ဖြစ်ပွားမှုကို ကာကွယ် နိုင်မည် ဖြစ်သည်။

ကမ္ဘာပေါ်ရှိ ကင်ဆာရောဂါ များအနက် အသည်းကင်ဆာ သည် အသေအပျောက် အများဆုံး ရောဂါဟု ဆိုရမည် ဖြစ်သည်။ အသည်းကင်ဆာ ရောဂါ၏ ၈၀ ရာခိုင်နှုန်း မှာ အသည်းရောင် အသားဝါ ဘီပိုး ၊ စီပိုး တို့ကြောင့် ဖြစ်သည်။ အသည်း ကင်ဆာကို ကာကွယ်နိုင်ရန် ဘီပိုး ကာကွယ်ဆေး ထိုးရမည်။ မလိုအပ်ဘဲ သွေးသွင်းခြင်း ၊ ဆေးထိုးခြင်း ၊ ဆေးမင်ကြောင် ထိုးခြင်း တို့ကို မပြုလုပ် သင့်ပေ။ အရက် အလွန်အကျွံ သောက်ခြင်းကို ထိန်းသိမ်း ကြရမည် ဖြစ်သည်။

ထို့ပြင် သားအိမ်ခေါင်း ကင်ဆာသည် ဖွံ့ဖြိုးဆဲ နိုင်ငံများရှိ အမျိုးသမီးများတွင် အဖြစ်များပြီး ၉၀ ရာခိုင်နှုန်း ကျော်မှာ လိင်အင်္ဂါ ကြွက်နို့ရောဂါ Human Papilloma Virus (HPV) ပိုးကြောင့် ဖြစ်သည်။ အဆိုပါ ရောဂါကို ကာကွယ်ဆေး ထိုးနှံခြင်းဖြင့် ကာကွယ် နိုင်သည်။

သို့ဖြစ်ရာ လူတိုင်း လူတိုင်း အနေဖြင့် ငယ်ရွယ်စဉ် ဘ၀မှ အစပြု၍ ဘ၀ တစ်လျှောက်လုံး ကျန်းမာရေး နှင့် ညီညွတ်သော လူမှုဘ၀ပုံစံ ကို နေ့စဉ် လိုက်နာ ကျင့်ကြံ နေထိုင်ခြင်းဖြင့် ကင်ဆာရောဂါ သာမက အခြား ကူးစက် တတ်သော ရောဂါများ ကိုလည်း ကာကွယ် နိုင်မည် ဖြစ်ပါကြောင်း အသိပေး ရေးသား လိုက်ရပေသည်။

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment