Pages

Monday, December 22, 2014

တက္ကသိုလ်များတွင် ကျောင်းသား ကျောင်းသူများက ဆရာ ဆရာမများကို အကဲဖြတ် အမှတ်ပေးသည့်စနစ် ကျင့်သုံးမည်



ရန်ကုန် ၊ ၂၂-၁၂-၂၀၁၄

တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ များက ဆရာ၊ ဆရာမ များကို အကဲဖြတ် အမှတ်ပေးသည့် စနစ်အား တက္ကသိုလ် များတွင် ကျင့်သုံးမည် ဖြစ်ကြောင်း ရန်ကုန် တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ အောင်သူ က ပြောသည်။

''ဖွဲ့စည်းပုံအရ ပါမောက္ခချုပ် ကနေ သရုပ်ပြ ရာထူးအထိ ဆက်လက်ခန့်ထားမှု ရှိ၊ မရှိ ကို အချိန်ပိုင်း စနစ်နဲ့ ပြောင်းလဲ ကျင့်သုံးမှာ ဖြစ်တဲ့အတွက် ဒီ အကဲဖြတ်စနစ်ကို ကျင့်သုံးခြင်း ဖြစ်ပါတယ်။ ရလဒ်တွေကို ပါမောက္ခချုပ် ကနေ သရုပ်ပြရာထူး အထိ ရာထူး အတိုး - အလျှော့ ကိစ္စရပ်တွေမှာ ထည့်သွင်း စဉ်းစားမှာ ဖြစ်ပါတယ်။ ဒီ အကဲဖြတ်စနစ် အရ အရင် ပုံစံအတိုင်း ရာထူး အလွယ်တကူ မတိုးတော့ဘဲ ဆရာမ အားလုံးရဲ့ အရည်အသွေး အမှန်ကို သိရှိနိုင်မှာ ဖြစ်ပါတယ်။ ဆရာတစ်ယောက် ရဲ့ အရည်အသွေးကို ကျောင်းသားက အကဲဖြတ် ပေးတဲ့စနစ် ဖြစ်ပါတယ်'' ဟု ၄င်းက ဆက်လက် ပြောသည်။

အဆိုပါစနစ်ကို ရေးဆွဲလျက် ရှိသည့် အဆင့်မြင့် ပညာရေး ဥပဒေမူကြမ်း တွင် ထည့်သွင်းထားပြီး တက္ကသိုလ်များ အရည်အသွေး အကဲဖြတ်ရေး လုပ်ငန်းစဉ်များ အရ တက္ကသိုလ် များ ဖွဲ့စည်းပုံ ပြောင်းလဲ၍ ကျောင်းသား များက တက္ကသိုလ် ဆရာ၊ ဆရာမ များအား ပြန်လည် အကဲဖြတ် အမှတ်ပေးသည့် စနစ်ကို ကျင့်သုံး သွားမည် ဖြစ်ကြောင်း သိရသည်။

ကျောင်းသား ကျောင်းသူများသည် ဆရာ၊ ဆရာမများ၏ အရည်အသွေး ကို အကဲဖြတ် ရာတွင် ပညာသင်နှစ် တစ်နှစ် ပြီးဆုံးသည့် အခါ အဆိုပါ အမှတ်ပေး စနစ်ဖြင့် ဆရာများ၏ သင်ကြားမှု စွမ်းရည်နှင့် ဗဟုသုတ စွမ်းရည်ကို အကဲဖြတ်မှု လုပ်ဆောင်မည် ဖြစ်သည်။ ယင်းသို့ ဆောင်ရွက်ပြီး နောက် သက်ဆိုင်ရာ တက္ကသိုလ်များ အလိုက် အရည်အသွေး အကဲဖြတ်ရေး အဖွဲ့များ ဖွဲ့စည်းကာ ၄င်း ရလဒ်များကို ကျောင်းသားများ ကိုယ်စား ထိန်းသိမ်း ဆောင်ရွက် ပေးမည် ဖြစ်သည်။

အဆိုပါ အကဲဖြတ်မှု ရလဒ်များကို ဆရာ၊ ဆရာမများ တက္ကသိုလ် ပြောင်းလဲ လျှောက်ထားရာတွင် ထည့်သွင်း စဉ်းစားမည် ဖြစ်ကြောင်း သိရသည်။

အဆင့်မြင့် ပညာရေး ဥပဒေ မူကြမ်းပါ တက္ကသိုလ်များ ဖွဲ့စည်းပုံ အသစ်အရ အထက် မြန်မာပြည်နှင့် အောက် မြန်မာပြည် ဦးစီးဌာန ဟူ၍ ရှိတော့မည် မဟုတ်ဘဲ တက္ကသိုလ် အသီးသီးတွင် မိမိ တက္ကသိုလ်၏ လိုအပ်ချက် နှင့်အညီ သင်ကြားရေး မဟာဌာန များကို ဖွဲ့စည်းနိုင်ခြင်း၊ ဆရာ၊ ဆရာမများ လိုအပ်သလို ခန့်ထား ခွင့်ပြုခြင်းတို့ ပါဝင်မည် ဖြစ်သည်။ ထို့အပြင် ပါမောက္ခချုပ်များ၊ ဒုတိယ ပါမောက္ခချုပ်၊ ကထိက၊ လက်ထောက် ကထိက နှင့် သရုပ်ပြ၊ နည်းပြ ဆရာ၊ ဆရာမ များ ခန့်ထားရေးကို အချိန်ပိုင်း စနစ်ဖြင့် ပြောင်းလဲ ကျင့်သုံးရေး ပါဝင်မည် ဖြစ်သည်။

ပညာရေး ဝန်ကြီးဌာန လက်အောက်တွင် တက္ကသိုလ်၊ ဒီဂရီကောလိပ် ၆၁ ခု၊ သိပံ္ပနှင့် နည်းပညာ ဝန်ကြီးဌာန တွင် တက္ကသိုလ်၊ ဒီဂရီ ကောလိပ် ၁၅ ခု၊ ဝန်ကြီးဌာန ၁ဝ ခုမှ တက္ကသိုလ် နှင့် ကောလိပ်များ အပါအဝင် အဆင့်မြင့် ပညာကဏ္ဍ တွင် တက္ကသိုလ်၊ ဒီဂရီ ကောလိပ် ၁၆၉ ခု ရှိကြောင်း သိရသည်။ (၄၄၇)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment