Pages

Friday, December 26, 2014

ဖုန်မှုန့် ဆေးလိပ်ငွေ့ ကားအိတ်ဇောငွေ့ များနှင့် အဆုတ်ရောဂါ


ဖုန်မှုန့် ဆေးလိပ်ငွေ့ ကားအိတ်ဇောငွေ့ များနှင့် အဆုတ်ရောဂါ

ဒေါက်တာ လွင်သန့် (ဆေး-၂)

နာတာရှည် အဆုတ်ရောဂါများ ဥပမာ ချောင်းဆိုးရင်ကျပ်၊ ပန်းနာ၊ အဆုတ်တီဘီ ကြောင့် နှလုံးရောဂါ၊ နှလုံးအားနည်း ရောဂါ ဖြစ်တတ်သည်။

ချောင်းဆိုးရင်ကျပ် ဖြစ်ရခြင်းမှာ ဆေးလိပ် သောက်ခြင်းကြောင့် ဖြစ်သည်။ ဆေးလိပ် သောက်သူ၏ ဆေးလိပ် မီးခိုးငွေ့များသည် သောက်သူ သာမက အနီးဝန်းကျင် မိသားစုဝင် များထံသို့ပါ မလိုအပ်ဘဲ ရောက်ရှိ ရှူရှိုက်မိတတ်သည်။ ရောဂါဖြစ်ချိန် ကြာလျှင် ရင်ကျပ်ရောဂါ ဖြစ်လာတတ်ရာ အချိန်ကြာလျှင် ကုသရ ခက်ခဲသည်။ ပန်းနာရင်ကျပ် ကို ငယ်ရွယ်စဉ်က ပျောက်အောင် ကုသရန် လိုသည်။ ထပ်မံ မဖြစ်စေရန် ထိန်းသိမ်းဖို့လည်းလိုသည်။ နှာစေးရာမှ အဆုတ်လေပွခြင်း နှင့် ချောင်းဆိုးရင်ကျပ် ပူးတွဲ ဖြစ်ပွားလာကာ ကုသရခက် သွားနိုင်သည်။

အဆုတ်တီဘီ ရောဂါသည် မိုက်ကို ဗက်တီးရီးယား ကျူဘာကုလိုဆစ် ကြောင့်ဖြစ်ပြီး ချောင်းဆိုးခြင်း၊ နှာချေခြင်း၊ အသက်ရှူခြင်း နည်းဖြင့် လူတစ်ဦးမှ တစ်ဦးသို့ ကူးစက် နိုင်သည်။ ရောဂါ လက္ခဏာအရ အစားအသောက် ပျက်ခြင်း၊ ညနေဘက် ဖျားခြင်း၊ ခေါင်းချွေးပြန်ခြင်း၊ ကိုယ်အလေးချိန် လျော့ခြင်း ဖြစ်တတ်သည်။ ကုသခြင်းမှာ တိုက်ရိုက် ကြည့်ရှု အချိန်တိုနှင့် ကုသနည်းဖြင့် ဆေးလေးမျိုး ပေါင်း နှစ်လနေ့စဉ် ဆေးနှစ်မျိုး၊ တစ်ပတ် နှစ်ရက်နှင့် လေးလ ပေါင်းခြောက်လ သောက်စေရမည်။ သို့မဟုတ် ရှစ်လ သောက်ရသည်။

ဆေးယဉ်ပါး တီဘီ မဖြစ်ရအောင် နေ့စဉ် သို့မဟုတ် သတ်မှတ်သော ဆေးကို သတ်မှတ် သည့် အချိန်၊ နေ့ရက် တွင် အစာနှင့် ဝေးဝေး သောက်ရန်လိုသည်။ ဆေးယဉ်ပါး တီဘီကိုလည်း ယခုအခါ သတ်မှတ်ပေး ထားသည့်ဆေးရုံ၌ ကုသပေးနေရာ ထိုးဆေး စထရပ်တိုမိုင်ဆင် နှင့်ဆေး ငါးမျိုး ပါဝင်သည်။

ဆေးလိပ် သောက်ခြင်းသည် မိမိသာမက အိမ်သားများပါ အန္တရာယ် ရှိနိုင်ပြီး နီကိုတင်း ပါသည့်အငွေ့ကို နေ့စဉ်ရှူရှိုက် နေရ၍ ရင်ကျပ်ရောဂါ သာမက ကြာလာလျှင် အဆုတ်အနာ၊ အဆုတ်ကင်ဆာ ရောဂါ ဖြစ်လာနိုင်သည်။ မိမိ တစ်ဦးတည်း အတွက် စိတ်အလို လိုက်သော ကိစ္စတစ်မျိုးသာ ဖြစ်ပြီး ငွေကုန် ကြေးကျများ၍ အန္တရာယ်ကို ဝယ်ယူနေသည့် ကိစ္စဖြစ်၍ လုံးဝ ရှောင်ကြဉ် သင့်သည်။

ဆေးလိပ်သောက်ခြင်း ကြာရှည် လာလျှင် နှလုံးသွေးကြော ကျဉ်းရောဂါ၊ နှလုံးအောင့်ခြင်း၊ သွေးထဲ၌ ကိုလက်စထရော တက်ခြင်း၊ ရုတ်တရက် နှလုံး အတိုက်ခိုက် ခံရခြင်းနှင့် ဦးနှောက် အတိုက်ခိုက် ခံရနိုင်သည်။ ဆေးလိပ် သောက်ခြင်း၊ ဆေးငုံခြင်းနှင့် ကွမ်းယာထဲ ဆေးထည့် စားခြင်းများကို လူတိုင်း ရှောင်ကြဉ်သင့်ရာ ဆေးလိပ်ကင်းစင် နယ်မြေများ ပိုမို သတ်မှတ်ရမည်။ ချောင်းဆိုးရင်ကျပ် ရောဂါ၊ အဆုတ်တီဘီ ရောဂါ၊ ပန်းနာရင်ကျပ် ရောဂါကို စောစော သိလျှင် စောစော ကုသဖို့ လိုမည်။ တိုက်ရိုက် ကြည့်ရှု အချိန်တိုနှင့်ကု (DOTS) အရ သတ်မှတ်သော ကာလ အပြည့် သတ်မှတ်သော ဆေး၊ သတ်မှတ် အချိန်တွင် တိုက်ရမည်။ ရောဂါ မဖြစ်အောင် ကြိုတင်ကာကွယ်ရမည်။ လေကောင်း၊ လေသန့် ရရှိရန် ဆောင်ရွက်ထား ရမည်။ ဖုန်၊ အမှုန်၊ ဆေးလိပ်မီးခိုး၊ အိတ်ဇောမီးခိုး စသည့် အခိုးအငွေ့များ ရှောင်ကြဉ် ရမည်။ အဆုတ်နှင့် နှလုံးသည် အတူတွဲ၍ အလုပ်လုပ်ကြ ရသဖြင့် ရောဂါ တစ်မျိုးမှ နောက်တစ်မျိုးသို့ မဆက်ရ စေရန် ရောဂါစောစော သိရလျှင် စောစော ကုသရန် လိုအပ်မည် ဖြစ်သည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment