Pages

Wednesday, December 31, 2014

ဂျပန်နှင့် တောင်ကိုရီးယား အထည်ချုပ်လုပ်ငန်း များသို့ မြန်မာအထည်ချုပ် ဝန်ထမ်းများ အလုပ်အကိုင် ရရှိစေရေး နားလည်မှုစာချွန်လွှာ ရေးထိုးရန်စီစဉ်


ပြည်တွင်းရှိ အထည်ချုပ်စက်ရုံ လုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်

ရန်ကုန် ၊ ၃၁-၁၂-၂ဝ၁၄

အာရှ အင်အားကြီး နိုင်ငံများ ဖြစ်သည့် ဂျပန်နှင့် တောင်ကိုရီးယား အထည်ချုပ် လုပ်ငန်းများ၌ မြန်မာ အထည်ချုပ် ဝန်ထမ်းများ အလုပ်အကိုင် ရရှိစေရေး အဆိုပါ နိုင်ငံများရှိ အထည်ချုပ် လုပ်ငန်းများနှင့် နားလည်မှု စာချွန်လွှာ ရေးထိုးရန် စီစဉ် နေကြောင်း သိရသည်။

ဂျပန်နိုင်ငံမှ အထည်ချုပ် လုပ်ငန်းရှင်များ၊ အထည်ချုပ် သင်တန်းဆရာ များသည် ပြည်တွင်းရှိ ဗဟို လေ့ကျင့်ရေး ကျောင်းနှင့် အထည်ချုပ် စက်ရုံများကို လာရောက် လေ့လာ၍ ပြည်တွင်းရှိ Cherry Garment ကုမ္ပဏီ အထည်ချုပ် စက်ရုံ၌ အလုပ်လုပ်ကိုင် နေသည့် မြန်မာ အမျိုးသမီး ဝန်ထမ်းနှစ်ဦးကို ဂျပန်နိုင်ငံ အထည်ချုပ် လုပ်ငန်းတွင် အလုပ်ခန့် လိုက်ကြောင်း နယ်စပ်ရေးရာ ဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာန ဗဟို လေ့ကျင့်ရေး သင်တန်းကျောင်း ကျောင်းအုပ် ဦးမင်းသန့် က ပြောသည်။

လတ်တလောတွင် ရန်ကုန်မြို့ရှိ နယ်စပ်ရေးရာ ဝန်ကြီးဌာန၏ ဗဟို လေ့ကျင့်ရေး သင်တန်းကျောင်း ၌ နယ်စပ်ဒေသမှ အမျိုးသမီး များကို ခေတ်မီ အထည်ချုပ် သင်တန်းများ သင်ကြားပေးပြီး မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းနှင့် ပူးပေါင်း၍ ပြည်တွင်း အထည်ချုပ် စက်ရုံများ၌ အလုပ်အကိုင်များ ရှာဖွေပေးလျက် ရှိကြောင်း သိရသည်။

ဗဟို လေ့ကျင့်ရေးကျောင်း အနေဖြင့် ခေတ်မီ မော်တာစက်ချုပ် သင်တန်းများကို အမှတ်စဉ် (၅)အထိ သင်ကြား ပေးထားပြီး ပြည်တွင်းရှိ အထည်ချုပ် လုပ်ငန်းများတွင် အထည်ချုပ် ဝန်ထမ်း လုပ်သားပေါင်း ၆ဝ၂ ဦးကို အလုပ်အကိုင် ရှာဖွေ ပေးထားပြီး ဖြစ်ကြောင်း အဆိုပါကျောင်းမှ သိရသည်။(၄၄၈)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment