Pages

Sunday, December 28, 2014

ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ် များထဲမှ တိုင်းရင်းသား လူမျိုးများ အသုံးပြုသော တူရိယာပညာများကို ကမ္ဘာ့အမွေအနှစ် စာရင်း တင်သွင်းမည်



ရန်ကုန် ၊ ၂၈-၁၂-၂၀၁၄

မြန်မာနိုင်ငံရှိ တိုင်းရင်းသား လူမျိုးများ အသုံးပြုသည့် တူရိယာ ပညာများကို ကမ္ဘာ့ အမွေအနှစ် စာရင်း တင်သွင်းနိုင်ရန် စီစဉ် လုပ်ဆောင်နေပြီး အဆိုပါပစ္စည်း များကို ကမ္ဘာ့ အမွေအနှစ် စာရင်း တင်သွင်းရာတွင် " ဒြပ်မဲ့ ယဉ်ကျေးမှု " အဖြစ် စာရင်းတင်သွင်း သွားမည် ဖြစ်ကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာနမှ သိရသည်။

ကမ္ဘာ့ အမွေအနှစ် စာရင်း တင်သွင်းရာတွင် တိုင်းရင်းသား လူမျိုးစု ၁ဝဝ ကျော်၏ တူရိယာပညာ များကို ဒြပ်မဲ့ယဉ်ကျေးမှု အဖြစ် တင်သွင်း သွားမည်ဖြစ်ပြီး လက်ရှိ အချိန်တွင် စာရင်းတင်သွင်း နိုင်ရန် မြန်မာ တိုင်းရင်းသား တို့၏ အနုပညာ တူရိယာများ စုဆောင်း၍ သုတေသန ပြုလုပ်လျက် ရှိရာ တူရိယာ ၃ဝဝ ခန့်ကို စမ်းသပ် လုပ်ဆောင်နေပြီ ဖြစ်ကြောင်း သိရသည်။

ဒြပ်မဲ့ယဉ်ကျေးမှု အဖြစ် သုတေသန လုပ်ငန်းများကို နှစ်ပေါင်း ကြာမြင့်စွာ လုပ်ကိုင်ဆောင်ရွက် ခဲ့သော်လည်း လက်ရှိ လုပ်ဆောင်နေသည့် ပုံစံမှာ စီမံကိန်းတစ်ခု အဆင့်အနေ ဖြင့်သာ လုပ်ဆောင်နေခြင်း ဖြစ်သည်။ စမ်းသပ် နေသည့် တိုင်းရင်းသား များ၏ တူရိယာများ အပြင် လက်ရှိ အသုံးပြု နေသည့် တူရိယာ များကိုပါ ဆက်လက် စုဆောင်းကာ လေ့လာ သုတေသန ပြုသွားမည် ဖြစ်ကြောင်း သိရသည်။

ဒြပ်မဲ့ယဉ်ကျေးမှု များကို ကမ္ဘာ့ အမွေအနှစ် စာရင်းဝင်ရန် လုပ်ဆောင် ရာတွင်လည်း ၄င်းတို့ သတ်မှတ်ထားသည့် စံနှုန်းများကို သိရှိရန် လိုအပ်သည့် အတွက် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ အဆိုပြုလွှာ တင်သွင်းမည့် ဝန်ထမ်း များအား ယူနက်စကိုမှ သင်တန်းများ ပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။

''ဒီလို လုပ်ဆောင် တာက ကောင်းတဲ့ ရလဒ်တစ်ခုပဲ။ တိုင်းရင်းသား တွေရဲ့ ရိုးရာယဉ်ကျေးမှု တူရိယာ တွေကို ထိန်းသိမ်းပြီးသား ဖြစ်သလို နိုင်ငံတကာ အနေနဲ့လည်း မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အသုံးပြု တဲ့ တူရိယာ တွေကို သိရှိ သွားတာပေါ့။ အခုဆိုရင် မြန်မာနိုင်ငံမှာက အနောက်တိုင်း တူရိယာတွေ လွှမ်းမိုးနေတဲ့ အချိန်လည်း ဖြစ်တယ်။ ဒီလို အချိန်မျိုးမှာ ကိုယ့်နိုင်ငံက တိုင်းရင်းသား တွေရဲ့ ကိုယ်ပိုင် တူရိယာ ပစ္စည်းတွေကို ဖော်ထုတ်တဲ့ အနေနဲ့ လုပ်တာဆိုတော့ ပြောစရာ မရှိအောင်ကို ကောင်းမွန်တဲ့ လုပ်ဆောင်ချက် တစ်ခုလည်း ဖြစ်ပါတယ် ... '' ဟု ပညာရှင် တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံ အနေဖြင့် ပျူမြို့ဟောင်း သုံးမြို့ ကမ္ဘာ့ အမွေအနှစ် စာရင်းဝင်ပြီး နောက်ပိုင်း ကာလများတွင် ပုဂံဒေသနှင့် အခြားသော ယဉ်ကျေးမှု နယ်မြေများ ကိုလည်း ကမ္ဘာ့ အမွေအနှစ် စာရင်းဝင်ရန် လုပ်ဆောင်လျက် ရှိသည့်အပြင် ထိတွေ့ ကိုင်တွယ်၍ မရသော ဒြပ်မဲ့ ယဉ်ကျေးမှု များကို ထိန်းသိမ်း နိုင်ရေးနှင့် အဆိုပြုလွှာ တင်သွင်းရန် လုပ်ဆောင် နေခြင်း ဖြစ်ကြောင်း သိရသည်။ (၄၄၈)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment