Pages

Tuesday, November 4, 2014

WWF မှ တနင်္သာရီတိုင်း ဒေသကြီး ၌ ကျားထိန်းသိမ်းရေး လုပ်ငန်းများကို နှစ်စဉ် စီမံကိန်းဖြင့် လုပ်ဆောင်မည်



ရန်ကုန် ၊ ၄-၁၁-၂၀၁၄

ကမ္ဘာ့ သားရဲတိရစ္ဆာန် များ ရန်ပုံငွေ (WWF) အဖွဲ့မှ မြန်မာနိုင်ငံ၌ ကျားမျိုးစိတ်များ ကျန်ရှိသည့် နေရာများအနက် တနင်္သာရီတိုင်း ဒေသကြီးကို အဓိကထား၍ ကျားထိန်းသိမ်းရေး လုပ်ငန်းများ လုပ်ဆောင်မည် ဖြစ်ပြီးနှစ်စဉ် စီမံကိန်းဖြင့် လုပ်ဆောင် သွားမည်ဟု ကမ္ဘာ့ သားရဲ တိရစ္ဆာန်များ ရန်ပုံငွေ (WWF) အဖွဲ့မှ မန်နေဂျာ မီရှဲအိုဝင် က ပြောသည်။

မျိုးသုဉ်းလုနီးပါး ဖြစ်နေသည့် အင်ဒိုချိုင်းနား ကျားမျိုးစိတ်များ တနင်္သာရီတိုင်း ဒေသကြီး၌ ကျက်စားလျက် ရှိသည့်အတွက် အကောင်ရေ အတိအကျ သိရှိစေရန် လုပ်ဆောင် သွားမည်ဖြစ်ပြီး ကျားများ ရှင်သန် နေထိုင်နိုင်သည့် သဘာဝ ပတ်ဝန်းကျင် ဖြစ်စေရန် ထိန်းသိမ်း သွားမည် ဖြစ်သည်။ (WWF) သည် တနင်္သာရီတိုင်း ဒေသကြီး၌ ကျားထိန်းသိမ်း စောင့်ရှောက်ရေး လုပ်ငန်းများ အပြင် ဒေသခံများ အတွက်ပါ အစိမ်းရောင် စီးပွားရေး လုပ်ငန်းများ ကိုလည်း အခြား အဖွဲ့အစည်း များနှင့် ပူးပေါင်း လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။

ကမ္ဘာပေါ်တွင် နိုင်ငံ ၁၃ နိုင်ငံ၌သာ ကျားမျိုးစိတ်များ ကျန်ရှိတော့ရာ ယင်းနိုင်ငံ များအနက် မြန်မာနိုင်ငံ လည်း အပါအဝင် ဖြစ်သည်။ မြန်မာနိုင်ငံ၌ ကမ္ဘာ့ အကြီးဆုံး ကျား ထိန်းသိမ်းရေး နယ်မြေ ဖြစ်သော ဟူးကောင်း ချိုင့်ဝှမ်း၊ ထမံသီ ဘေးမဲ့တော၊ တနင်္သာရီ သဘာဝကြိုးဝိုင်း တို့တွင် ကျားမျိုးစိတ် များကို ထိန်းသိမ်း စောင့်ရှောက် ထားသည်။ မြန်မာနိုင်ငံ၌ ကျားမျိုးစိတ် နှစ်မျိုး နေထိုင် ကျက်စားပြီး ဘင်္ဂလားကျား မျိုးစိတ်မှာ အကောင်ရေ ၁ဝဝ ခန့်ရှိကာ အင်ဒိုချိုင်းနား ကျားမျိုးစိတ်မှာ အကောင်ရေ ၅ဝ ခန့် ကျန်ရှိ တော့သည်ဟု GTI World Bank ၏ စာရင်းတွင် ဖော်ပြထားသည်။ ထို့ကြောင့် ကျားအများဆုံး ကျန်ရှိသည့် ဟူးကောင်းချိုင့်ဝှမ်း နယ်မြေနှင့် ထမံသီ ဘေးမဲ့တော တို့၌ သားငှက် ထိန်းသိမ်းရေး အဖွဲ့ (WCS) မှ ကျား ထိန်းသိမ်းရေး လုပ်ငန်းများ လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

(WWF) သည် တစ်ကမ္ဘာလုံးရှိ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ အဖွဲ့အစည်းများ အနက် တစ်ခုဖြစ်ပြီး နိုင်ငံပေါင်း တစ်ရာကျော် တွင် ထောက်ခံ အားပေးသူ ငါးသန်းကျော် ၏ အကူအညီ ဖြင့် လည်ပတ် ဆောင်ရွက် နေသော အဖွဲ့ ဖြစ်ကြောင်း သိရှိရသည်။ (၄၄၇)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment