Pages

Monday, November 3, 2014

နှစ်စဉ်ကလေးငယ်၂ ဒသမ ၆ သန်းခန့် အာဟာရချို့တဲ့မှုကြောင့် သေဆုံးလျက်ရှိ



ရန်ကုန် ၊ ၃-၁၁-၂၀၁၄

မြန်မာနိုင်ငံ၌ အာဟာရ ချို့တဲ့ခြင်းသည် ပြည်သူ့ ကျန်းမာရေး ပြဿနာ တစ်ရပ်အဖြစ် တည်ရှိနေကာ ကမ္ဘာ့ လူဦးရေ သန်းနှစ်ထောင် ခန့်မှာ ယင်း ပြဿနာကို ခံစားနေရပြီး နှစ်စဉ် ၅ နှစ်အောက် ကလေး ၂ ဒသမ ၆ သန်း ခန့်မှာ အာဟာရ ချို့တဲ့မှုကြောင့် သေဆုံး နေရကြောင်း ကျန်းမာရေး ဝန်ကြီးဌာန ၏ အာဟာရ ဆိုင်ရာ အသိပညာ ပေးမှုမှ သိရသည်။

မြန်မာနိုင်ငံ၌ အဖြစ်များသော အာဟာရ ပြဿနာ များသည် ပရိုတင်းဓာတ် ချို့တဲ့ရောဂါ နှင့် သံဓာတ်ချို့တဲ့ သွေးအားနည်း ရောဂါ၊ ဗီတာမင်အေ ချို့တဲ့ရောဂါ၊ အိုင်အိုဒင်း ချို့တဲ့ရောဂါ၊ ဗီတာမင် ဘီဝမ်း ချို့တဲ့ရောဂါ များဖြစ်ကြပြီး ပရိုတင်းဓာတ် ချို့တဲ့ပါက ပိန်လှီခြင်း (ပုံ)၊ အရပ်ပုခြင်း၊ ကြီးထွားမှု နှေးကွေးခြင်း၊ လူစဉ်မမီခြင်း တို့ ဖြစ်ပေါ်နိုင်ပြီး သံဓာတ် ချို့တဲ့ပါက သွေးအားနည်းပြီး မောပန်း ရင်တုန်ခြင်း၊ အင်အား ကုန်ခန်းခြင်း၊အသားအရေများ ဖြူဖပ်ဖြူရော် ဖြစ်ပြီး နှလုံး ထိခိုက်ခြင်းများ ခံစားရနိုင်ကာ ဗီတာမင်အေ ချို့တဲ့လျှင် ကြက်မျက် သင့်ခြင်း၊ မျက်ဖြူသား နှင့် မျက်ကြည်လွှာ ခြောက်သွေ့ အနာဖြစ်ခြင်း အပြင် တိမ်စွဲ၍ မျက်စိကွယ်ခြင်း နှင့် ဗီတာမင် ဘီဝမ်း ချို့တဲ့လျှင် သူငယ်နာ( Beri Beri ) စသည့် အာဟာရဓာတ် ချို့တဲ့သော ရောဂါများ ဖြစ်ပွား နိုင်ကြောင်း သိရသည်။

ထို့ကြောင့် အာဟာရ ချို့တဲ့ခြင်းကို ကာကွယ်နိုင်ရန် အာဟာရ အုပ်စုသုံးစုတွင် ပါဝင်သည့် အစားအစာ များကို မျှတစွာ စားသုံးရန် လိုအပ်သည်။ ယင်း အစာ အာဟာရ များသည် နေ့စဉ်စားသုံး နေသော ထမင်း၊ ကောက်ညှင်း နှင့် ပြောင်းဖူး ကဲ့သို့သော ကစီဓာတ် ကြွယ်ဝသည့် အစားအစာများ၊ အသားဓာတ် ပြည့်ဝသည့် စားတော်ပဲ၊ ပဲနီလေး၊ ပဲဝါလေး၊ မတ်ပဲ၊ ပဲအမျိုးမျိုး၊ ကြက်ဥ၊ ဘဲဥ၊ အသား နှင့် ငါးများ စားသုံးခြင်း၊ သက်စောင့် ဓာတ်များ ပါဝင်သည့် ကန်စွန်းရွက်၊ ဟင်းနုနယ်ရွက် နှင့် အစိမ်းရင့်ရောင် အရွက် အမျိုးမျိုး၊ ဗီတာမင်ကြွ ယ်ဝသည့် မုန်လာဥနီ၊ မုန်လာဥဖြူ၊ လိမ္မော်သီး၊ စပျစ်သီး စသည့် သစ်သီးသစ်ဖု အမျိုးမျိုးကို စားသုံးပေးရန် လိုအပ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ အသိပေး နှိုးဆော် ထားကြောင်း သိရသည်။

မိုးအောင်

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment