Pages

Monday, November 10, 2014

ရန်ကုန် မြစ်တွင်းသွား ခရီးသည်တင် သမ္ဗာန်များတွင် အသက်ကယ်အင်္ကျီများ အလုံအလောက် မထားရှိပါက အရေးယူမှုများ ဆောင်ရွက်မည်



ရန်ကုန် ၊ ၁၀-၁၁-၂၀၁၄

ရန်ကုန်မြစ်အတွင်း သွားလာနေသည့် သမ္ဗန်စီး ခရီးသည်များ အသက် အန္တရာယ် ကင်းရှင်းနိုင်ရေး အတွက် ခရီးသည်တင် သမ္ဗန်များတွင် အသက်ကယ် အင်္ကျီများ အလုံအလောက် ထားရှိ ရမည်ဖြစ်ပြီး အသက်ကယ် အင်္ကျီများ အလုံအလောက် မထားရှိပါက အရေးယူမှုများ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ကမာအောင် စက်တပ်ရေယာဉ် ကြီးကြပ်ရေး အဖွဲ့မှ သိရသည်။

ရန်ကုန်မြစ် အတွင်း ခုတ်မောင်း ပြေးဆွဲလျက် ရှိသော လှေသမ္ဗန် များမှာ အကြောင်း အမျိုးမျိုးကြောင့် တိမ်းမှောက်ခြင်း၊ မီးလောင်ခြင်း စသည့် အရေးကိစ္စများ ကြုံတွေ့ လာပါက ခရီးသည်များ အသက် အန္တရာယ်ကို ကယ်တင်နိုင်ရန် အသက်ကယ် အင်္ကျီများ ထားရှိမှုကို သက်ဆိုင်ရာက မကြာခဏ လိုက်လံ စစ်ဆေးမှုများ ဆောင်ရွက်လျက် ရှိကြောင်းလည်း သိရသည်။ ထိုကဲ့သို့ စစ်ဆေးရာတွင် ရေယာဉ် ကြီးကြပ် ထိန်းသိမ်းရေး အဖွဲ့၊ မြို့နယ် ကြီးကြပ်ရေးမှူး နှင့် လှေသမ္ဗန် ဆိပ်ကမ်း(၁ဝ) ခုတို့မှ ကြီးကြပ်မှုဖြင့် ပူးပေါင်း ဆောင်ရွက်ခြင်း ဖြစ်ပြီး အသက်ကယ် အင်္ကျီများ ဟောင်းနွမ်း စုတ်ပြဲခြင်းများ ရှိပါက အရေးယူ ဆောင်ရွက်ခြင်းများ၊ အသစ် လဲလှယ်ခြင်း များကို ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။ 

ထိုကဲ့သို့ သက်ဆိုင်ရာမှ လိုက်လံစစ်ဆေး ရာတွင် သမ္ဗန်အားလုံး နီးပါးတွင် အသက်ကယ် အင်္ကျီများ ထားရှိကြ သော်လည်း အချို့သမ္ဗန် များတွင် ချိတ်ဆွဲထားသည့် အသက်ကယ် အင်္ကျီများမှာ သန့်ရှင်းမှု မရှိသည့် အတွက် ခရီးသည်များ ဝတ်ဆင်ရန် အခက်အခဲ ရှိကြောင်းလည်း သိရသည်။ ရန်ကုန်မြစ် အတွင်းတွင် ခုတ်မောင်း ပြေးဆွဲနေသော လှေသမ္ဗန်များကို သက်ဆိုင်ရာက ရာသီဥတု ဆိုင်ရာ သတိပေး ကြေညာချက်များ ပြုလုပ်ထား သကဲ့သို့ လှေကြံ့ခိုင်မှု၊ စက်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု များနှင့် ပတ်သက်ပြီး ရှောင်တခင် စစ်ဆေးကာ အရေးယူ ဆောင်ရွက် မှုများ ပြုလုပ်လျက် ရှိကြောင်း ရေယာဉ် ကြီးကြပ် ထိန်းသိမ်းရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောပြ၍ သိရသည်။

ကျော်လွင်

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment