Pages

Monday, November 17, 2014

အိပ်မက်တွေ သစ်လွင်စေ


အိပ်မက်တွေ သစ်လွင်စေ

မဒါလေး

ဈေးကြီးကြီးပေး ဝယ်ထားရသော ချိတ်ထဘီ တစ်ထည် ယခုတော့ အရောင်များ လျော့နေလေပြီ။ သည်ချိတ်က အဆင်လေးရော အရောင်လေးပါ ယဉ်သည်။

အဆင်နှင့် အရောင်ကို ကြိုက်သည်ထက် ကျွန်မ ဘွဲ့ယူစဉ်က အမေကိုယ်တိုင် ဝယ်ပေး ခဲ့သောကြောင့် ပိုပြီး တန်ဖိုးထား ရသည်။ ကျွန်မ အကြိုက်ဆုံး အရောင်မှာ အပြာရောင် ဖြစ်သည်။ ထိုစဉ်က ကျွန်မ အိပ်မက်မှာ ဘွဲ့ယူ အခမ်းအနားကို အပြာရောင် ချိတ် ဝတ်ကာ တက်ယူရန် ဖြစ်သည်။

ကျွန်မတို့ ဘွဲ့ယူသည့် အချိန်က ချိတ်ဆိုလျှင် အဖြူ၊ အဝါ၊ အနီ၊ အပြာနှင့် အနက်တို့သာ အဝတ်များသည်။ ဘွဲ့ယူမည် ဆိုတော့ လူတိုင်းလိုလို အဖြူနှင့် အဝါကို ရွေးကြသည်။ အပြာရောင်မှာ အရောင် တောက်လွန်း သည့်အပြင် ချိတ်လိုင်းကြီး သဖြင့် အမေက လူကြီးနှင့် တူသည်ဟု ဆိုကာ မယူခိုင်းပေ။

ကျွန်မ စိတ်ကြိုက်အရောင် မဝတ်ရသဖြင့် အမေကြိုက်တာ ဝယ်ရန်သာ ပြောပြီး အဝတ်အစား ကိစ္စကို ကိုယ်တိုင် လိုက်မလုပ် တော့ပေ။ စိတ်နှလုံး မသာမယာ ဖြစ်နေသော ကျွန်မကို ကြည့်ကာ အဖေက သမီး အကြိုက်သာ ဝယ်ပေးရန် အမေ့ကို ပြောပေးသည်။ ထိုစဉ်က ကျွန်မသည် အိမ်တွင် ဂရုစိုက် အခံရဆုံး နှင့် မိဘနှစ်ပါး လုံး၏ အချစ် အခံရဆုံး ဖြစ်သည်ဟု ကိုယ့်ကိုယ်ကို အားတက် မိသည်။ အမေက အပြာရောင် မဟုတ်သော်လည်း ခဲရောင် ဖျော့ဖျော့ အောက်ခံတွင် ခရမ်းရောင် ချိတ်နှင့် ပန်းပွင့်လေးများ ရောစပ် ထားသည့် ချိတ်ကို ဝယ်ပေးသည်။

ယခုမှ နောက်ဆုံး ထွက်သည့် အဆင်နှင့် ဒီဇိုင်းအသစ်ဟု ပြောသည်။ ထိုချိတ်ကို ဇာ ခရမ်းရောင် လေးနှင့် တွဲပေး ထားသည်။ ကလေးပီပီ နောက်ဆုံးပေါ် ဒီဇိုင်းနှင့် အရောင်ကို ဝတ်ရမည်ဆို တော့လည်း ပျော်မိသည်။ ခရမ်းရောင် ဆိုတော့ ကိုယ် အကြိုက်ဆုံး မဟုတ်တောင် အပြာ မရလျှင် ခရမ်း ရွေးတတ်သော ကျွန်မစိတ်ကို အမေ သိသဖြင့် ပျော်နေ မိသည်။ ဒီလိုချိတ်ဖြင့် ဘွဲ့ယူရန် အိပ်မက်သာ မက်ဖူး သော်လည်း တကယ်ဖြစ် လာတော့ အတိုင်းမသိ ပျော်ရ ပြန်သည်။ တစ်သိန်းကျော် ဆိုသော ငွေပမာဏမှာ ကျွန်မတို့ မိသားစု အတွက် အတော်ပင် များပါသည်။ သို့သော် ဘွဲ့ယူသည်ကို ဂုဏ်ပြုသည့် အနေဖြင့် အဖေက စိတ်တိုင်းကျ လုပ်ခွင့် ပေးသည်။ အဝတ်အစား အပြင် ညစာစားပွဲ လေးပါလုပ်ကာ ဂုဏ်ပြု ပေးသည်။

ထိုစဉ်က ကျွန်မ အပျော်ဆုံး ဖြစ်ခဲ့ဖူးသည်။ ကျွန်မ ကမ္ဘာတွင်တော့ ကျွန်မ အပျော်ဆုံး ဖြစ်ခဲ့ဖူး ပါသည်။ ဘွဲ့တစ်ခုကို ထိုက်ထိုက် တန်တန် ရသည့်အချိန်တွင် မိဘ မောင်နှမ များ၏ ဂရုစိုက်မှုကို ရရှိခဲ့သည့် အတွက် ထိုအချိန် ကာလသည် ကျွန်မအတွက် အဖိုးတန်ဆုံး ကာလအပိုင်း အခြားအလေးများ ဖြစ်ခဲ့ရသည်။ တစ်စတစ်စ နှစ်တွေ ပြောင်းလာသည် နှင့် ချိတ်လုံချည် လေးလည်း ဟောင်းဟောင်း လာသည်။ သုံးလေးကြိမ် သာ ပွဲတတ်ပွဲလာ ဝတ်ခဲ့သော်လည်း သိမ်းထားရင်းပင် ဟောင်းဟောင်း လာသည်မှာ ဘာကြောင့်မှန်း မသိ။ ဖွင့်ကြည့်မိတိုင်း တသသ လွမ်းကာ ထိုအချိန် ကာလများကို မြင်ယောင် မိသည်။ တစ်ခါတစ်ရံ တွင် ချိတ်လုံချည်လေး မရှိတော့ရင် ဟုပင် တွေးကာ စိုးရိမ်မိသည် အထိ ဖြစ်ရသည်။

ကျွန်မ၏ စိုးရိမ်မှု အတွေးများကို ကုစားပေးမည့် အရာက ပေါ်လာပေပြီ။ အဲဒါကတော့ ကြော်ငြာ တစ်ခုတွင် တွေ့ရသည့် ချိတ်လုံချည် အရောင်တင် ပေးသည်။ စိန်စီပေးသည် ဆိုသည့် စာသားလေး ပင်။ အရောင်တင် ပေးသည် ဆိုသည့် စာသားကို သဘောကျ မိသော်လည်း စိန်စီပေးသည် ဆိုသည်ကိုတော့ အနည်းငယ် ဇဝေဇဝါ ဖြစ်မိသည်။ သာမန်ဝင်ငွေ ရှိသူ တစ်ယောက်အတွက် စိန်စီရန်မှာ အိပ်မက်ပမာ ဖြစ်နေသည်။

သေချာစုံစမ်း ကြည့်တော့ အရောင်မှိန် နေသည့် ချိတ်လိုင်း လေးများကို ဆေးရေးကာ အရောင်ပြန်ဖြည့် ပေးခြင်းဖြစ်ပြီး စိန်စီသည် ဆိုသည် မှာလည်း စိန်အစစ် မဟုတ်ဘဲ ကျောက်အဖြူ လေးများကို ဒီဇိုင်းဖော်ကာ ထိုးပေးခြင်း ဖြစ်သည်။ လက်ဖြင့်သာ လုပ်ကြ ရသဖြင့် အချိန်ကြာ အနုစိတ် သလောက် ချိတ်လိုင်းလေးများ အပေါ် အရောင်ဆေး ပြန်တင်ပြီး ကျောက် အဖြူရောင် လေးများ တင်လိုက်ချိန် မှာတော့ ယခင်က ချိတ်ထက် ပိုမိုလှလာ သည့်အပြင် အရောင်အဆင်း ပိုမိုတောက်ပ လာသည်ကို တွေ့ရသည်။ လူတစ်ယောက်၏ စိတ်ကူးစိတ်သန်း နှင့် တီထွင်မှုသည် အခြား လူတစ်ယောက်၏ အိပ်မက်ကို ဖြည့်ဆည်းပေး နိုင်သည်ဆိုလျှင် ဖြည့်ဆည်းပေး နိုင်သည်ကို သိလျှင် ထိုလူသည် မိမိပုံဖေါ် လိုက်သော မိမိ၏ အိပ်မက်အတွက် မည်သို့ ခံစားနေ မည်နည်း။

တွေးကြည့်ရုံ နှင့်ပင် ပျော်ရွှင်မှု ပီတိကို အပြည့်အဝ ခံစားမိသည်။ လူတိုင်းတွင် ကိုယ်ပိုင်အိပ်မက် တစ်ခုစီ ရှိကြသည်။ အိပ်မက် တွေလည်း အမျိုးမျိုးမက်ဖူး ပါလိမ့်မည်။ သို့သော် အိပ်မက်ကို အိပ်မက် အတိုင်း ထားလိုက် လျှင်တော့ ထိုသူ၏ အိပ်မက်မှာ မည်သို့မျှ အရာထင် လာမည် မဟုတ်ပေ။ မိမိ အိပ်မက်မှာ ရာသီတိုင်း သစ်လွင်နေရန် အရေးကြီးသည်။ သို့မှသာ ထိုအိပ်မက်ကို အသက်သွင်း နိုင်မည် ဖြစ်သည်။ '' ဒါအိပ်မက်တွေပဲ မဖြစ်နိုင် '' ဟု ပတ်ဝန်းကျင်တွင် အများပြော နေကြသည်ကို ကြားနေ ရသည်။

ထိုသူတို့သည် မိမိတို့လို လူသားတွေ ကြားထဲမှာပင် အိပ်မက်တွေ အကောင်အထည် ပေါ်သွားကြ သည်ကို မေ့လျော့ နေကြသည်လား၊ သတိမထားမိ ကြသည်လား မပြောတတ် အောင်ပင် ဖြစ်နေသည်။ အရာရာကို အာရုံစူးစိုက်ဖို့ ထက် မိမိ ဖြစ်ချင်သော ဆန္ဒဖြင့် အကောင်အထည် ဖေါ်လိုသော အိပ်မက်များကို တစိုက်မတ်မတ် ဆောင်ရွက် ရန်သာ အရေးကြီးသည်။ သို့မှသာ အိပ်မက်များကို အကောင် အထည်ဖော် နိုင်မည်ဖြစ်ပြီး အမြဲတမ်း သစ်လွင်နေသော အိပ်မက်များ ဆက်မက်နိုင်မည် ဖြစ်သည်။

ပစ္စည်း အဟောင်းကိုပင် အရောင်တင်ကာ ပြန်လည် ဆန်းသစ် နိုင်မှတော့ ဟောင်းနေသည့် စိတ်ဓာတ်များကို ဘာကြောင့် ပြန်လည် သစ်လွင်အောင် မမွေးမြူနိုင်ဘဲ နေမည်နည်း။

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment