Pages

Saturday, November 22, 2014

မူဆယ်မြို့ အဝေးပြေးယာဉ်ရပ်နားစခန်း ကို နိုဝင်ဘာ ၂၆ ရက်တွင် ဖွင့်မည်



၂၂-၁၁-၂၀၁၄

တရုတ် - မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေး ပိုမို တိုးတက်စေရန်၊ နှစ်နိုင်ငံ ကုန်သွယ်မှု ပိုမို တိုးတက်စေရန်၊ ပုံမှန် ကုန်သွယ်မ လမ်းကြောင်း ပေါ်သို့ ရောက်ရှိလာ စေရန်၊ နိုင်ငံတော်မှ ရသင့်ရထိုက် သော အခွန်အခများ အပြည့်အဝ ရရှိစေရန်၊ ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းရှင်များ လုပ်ကိုင်ခွင့် ရရှိစေရန်၊ ထိုက်သင့်သော အကျိုးအမြတ် ဖြစ်ထွန်းစေရန်၊ ကုန်သွယ် စီးဆင်းမှု ပိုမို အဆင်ပြေ ချောမွေ့စေရန် နှင့် ယာဉ်မောင်း၊ ယာဉ်လိုက်၊ ခရီးသည်များ လွယ်ကူစွာ တည်းခိုနားနေ နိုင်စေရန်အတွက် မူဆယ်မြို့ ဟိုမွန် ရပ်ကွက်တွင် သိန်းသန်းချီ ဆောက်လုပ်ရေး ကုမ္ပဏီ လီမိတက်မှ ဆောက်လုပ် ခဲ့သည့် မူဆယ်မြို့ အဝေးပြေး ယာဉ်ရပ်နား စခန်းကြီးမှာ ပြီးစီးနေပြီ ဖြစ်၍ နိုဝင်ဘာ၂၆ ရက်တွင် ဖွင့်ပွဲကျင်းပ သွားမည် ဖြစ်သည်။

မူဆယ် အဝေးပြေး ယာဉ်ရပ်နား စခန်းမှာ မြေဧက ၁၃ ဒသမ ၆၉ ဧက ကျယ်ဝန်းပြီး ၂ဝ၁၂ ခုနှစ်မှ စတင် ၍ သိန်းသန်းချီ ဆောက်လုပ်ရေး ကုမ္ပဏီ လီမိတက် က တာဝန်ယူ ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။ အဝေးပြေး ယာဉ်ရပ်နား စခန်းတွင် သုံးခန်းတွဲ သုံးထပ်လေးလုံး၊ လေးခန်းတွဲ သုံးထပ်လေးလုံး၊ ငါးခန်းတွဲ သုံးထပ် ၂၃ လုံး၊ ခြောက်ခန်းတွဲ သုံးထပ် ခုနစ်လုံး၊ ခုနစ်ခန်းတွဲ သုံးထပ် လေးလုံး၊ ငါးခန်းတွဲ နှစ်ထပ် ခေတ်မီအာရ်စီ တိုက်ခန်းများ ဖြစ်ပြီး အခန်းတိုင်း တွင် ရေ၊ မီး၊ သန့်စင်ခန်းများ ပါဝင်ကာ အဆောက်အအုံ ၄၄ လုံးရှိပြီး အခန်းပေါင်း ၂ဝ၂ ခန်းရှိ၍ အမြင့် ၃၅ ပေ၊ မျက်နှာစာပေ ၂ဝ ရှိ တိုက်ခန်းများ ဖြစ်သည်။ တိုက်ခန်းများတွင် သောက်သုံးရေ လုံလောက်စွာ ရရှိရေးအတွက် မြို့ရေပေးရေး ရေပိုက်လိုင်းမှ H.D.P.E.φ 99 MM ပိုက်အရှည် ၅၄၄၈ ပေဖြင့် သွယ်တန်း ထားသည်။

တိုက်ခန်းတိုင်းတွင် သောက်သုံးရေ လုံလောက်စွာ ရရှိရေး၊ ရေဆိုး စွန့်ထုတ်မှုနှင့် မိလ္လာစနစ် များကို နေက်ဆုံးပေါ် နည်းစနစ် များဖြင့် တပ်ဆင်ထားသည်။ မူဆယ် အဝေးပြေး ယာဉ်ရပ်နား စခန်းကို သိန်းသန်းချီ ဆောက်လုပ်ရေး ကုမ္ပဏီမှ ငွေကျပ် ၂၂၇၄၉ ဒသမ ၉၈၅ သိန်း ရင်းနှီးမြှုပ်နှံ ဆောက်လုပ် ခဲ့ခြင်းဖြစ်ပြီး ၂ဝ၁၂ ခုနှစ် နိုဝင်ဘာလ မှ စတင် တည်ဆောက်ခဲ့ရာ ၂ဝ၁၄ ခုနှစ် မေလအထိ တစ်နှစ် နှင့် ခြောက်လအတွင်း အပြီး တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

မူဆယ်မြို့ အဝေးပြေး ယာဉ်ရပ်နား စခန်းတွင် ကားဂိတ် ၂၉ ဂိတ်ရှိပြီး မျက်နှာစာ တိုက်ခန်းများကို ငွေကျပ်သိန်း ၇၅ဝ၊ အတွင်းခန်း သုံးထပ်ခန်းကို ငွေကျပ်သိန်း ၆၅ဝ နှင့် အတွင်းခန်း နှစ်ထပ်ခန်းကို ငွေကျပ်သိန်း ၂၅ဝ ဖြင့် ရောင်းချ ပေးခဲ့သည်။ မူဆယ် အဝေးပြေး ယာဉ်ရပ်နား စခန်းတွင် ဘဏ်လေးခု ပါရှိမည်ဖြစ်ပြီး စားသောက်ဆိုင်၊ လက်ဖက်ရည် ဆိုင်၊ ဈေးဆိုင်ခန်းများ ပါဝင်သည်။

မူဆယ် ယာဉ်ရပ်နား စခန်း တည်ဆောက် ထားသည့်အတွက် ယာဉ်မှူး၊ ယာဉ်လိုက်နှင့် ခရီးသည်များမှာ လုံခြုံစိတ်ချစွာ တည်းခိုနိုင်မည် ဖြစ်သည်။ ထို့ပြင် နယ်စပ် ကုန်သွယ်ရေး ဖြစ်သော မိမိနိုင်ငံ ထွက်ကုန်များကို ကြိုက်ဈေးဖြင့် ပြည်ပသို့ အမြန်ဆုံး တင်ပို့ သွားနိုင်မည် ဖြစ်ကြောင်း သိရှိရသည်။

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment