Pages

Monday, November 24, 2014

အရက် အလွန်အကျွံ သောက်သူတွေ ဘာကြောင့် အရက်မဖြတ်နိုင် သလဲ


အရက် အလွန်အကျွံ သောက်သူတွေ ဘာကြောင့် အရက်မဖြတ်နိုင် သလဲ

မင်းဝဏ္ဏ

အရက်ကို အလွန်အကျွံ သောက်သုံးသူ များသည် ယင်းအရက်ကို မသောက်ရလျှင် မနေနိုင် လောက်အောင် စွဲလမ်း သွားရသည့် အကြောင်းရင်းကို သိပံ္ပ ပညာရှင်များက ရှာဖွေတွေ့ရှိ ထားခဲ့ပြီ ဖြစ်သည်။

အရက်သည် ဦးနှောက်၏ အစိတ်အပိုင်း အချို့ကို ပျက်စီးစေပြီး ယင်း ဦးနှောက် အစိတ်အပိုင်း များသည် အရက် သောက်ခြင်းကို ထိန်းချုပ်ရပ်တန့် နိုင်ရန် များစွာ အထောက်အကူပြု စေသည်ဟု လေ့လာ တွေ့ရှိချက်များ တွင် ဖော်ပြထားသည်။

အရက်ကို စွဲလမ်းနှစ်ခြိုက်စွာ သောက်သုံးသူ အများစုမှာ မိမိ ခန္ဓာကိုယ်ကို ထိန်းချုပ်ရာတွင် အလွန် အရေးပါသော ဦးနှောက်၏ စွမ်းအင် အစိတ်အပိုင်းများ ပျက်စီးဆုံးရှုံး ကြရသည်ကို သိပံ္ပပညာရှင် များက တွေ့ရှိခဲ့ကြသည်။

အရက် သောက်သုံးမှု များလေလေ ဖော်ပြပါ ဦးနှောက် အစိတ်အပိုင်းများ ပျက်စီးဆုံးရှုံးမှု ပိုမိုကြီးမား လေလေ ဖြစ်သည်။ ဦးနှောက်ပိုင်း ဆိုင်ရာ စစ်ဆေးတွေ့ရှိ ချက်များအရ အရက်သည် အထူးသဖြင့် ဦးနှောက်၏ အရှေ့ပိုင်းရှိ အဖြူရောင် အစိတ်အပိုင်း အဖွဲ့အစည်း တစ်ရပ်ကို ပျက်စီးစေသည်။ အဆိုပါ ဦးနှောက် အရှေ့ဘက် အင်္ဂါ အစိတ်အပိုင်း များသည် မိမိကိုယ်ကိုယ် လေ့လာ စောင့်ကြည့်ခြင်း၊ အစီအစဉ်များ ရေးဆွဲခြင်း၊ အရေးပေါ် ဆုံးဖြတ်ချက်များ ချမှတ်ခြင်း၊ ကြောင်းကျိုး လျော်ညီစွာ စဉ်းစား တွေးခေါ်ခြင်း နှင့် ပြုမူ လုပ်ဆောင်ချက် အသစ်များအား သိနားလည်ခြင်း စသည့် ကိစ္စရပ်များ အတွက် အလွန် အရေးပါသော ဦးနှောက်၏ အခြား အစိတ်အပိုင်း များကို အဓိက စုစည်း ပေးထားသော အရာဖြစ်ကြောင်း လေ့လာ တွေ့ရှိချက် များတွင် ဖော်ပြထားသည်။

ထိုကဲ့သို့ အရေးပါသည့် ဦးနှောက် အစိတ်အပိုင်းများ ပျက်စီးဆုံးရှုံး သွားခြင်းသည် မိမိ၏စိတ်ကို ထိန်းချုပ်နိုင်မှု နှောင့်နှေး ကြန့်ကြာသွား စေပြီး အရက်ကဲ့သို့ စွဲလမ်း စေတတ်သော အရာကို ရှောင်ကြဉ်ရန် မထိန်း နိုင်တော့ခြင်း ဖြစ်ရကြောင်း သုတေသီများက သတိပေး ပြောကြား ထားသည်။

အရက် အနည်းငယ် သောက်သုံးသူများ သည်ပင်လျှင် ဦးနှောက်၏ အလားတူ အစိတ်အပိုင်း များတွင် စွမ်းဆောင်နိုင်မှု စွမ်းရည်ကို လျော့ကျ စေကြောင်း လေ့လာ တွေ့ရှိချက်တွင် ဖော်ပြထားခဲ့ပြီး ဖြစ်သည်။ အရက်သည် ဦးနှောက်ပိုင်း ဆိုင်ရာ ဆိုးကျိုး သက်ရောက်မှုများ ရှိသည်ကို ဆယ်စုနှစ်များစွာ ကြာအောင် အတည်ပြု ထားခဲ့ပြီး ဖြစ်ကြောင်း ဟားဗတ် တက္ကသိုလ်မှ ပါမောက္ခ ကက်သရင်း ဘာရွန်ဖော့တီးယား က ပြောသည်။ အရက်သည် သောက်သုံးသည့် ပမာဏကို လိုက်၍ ဦးနှောက်အပေါ် သက်ရောက်မှု များရှိပြီး အခြားသော ကျန်းမာရေး ဆိုင်ရာ အကြောင်းအချက် များနှင့်လည်း မည်ကဲ့သို့ သက်ရောက်မှု ရှိစေနိုင်သည်ကို လေ့လာ တွေ့ရှိထားပြီး ဖြစ်သည်။

ယနေ့ခေတ်တွင် ဦးနှောက်နှင့် အာရုံကြော ဆိုင်ရာ ခေတ်မီနည်းပညာများ အရ အရက်သည် ရုပ်ခန္ဓာပိုင်း ဆိုင်ရာ လုပ်ကိုင်ဆောင်ရွက် နိုင်မှုစွမ်းရည်ကို အမျိုးမျိုး ပြောင်းလဲ သွားစေရန်နှင့် ဉာဏ်ရည် ဉာဏ်သွေး ဆိုင်ရာလုပ်ငန်း တာဝန်များ ဆောင်ရွက်နိုင်မှုကို အဆင့်ဆင့် ပြောင်းလဲသွားစေရန် ညွှန်ကြားလျက် ရှိသော ဦးနှောက် တစ်ခုလုံးကို ကြီးမားစွာ ဆိုးကျိုး သက်ရောက် နိုင်သည်ကို လေ့လာတွေ့ရှိ ထားကြောင်း သိရသည်။ ။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment