Pages

Monday, November 24, 2014

သဘာဝဘေးအန္တရာယ်များကို ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမှာလဲ


သဘာဝဘေးအန္တရာယ်များကို ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမှာလဲ

တင်စိုး (ပဲခူး)

ယနေ့အချိန် ကာလသည် ကမ္ဘာကြီး ပူနွေးလာမှု နှင့် ရာသီဥတု ပြောင်းလဲလာမှု များကြောင့် ဖြစ်ပေါ်လာသော သဘာဝ ဘေးအန္တရာယ် များ၏ ခြိမ်းခြောက်မှု ဒဏ်ကို ကမ္ဘာတစ်ဝန်း ရင်ဆိုင် ကြုံတွေ့ နေရသည့် အခြေအနေ ဖြစ်သည်။ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံ များမှ မမျှော်မှန်း နိုင်သော ဘေးအန္တရာယ် အမျိုးမျိုးကြောင့် လူ့အသက် အိုးအိမ်၊ စည်းစိမ်များ၊ အခြေခံ အဆောက် အအုံများ ဆိုးရွားစွာ ထိခိုက်ပျက်စီး စေသည်ကို အားလုံး သိကြပြီး ဖြစ်သည်။

မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတစ်ဝန်း တွင် သဘာဝဘေးများ အဖြစ်များ လာပြီး ထိခိုက်ပျက်စီး ဆုံးရှုံးမှုလည်း ယခင်ကထက် ပိုမိုပြင်းထန် လာသည်။ မြန်မာနိုင်ငံတွင် နာဂစ်မုန်တိုင်း ဘေး၊ တာလေ ငလျင်ဘေး၊ ပခုက္ကူ ရေဘေး၊ သပိတ်ကျင်း မြေငလျင်ဘေး နှင့် နိုင်ငံတကာတွင် ဂျပန်တိုဟိုကူ ငလျင်ကြောင့် ဆူနာမီဘေး၊ တရုတ်ပြည် ဇီချွမ် ငလျင်ဘေး၊ အမေရိကန် ပြည်ထောင်စု အိုကလာဟိုးမား တော်နေးဒိုး လေဆင် နှာမောင်းဘေး စသော သဘာဝဘေး များကြောင့် ထိခိုက်ဆုံးရှုံး မှုများကိုလည်း ကြည့်ရင် သိနိုင်သည်။

သဘာဝဘေး လျော့ပါးရေး လုပ်ငန်းတွင် တစ်ဦးကောင်း၊ တစ်ယောက်ကောင်း ဆောင်ရွက်၍ မရနိုင်ပေ။ တိုင်းဒေသကြီး နှင့် ပြည်နယ်များ အတွင်း မြို့နယ်/ ရပ်ကွက်/ ကျေးရွာ ပြည်သူများ အဆင့်အထိ အစိုးရနှင့် အစိုးရ မဟုတ်သော အဖွဲ့များ၊ တပ်ရင်း တပ်ဖွဲ့များ၊ နိုင်ငံတကာ အဖွဲ့အစည်း များနှင့်အတူ ပြည်သူလူထု အားလုံး လက်တွဲ ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်ကြ မှသာ အောင်မြင်မှု ရရှိမည် ဖြစ်သည်။

မြန်မာနိုင်ငံ သဘာဝ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေကို ၂ဝ၁၃ ခုနှစ် ဇူလိုင် ၃၁ ရက်တွင် အတည်ပြု ပြဋ္ဌာန်း နိုင်ခဲ့ပြီး ယင်းဥပဒေ၌ ဘေးဖြစ်နိုင်ခြေ အများဆုံး ဖြစ်ကြသည့် ကလေး သူငယ်များ၊ သက်ကြီး ရွယ်အိုများ၊ မသန်စွမ်း သူများနှင့် အမျိုးသမီးများ (အထူးသဖြင့် ကိုယ်ဝန်ဆောင် မိခင်များနှင့် သားသည် မိခင်များ) ကို ဦးစားပေး ကူညီ စောင့်ရှောက် ရန်ဟု ထည့်သွင်း ရေးဆွဲပြဋ္ဌာန်း ထားသည်။

မြန်မာနိုင်ငံ သဘာဝ ဘေးအန္တရာယ် လျော့ပါးရေး လုပ်ငန်း စီမံချက် ကိုလည်း ၂ဝ၁၂ ခုနှစ် ဇွန်လတွင် အတည်ပြု ထားပြီး အဆင့်တိုင်း၌ ထိခိုက်ခံ ရနိုင်မှုနှင့် ဆုံးရှုံးနိုင်မှု၊ အကဲဖြတ် ဆောင်ရွက်ရေး ကဏ္ဍတွင် မသန်စွမ်း သူများ၊ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းသူများ၊ သက်ကြီး ရွယ်အိုများ၊ အမျိုးသမီးများ နှင့် ကလေးသူငယ် များ စသော အထူး ဂရုပြုရမည့် အုပ်စုများနှင့် ပတ်သက်၍ အကဲဖြတ်မှုများ ပါဝင်သည်။ ထို့ကြောင့် ဥပဒေနှင့် စီမံချက်များ အတိုင်း အကောင် အထည်ဖော် ဆောင်ရွက်ကြရန် လိုအပ်သည်။

ယနေ့ ကမ္ဘာတွင် ကြုံတွေ့ နေကြရသော သဘာဝ ဘေးအန္တရာယ် များဖြစ်ပွားမှု အကြိမ်ရေ များလာမှု နှင့် ပိုမိုပြင်းထန် လာမှု ကဲ့သို့သော စိန်ခေါ်မှု များကို ရင်ဆိုင်ဖြေရှင်း ဆောင်ရွက်ရာ တွင် နိုင်ငံ တစ်နိုင်ငံတည်း၊ ဒေသ တစ်ခုတည်း ဆောင်ရွက်၍ မရတော့ပေ။ ထို့ကြောင့် သဘာဝ ဘေးအန္တရာယ် ဆိုင်ရာ အတွေ့အကြုံ ဖလှယ်ခြင်း၊ သဘာဝဘေး လျော့ပါးရေး စီမံချက်များ ရေးဆွဲ ဆောင်ရွက်ခြင်း၊ ဒေသအလိုက် ပထဝီ အနေအထား၊ ဖြစ်ပွား နိုင်သည့် ဘေးအန္တရာယ် အမျိုးအစား၊ တုံ့ပြန်နိုင်မည့် နည်းလမ်း၊ ရရှိနိုင်သော အရင်းအမြစ်များ ပေါ်မူတည်ပြီး ကြိုတင် ပြင်ဆင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ကြ ရမည် ဖြစ်သည်။

မြန်မာနိုင်ငံတွင် သဘာဝ ဘေးအန္တရာယ် လျော့ပါးရေး လုပ်ငန်းများကို ဘက်စုံ ကဏ္ဍစုံ နှင့် တာဝန်ရှိသူများ ပူးပေါင်း ဆောင်ရွက်လျက် ရှိရာ ကဏ္ဍအလိုက် ဖွံ့ဖြိုးတိုးတက် လာစေရန် သက်ဆိုင်ရာ အစိုးရ ဌာနများ၊အဖွဲ့အစည်းများ၊ ကော်မတီများ၊ အပြည်ပြည် ဆိုင်ရာ အဖွဲ့အစည်းများ၊ လူမှုရေး အသင်းအဖွဲ့ များက မိမိတို့ဌာန အဖွဲ့အစည်း များ၏ နေ့စဉ် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် တစ်ရပ်အဖြစ် မှတ်ယူပြီး ဆောင်ရွက် ပေးရန်နှင့် ပြည်သူများ အနေဖြင့် တစ်ဦး တစ်ယောက်ချင်း စီမှာ သာမက ပြည်သူလူထု တစ်ရပ်လုံး နိုးကြား တက်ကြွစွာ ပါဝင် ဆောင်ရွက်ကြပြီး သဘာဝ ဘေးအန္တရာယ် များမှ ဘေးကင်း လုံခြုံသော ကမ္ဘာကြီး တည်ဆောက် နိုင်ရန် ရည်ရွယ် ရေးသား လိုက်ရ ပါသည်။ ။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment