Pages

Tuesday, November 11, 2014

မြန်မာနိုင်ငံ၌ ကင်ဆာအသားပို များကို ရေဒီယိုလှိုင်းဖြင့် ပထမဆုံး ကုသပေးနိုင် တော့မည်



ရန်ကုန် ၊ ၁၁-၁၁-၂၀၁၄

မြန်မာနိုင်ငံ အတွက် ပထမဆုံးသော ရေဒီယိုလှိုင်းဖြင့် ကင်ဆာအသားပို များကို ချေဖျက်ကုသ ပေးနိုင်တော့မည် ဖြစ်ရာ အဆိုပါ စက်ပစ္စည်းမှာ လက်ရှိ ဖြစ်ပေါ်နေသည့် ခွဲစိတ်ဆရာဝန် နည်းပါးနေမှုကို အထောက်အကူ ဖြစ်စေနိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံ အနေဖြင့် ပထမဆုံး ကုသမှုတစ်ခု ဖြစ်လာမည့် ရေဒီယိုလှိုင်းမှ ထွက်ရှိသည့် စွမ်းအားဖြင့် ကင်ဆာအသားပို များကို ချေဖျက်ပေးနိုင် တော့မည် ဖြစ်ကြောင်း First Myanmar Radio Frequency Ablation Workshop တွင် တရားဝင် ထုတ်ပြန် ကြေညာသွား ခဲ့သည်။ 

Radio Frequency Ablation ဟု ခေါ်သည့် ရေဒီယိုလှိုင်းဖြင့် ကုသရန် ACS Myanmar Medical ကုမ္ပဏီမှ တာဝန်ယူကာ ပြည်တွင်းမှ ဆရာဝန်များအား နိုင်ငံခြားမှ ပညာရှင်များဖြင့် သင်တန်းများ ပို့ချခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

အဆိုပါ နည်းစနစ်ဖြင့် အသည်း၊ သိုင်းရွိုက်၊ ကျောက်ကပ်၊ ရင်သား၊ သားအိမ်၊ အဆုတ်နှင့် အရိုး အစရှိသော လူ့ခန္ဓာကိုယ် အစိတ်အပိုင်း များတွင် ဖြစ်ပွား တတ်သည့် ကင်ဆာဆဲလ် များနှင့် အသားပိုများကို ခွဲစိတ်မှု ခံယူစရာ မလိုဘဲ ကုသနိုင်သည့် အပြင် ယခင်က နိုင်ငံရပ်ခြားသို့ သွားရောက် ကုသခြင်းထက် လည်း ငွေကုန် ကြေးကျမှု သိသာစွာ သက်သာနိုင်မည် ဖြစ်ကြောင်း သိရသည်။

မြန်မာ တစ်နိုင်ငံလုံး၌ လက်ရှိ အချိန်တွင် ခွဲစိတ်ဆရာဝန် ၄ဝဝ ကျော်ရှိပြီး လက်တွေ့ လုပ်ငန်းခွင် ဝင်ရောက် နေသည့် ခွဲစိတ်ဆရာဝန် များမှာ ၂၅ဝ နီးပါးသာ ရှိသည့်အတွက် တစ်နိုင်ငံလုံးရှိ လူဦးရေနှင့် နှိုင်းယှဉ်ပါက လွန်စွာ နည်းပါး နေကြောင်း၊ ကျေးလက် ဒေသရှိ တိုက်နယ် ဆေးရုံများ၌ အဆိုပါ အခက်အခဲ များနှင့် ကြုံတွေ့ နေရကြောင်း သိရသည်။ 

Radio Frequency Ablation ခေါ်သည့် ရေဒီယိုလှိုင်းဖြင့် မြန်မာနိုင်ငံ၌ ခွဲစိတ်ကုသ ပေးနိုင်တော့မည် ဖြစ်သည့်အတွက် အဆိုပါ ခွဲစိတ်ဆရာဝန် နည်းပါးနေသည့် အခက်အခဲ ဖြစ်ပေါ်နေမှုကို တစ်ဖက် တစ်လမ်းမှ ဖြေရှင်း သွားနိုင်မည် ဖြစ်ကြောင်း သိရသည်။ ရေဒီယိုလှိုင်းဖြင့် ကုသမှုခံယူမည့် သူများ အနေဖြင့် နိုင်ငံခြားသို့ သွားရောက် ကုသမည် ဆိုပါက ကုန်ကျစရိတ် များပြားပြီး ယခုအခါ ပြည်တွင်း၌ ကုသနိုင်ပြီ ဖြစ်သည့် အတွက် ကုန်ကျစရိတ် များစွာ သက်သာစေမည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment