Pages

Saturday, November 8, 2014

အလင်းရောင်ကို အကျိုးရှိစွာ သုံးစွဲ


အလင်းရောင်ကို အကျိုးရှိစွာ သုံးစွဲ

အလင်းရောင်သည် လူသားတို့ အတွက် အရေးပါသည်။ သဘာဝမှ ပေးသည့် နေနှင့် လ အလင်းရောင် ကို လူသားတို့ နှစ်သက် ကြသည်။ လူသားတို့၏ အတောမသတ် နိုင်သော လိုအင်ဆန္ဒ များကြောင့် အလင်းရောင် ရရှိနိုင်သည့် အရင်းအမြစ် များကို တီထွင် လာကြသည်။ လူသားတို့ ဖန်တီးထားသော အလင်းရောင် ကြောင့် သဘာဝ အလင်းရောင် ညစ်ညမ်းမှု လေးမျိုး ဖြစ်ပေါ် လာရသည်။ သဘာဝ အလင်းရောင်သည် လူသားတို့ လိုအပ်သည့် ကျန်းမာ ပျော်ရွှင်မှုကို ဖြစ်ပေါ် စေသော်လည်း လူသားတို့ ဖန်တီးသည့် အလင်းရောင် ကြောင့် ကျန်းမာရေး နှင့် ပျော်ရွှင်မှုကို ထိခိုက် စေလျက် ရှိသည်။ လူသားတို့ ဖန်တီးသည့် အလင်းရောင် ဖြစ်သော မြို့ကြီးများတွင် မီးမောင်း ထိုးမှုကြောင့် သဘာဝ ကြယ်ရောင်ကို မမြင်နိုင်ခြင်း၊ လူသားတို့ ဖန်တီးသည့် အလင်းရောင် ကြောင့် စိတ် အနှောင့်အယှက် ဖြစ်ခြင်း၊ စူးရှသည့် မီးအိမ်၊ မီးလုံး အလင်းရောင် ကြောင့် ကျန်းမာရေး ထိခိုက်ခြင်း၊ မီးထိန်လင်းစွာ ထွန်းညှိ ခြင်းကြောင့် ဇီဝဂေဟ စနစ်ကို ပျက်စီးခြင်း တို့ကို တွေ့ကြုံ ခံစားလာ ရသည်။

လူသားတို့ ဖန်တီးသော အလင်းရောင်တွင် စူးရှသော မီးရောင် အလွန်အကျွံ ထွန်းခြင်းကြောင့် ညအမြင် အာရုံချို့တဲ့ခြင်းကို ဖြစ်ပေါ် စေနိုင်သည်။ အိပ်မပျော်သော ရောဂါ၊ စိတ်ကျရောဂါ နှင့် ကင်ဆာရောဂါ၊ နှလုံးသွေးကြော ဆိုင်ရာရောဂါ တို့ ဖြစ်ပွား စေနိုင်သည်။ အိပ်စက်မှု ဟန်ချက် ဆိုင်ရာ ဟော်မုန်းသည် အမှောင်ထဲ၌သာ ထုတ်လုပ်ပြီး အလင်းရောင် တွင် ထုတ်လုပ်မှု လျော့နည်းစေကာ အိပ်စက်မှု ဟန်ချက်ပျက် စေသည်။

ထို့အတူ ကျေးငှက် တိရစ္ဆာန်များ၏ ဇီဝဂေဟစနစ် ကိုလည်း ပျက်စီးစေသည်။ ညပိုင်း လှုပ်ရှားသည့် သမင်၊ လင်းနို့၊ မြေခွေးနီ တို့၏ အစာရှာဖွေ စားသောက်မှု ခက်ခဲစေပြီး သားကောင်ကြီး များ၏ ဖမ်းဆီး စားသောက်ခြင်း ကို ခံစားကြ ရသည်။ ပိတုန်းနှင့် လိပ်ပြာတို့ သည်လည်း အလင်းရောင် ကြောင့် သားကောင်များ၏ ဖမ်းဆီး စားသောက်ခြင်း ကို ခံကြရသည်။ ပိတုန်းနှင့် လိပ်ပြာ တို့သည် ညပိုင်းတွင် ပွင့်သော ပန်းများကို ဝတ်မှုန်ကူးသည့် တာဝန် ထမ်းဆောင် ကြသည်။ ပိတုန်းနှင့် လိပ်ပြာ မျိုးသုဉ်း လာမှုကြောင့် ၄င်းတို့နှင့် ဆက်နွှယ်သော ပန်းတို့ မျိုးသုဉ်းလာ ကြသည်။ ထိုအခါ လူနှင့် တိရစ္ဆာန်တို့၏ အစာရေစာ အရင်းအမြစ်ကို လျော့ကျ စေသည်။

ထို့ပြင် ဆောင်းခိုငှက် အများစုသည် ကြယ်ရောင် လရောင်များကို မြေပုံ လမ်းသဖွယ် မှတ်သားကာ နေရာရွှေ့ပြောင်း ကြသည်။ ငှက်မျိုးစိတ်ပေါင်း ၄၅ဝ ခန့်သည် မြောက် အမေရိကတိုက် သို့ ညပိုင်းတွင် နေရာပြောင်းရွှေ့ ကြသည်။ ထိုသို့ ပြောင်းရွှေ့ ရာတွင် မီးထိန်လင်းစွာ ထွန်းညှိထား သော အလင်းရောင် ကြောင့် အဆောက်အအုံ များနှင့် တိုက်မိခြင်း၊ အလင်းရောင် ကြောင့် ထိုနေရာတွင် လှည့်ပတ် ပျံသန်းရင်း အမောဆို့ သေဆုံးခြင်း တို့ကြောင့် ငှက်ကောင်ရေ သန်းပေါင်း တစ်ရာခန့် နှစ်စဉ် သေဆုံးမှုရှိနေသည်။ ထို့အတူ လိပ်များနှင့် အခြားသတ္တဝါ များသည်လည်း လူသားတို့ ဖန်တီးသည့် အလင်းရောင် ကြောင့် မျိုးသုဉ်းမှုများ ဖြစ်ပေါ်လျက် ရှိနေသည်။

မြန်မာနိုင်ငံတွင် စွမ်းအင် လိုအပ်ချက်နှင့် အညီ ကျေးလက်နှင့် မြို့ပြ မီးလင်းရေး လုပ်ဆောင်လျက် ရှိနေသည်။ လာမည့်နှစ် အနည်းငယ် အတွင်း တစ်နိုင်ငံလုံး မီးလင်းရေး ဆောင်ရွက် နိုင်မည်ဟု ဆိုသည်။ သို့ဖြစ်ရာ ကြိုတင် ကာကွယ်ခြင်း သည် ကုသခြင်းထက် ကောင်းမွန်သည် ဆိုသော အဆိုအမိန့် နှင့်အညီ ဖွံ့ဖြိုးပြီး အခြားနိုင်ငံ များကဲ့သို့ အလင်းရောင် ကြောင့် ဖြစ်ပေါ်သည့် ပြဿနာကို ရင်ဆိုင်ရမည် ဖြစ်ရာ ပြည်သူများ အနေဖြင့် အလင်းရောင်းကို လိုအပ် သလောက် ထိထိမိမိ အကျိုးရှိအောင် အသုံးချရန် နှင့် အလင်းရောင် ဖြုန်းတီးခြင်း နှင့်အတူ ဖြစ်ပေါ်လာမည့် အန္တရာယ် များကို ရှောင်ရှားနိုင်ရန် လူသားတို့ ဖန်တီးသည့် အလင်းရောင်ကို အကျိုးရှိစွာ ချွေတာသုံးစွဲ ကြရန် အသိပေး တိုက်တွန်း ရေးသား လိုက်ရပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment