Pages

Wednesday, November 5, 2014

ဆေးလိပ်မီးခိုးအန္တရာယ်


ဆေးလိပ်မီးခိုးအန္တရာယ်

ဆေးလိပ်မီးခိုး အန္တရာယ်သည် သောက်သုံးသူ ကိုသာမက အနီး ပတ်ဝန်းကျင်ရှိ လူအများ ကိုလည်း အန္တရာယ်ပြု စေသည်။ ထို့ကြောင့် ဆေးလိပ် သောက်သုံးသူ များအနေဖြင့် ပတ်ဝန်းကျင် နေရာ ဒေသကို ဂရုပြု၍ သောက်သုံး သင့်ပေသည်။ အကြောင်းမှာ ဆေးလိပ်မီးခိုး အတွင်း ပါဝင်သော ဒြပ်ပစ္စည်း များသည် အဆုတ်ကင်ဆာ ကဲ့သို့သော ရောဂါများကို ဖြစ်စေ နိုင်သောကြောင့် ဖြစ်သည်။

ဆေးလိပ်မီးခိုး အန္တရာယ်သည် ချက်ချင်း မသိသာ နိုင်သော်လည်း ရေရှည်တွင် ဆိုးကျိုးကို ခံစားရ နိုင်သည်။ အကောင်းဆုံးမှာ ဆေးလိပ်ကို မသောက်ရ မနေနိုင်သူများ အနေဖြင့် မိမိဆန္ဒ ကြောင့် အခြား သူများကို အန္တရာယ် မဖြစ်စေရန် ကန့်သတ် တားမြစ် ထားသော နေရာများ၌ မသောက်မိ စေရန် အထူး လိုအပ်လှ ပေသည်။

မြန်မာနိုင်ငံတွင် ဆေးလိပ်နှင့် ဆေးရွက်ကြီး ထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေး ဥပဒေကို ၂ဝဝ၆ ခုနှစ်က ပြဋ္ဌာန်းခဲ့ပြီး ဖြစ်သည်။ ၄င်းဥပဒေ အရ ထိရောက်စွာ အရေးယူ နိုင်ရေး သက်ဆိုင်ရာက ဆောင်ရွက် နေပြီ ဖြစ်သည်။ ယခုအခါ ကျန်းမာရေး ဝန်ကြီးဌာန က ၄င်းဥပဒေတွင် ပါရှိသည့် ဆေးလိပ် သောက်ခွင့် မရှိသော နေရာများကို ထုတ်ပြန် ကြေညာ ထားသည်။

ဆေးလိပ် သောက်သုံးခွင့် မရှိသော နေရာများမှာ ဆေးရုံ အဆောက်အအုံ နှင့် ပတ်ဝန်းကျင်၊ ဆေးကုသ ဂေဟာနှင့် ဆေးခန်းများ၊ ကလေး ကစားကွင်းများ၊ အားကစားကွင်း နှင့် အားကစားရုံများ၊ တက္ကသိုလ်၊ ကောလိပ် စာသင်ခန်းများ၊ စာသင်ကျောင်း နှင့် ပတ်ဝန်းကျင် နေရာများ၊ ဈေးရုံများ၊ အများ ပြည်သူသုံး စာကြည့်တိုက်များ၊ မော်တော်ယာဉ် နှင့် လေယာဉ်များ၊ လေအေးပေးစက် တပ်ဆင် ထားသော ခန်းမများ၊ ရုံးခန်းများ ဖြစ်သည်။

ထိုကဲ့သို့ ကန့်သတ် ထားသော နေရာများတွင် ဆေးလိပ် သောက်သုံးပါက ပြစ်ဒဏ် ချမှတ် အရေးယူရန် သက်ဆိုင်ရာ အဖွဲ့အစည်းများ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက် သွားမည်ဟု သိရသည်။ ထို့ကြောင့် ဆေးလိပ် သောက်သုံးသူများ အနေဖြင့် အများနှင့် သက်ဆိုင်သော နေရာများ၌ ဆေးလိပ် သောက်ခြင်းကို သတိပြု ရှောင်ကြဉ်ရန် လိုအပ်လာပြီ ဖြစ်သည်။

ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီးက Second hand Smoke ဟုခေါ်သည့် ဆေးလိပ် မသောက်ကြ သူများလည်း တစ်ဆင့် မီးခိုးရှူရှိုက် မိပြီး ရောဂါ ဖြစ်ပွားလျက် ရှိကြောင်း သတိပေး ကြေညာချက် များ ထုတ်ပြန် ထားသည်။ အထူးသဖြင့် ကလေးများ နှင့် ကိုယ်ဝန်ဆောင် မိခင်များသည် ဆေးလိပ် မီးခိုး အန္တရာယ်ကို ခံစားနေကြ ရပြီး နှစ်စဉ် ဆေးလိပ်မီးခိုး အန္တရာယ် ကြောင့် ရောဂါ ဖြစ်ပွားသူ အများအပြား ရှိသည်။

သို့ဖြစ်ရာ ဆေးလိပ်မီးခိုး တွင် လူကို အန္တရာယ် ဖြစ်စေနိုင်သည့် ဒြပ်ပစ္စည်း အမြောက်အမြား ပါဝင်လျက်ရှိရာ ဆေးလိပ်မီးခိုး ရှူရှိုက်မိပါက ရေရှည်တွင် ရောဂါတစ်ခုခု ခံစားရနိုင် သောကြောင့် ဆေးလိပ် သောက်သုံးသူ များအနေဖြင့် အများပြည်သူ များကို အန္တရာယ် မဖြစ်စေရန် အတွက် ကန့်သတ် ထားသော နေရာများ၌ ဆေးလိပ် သောက်သုံးခြင်းကို ရှောင်ကြဉ်သင့် ပါကြောင်း အထူး အသိပေး ရေးသား လိုက်ရ ပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment