Pages

Friday, November 7, 2014

ပြည်တွင်း၌ ဆားအဝယ်များပြီး လက်ကျန်ဆား ရှားပါးမှုကြောင့် ဆားဈေးမြင့်တက်



ရန်ကုန် ၊ ၇-၁၁-၂၀၁၄

ပြည်တွင်းဆား ဈေးကွက်တွင် ဝယ်လက် များပြားလျက် ရှိပြီး လက်ကျန်ဆား နည်းပါးနေ သဖြင့် ဆားဈေးနှုန်းများ ယခင်နှစ်ထက် မြင့်တက် လာကြောင်း ဆားလုပ်ငန်းရှင် များထံမှ သိရသည်။

လက်ရှိ အချိန်သည် မိုးကာလ ကုန်ဆုံးပြီ ဖြစ်သည့်အတွက် မိုးရာသီ အတွင်း ရပ်နားခဲ့သော ဆားလုပ်ငန်း များကို လုပ်ငန်း ပြန်လည် စတင်နေပြီး ဆားအဓိက ထုတ်လုပ်သော ဧရာဝတီတိုင်း ဒေသကြီး တွင် ဆားရှားပါး နေခြင်းကြောင့် ဈေးနှုန်း အနည်းငယ် မြင့်တက် လာခြင်း ဖြစ်ကြောင်း ဧရာဝတီတိုင်း ဒေသကြီး ဆား လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

''အရမ်းကြီး ဈေးတက် သွားတာတော့ မဟုတ်ဘူး။ ဆားက အခြား ကုန်တွေထက် ဈေးနည်းပြီးသား ဆိုတော့ ဆားဈေး တက်လို့ဆိုပြီး ညည်းညူ တာမျိုးတော့ မရှိဘူးပေါ့။ နောက်လလောက် ဆိုရင်ပဲ ဈေးက ပြန်ကျ သွားနိုင် ပါတယ် ... '' ဟု ဆားလုပ်ငန်းရှင် ဦးထွန်းမြင့် က ပြောသည်။

လက်ရှိ ပြည်တွင်း ဆားချော ဈေးနှုန်းမှာ ပြီးခဲ့သည့် နှစ်ကထက် ငွေကျပ် ၃ဝ ပိုမို မြင့်တက် လာခြင်းဖြစ်ပြီး ပွင့်လင်းရာသီ ရောက်လျှင် ဈေးနှုန်းများ ပြန်လည် ငြိမ်သက်လေ့ ရှိကြောင်း ၄င်းက ဆက်လက် ပြောကြား ခဲ့သည်။ပြီးခဲ့သည့် ၂ဝ၁၃ ခုနှစ်က ဆားကြမ်း ဈေးနှုန်း ၄ဝ ကျပ်၊ ဆားချော ဈေးနှုန်း ၇ဝ ကျပ်သာ ရှိခဲ့ပြီး လက်ရှိ ဆားကြမ်း ဈေးနှုန်း ၆၂ ကျပ်၊ ဆားချော ဈေးနှုန်း ၁ဝဝ ကျပ်ဝန်းကျင် အထိ မြင့်တက် လာခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ ဆားဈေးကွက် တွင် မန္တလေးတိုင်း ဒေသကြီး ၌သာ အများဆုံး ရောင်းချလျက် ရှိပြီး ကျန် ပြည်နယ်နှင့် တိုင်းဒေသကြီး များတွင်လည်း ပုံမှန် ဝယ်ယူမှုများ ရှိနေကြောင်း သိရသည်။ ထို့အပြင် ပြည်တွင်း စားသုံးသူများ အနေဖြင့် ပြည်တွင်း၌ ထွက်ရှိသော ဆားများ အပြင် ထိုင်းနိုင်ငံမှ ဝင်ရောက် လာသော ဆားများ ကိုပါ ဝယ်ယူ စားသုံးလျက် ရှိကြောင်း သိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment