Pages

Monday, October 27, 2014

ပုဂံယဉ်ကျေးမှု အမွေအနှစ် ဒေသဇုန်ဝင်ကြေး တိုးမြှင့်ကောက်ခံမည်


ရန်ကုန် ၊ ၂၇-၁၀-၂၀၁၄

မြန်မာနိုင်ငံ၏ အထင်ကရ နေရာတစ်ခု ဖြစ်ပြီး နိုင်ငံခြား ခရီးသွား ဧည့်သည်များ အများဆုံး လာရောက် လေ့လာသည့် ဒေသတစ်ခု ဖြစ်သော ပုဂံဒေသရှိ ယဉ်ကျေးမှု အမွေအနှစ် ဒေသဇုန် ဝင်ကြေးကို လက်ရှိ ကောက်ခံနေသည့် နှုန်းထားထက် အမေရိကန် ဒေါ်လာ ၅ ဒေါ်လာ တိုးမြှင့်ကာ လာမည့် ဇန်နဝါရီလမှ စတင် ကောက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်သည့် နိုင်ငံခြား ခရီးသွား ဧည့်သည်များ အနေဖြင့် ပုဂံ ယဉ်ကျေးမှု ဒေသသို့ ဝင်ရောက် လေ့လာမှုများ ပြုလုပ်ရာတွင် လက်ရှိ အချိန်၌ နိုင်ငံခြားသား တစ်ဦးလျှင် အမေရိကန် ဒေါ်လာ ၁၅ ဒေါ်လာ ပေးဆောင်ရပြီး ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလ တွင် ဧည့်ဝင်ကြေး တိုးမြှင့် လိုက်သည့် အတွက် နိုင်ငံခြားသား တစ်ဦးလျှင် အမေရိကန် ဒေါ်လာ ၂ဝ အထိ ကုန်ကျမည် ဖြစ်သည်။

ဧည့်ဝင်ကြေးကို တိုးမြှင့် လိုက်သော်လည်း နိုင်ငံခြား ခရီးသွား ဧည့်သည်များ အနေဖြင့် ဝင်ရောက် လေ့လာမှု အပိုင်း ကျဆင်းသွားမည် မဟုတ်ကြောင်း၊ မြန်မာနိုင်ငံ၌ ပြည်ပ နိုင်ငံများမှ လာရောက် လည်ပတ်သည့် ဧည့်သည် ဦးရေမှာ တစ်နှစ်ထက် တစ်နှစ် တိုးမြင့် လာသော်လည်း ယဉ်ကျေးမှု အမွေအနှစ် ဒေသများ အပါအဝင် အခြားသော လေ့လာစရာ နေရာများ၌ ဧည့်ဝင်ကြေးများ ကောက်ခံမှု မှာလည်း များစွာ သက်သာမှုများ ရှိကြောင်း သိရသည်။

ယဉ်ကျေးမှုဇုန် နေရာများမှ ရရှိသည့် ဧည့်ဝင်ကြေး များကို နိုင်ငံတော် ဘဏ္ဍာ အဖြစ် ပေးသွင်းပြီး နှစ်စဉ် ယဉ်ကျေးမှုဇုန် များကို ငွေကျပ် သိန်းပေါင်းများစွာ ကုန်ကျခံကာ ထိန်းသိမ်း ဆောင်ရွက် နေကြောင်း၊ ထို့အပြင် ယဉ်ကျေးမှု ဝန်ကြီးဌာန အနေဖြင့် ပုဂံဒေသကို ကမ္ဘာ့ အမွေအနှစ် စာရင်းဝင် ဒေသအဖြစ် သတ်မှတ် နိုင်ရန် အကောင် အထည်ဖော် လျက် ရှိကြောင်း သိရသည်။

ပုဂံ ယဉ်ကျေးမှု အမွေအနှစ် ဒေသ၏ ဇုန်ဝင်ကြေးကို ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလမှ စတင်ကာ တိုးမြှင့် ကောက်ခံ သွားမည့် အပြင် ဒေသဆိုင်ရာ ဖွံ့ဖြိုးရေး လုပ်ငန်းများ ကိုလည်း သက်ဆိုင်ရာ ဝန်ကြီးဌာန နှင့် ပူးပေါင်းကာ ပိုမိုတိုးတက် စေရန် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။ (၄၄၈)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment