Pages

Friday, September 19, 2014

ကသာခရိုင်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တံတားများ ပျက်စီးကာ အမျိုးသမီး နှစ်ဦးရေမျောပါ သေဆုံး



မုံရွာ ၊ ၁၉-၉-၂၀၁၄

စစ်ကိုင်းတိုင်း ဒေသကြီး ကသာခရိုင် အတွင်း ယမန်နေ့ နံနက် ၂ နာရီခန့်မှ စတင်၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကသာနှင့် အင်းတော်မြို့နယ် တို့တွင် ပျက်စီး ဆုံးရှုံးမှုများ ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကသာခရိုင် ကသာမြို့နယ် ပြည်သာယာ ကျေးရွာ ပင်လုံလမ်း ပေါ်ရှိ အရှည်ပေ ၁၂ဝ သွေးကျောက်ချောင်း သံကူ ကွန်ကရစ် တံတားသည် နံနက် ၄ နာရီခွဲတွင် တောင်ကျရေ အရှိန်ကြောင့် ပေ ၆ဝ ခန့် ရေမျော ပျက်စီးခဲ့ပြီး ရွာအနောက် ဘက်ရှိ နေအိမ်တဲ သုံးလုံး မျောပါ ပျက်စီးခဲ့ရာ အသက် ၅၈ နှစ်နှင့် ၂၃ နှစ်ရှိ သားအမိ အမျိုးသမီး နှစ်ဦး တို့သည် ရေမျော ပစ္စည်းများ လိုက်လံ ဆယ်ယူရင်း သေဆုံးခဲ့သည်။

ထို့အပြင် ကသာမြို့နယ် မိဿလင်း ကျေးရွာအုပ်စု ပေါမမြိုင် ကျေးရွာ နန့်လှိုင်ချောင်း တောင်ကျရေ စီးဆင်းမှုကြောင့် အရှည်ပေ ၁၃ဝ၊ အကျယ် ၂၈ ပေရှိ ပေါမမြိုင် သံကူ ကွန်ကရစ် တံတားတစ်စင်း ပျက်စီးသွား ခဲ့သည်။

ကသာ - အင်းတော် လမ်းပေါ်ရှိ လမ်းခွရွာ အဝင် ချောင်းကူးတံတား ဘေလီ သံပေါင် သစ်သား တံတား ပေ ၈ဝ သည် ချောင်းရေ ကြီးမှုကြောင့် အင်းတော် ဘက်ခြမ်း ကမ်းကပ် ခုံပြိုကျပြီး နှစ်ပေခန့် အောက်သို့ နိမ့်ကျ သွားခဲ့သည်။

ကသာ - အင်းတော် လမ်းပေါ်ရှိ ပေ ၂ဝ ခန့် တံတားအမှတ် (၅/၉) တစ်စင်းမှာ အင်းတော်ဘက် ခြမ်းရှိ ကမ်းကပ်ခုံ ပြိုကျသွား ခဲ့သည်။ မိဿလင်း ကျေးရွာ အုပ်စု ပေကုန်း တံတား အရှည်ပေ ၈ဝ၊ အကျယ် ၁၂ ပေ သစ်သား တံတားသည် နန့်လှိုင်ချောင်း ရေများ အရှိန်ကြောင့် မျောပါ ပျက်စီးသွား ခဲ့သည်။

အရှည်ပေ ၁ဝဝ၊ အကျယ် ၁၂ ပေရှိ ကပ္ပလိပ် သစ်သား တံတား တစ်စင်းသည် နန့်လှိုင်ချောင်း ရေတိုက်စား၍ ရေလယ်တိုင်များ ကျိုးကျ ပျက်စီး သွားခဲ့သည်။ 

ကသာ - ချောင်းဝ - ကျောက်ကြီး မီးရထား လမ်းသည် ပေါမမြိုင် ဘူတာ အနီးတွင် ရထားလမ်းပိုင်း အချို့ပျက်စီး သဖြင့် ရထား သွားလာမှု ရပ်ဆိုင်းထားပြီး ပြင်ဆင်ရေး အဖွဲ့များက ပြင်ဆင်လျက်ရှိသည်။

မင်းလယ် ကျေးရွာရှိ အရှည်ပေ ၁ဝဝ၊ အကျယ် ၁၄ ပေ မင်းလယ် ချောင်းကူး သစ်သား တံတားသည် ချောင်းရေ တိုက်စား၍ ပေ၅ဝ ခန့် ပျက်စီး သွားခဲ့ပြီး လယ် ၁ဝ ဧက ပျက်စီးခဲ့သည်။ ကသာ - နဘားကြား မီးရထားလမ်း မိုင်တိုင်အမှတ် ၆ဝ၂/၂-၃ ရှိ တံတား သည် နဘားဘက်ခြမ်း တံတားနံရံ ရေတိုက် စား၍ ဇလီဖားတုံးများ ပျက်စီး သဖြင့် ပြုပြင် ဆောင်ရွက်လျက် ရှိသည်။

အလားတူ အင်းတော် မြို့နယ်တွင် လည်း ရွှေဘို - မြစ်ကြီးနား ကားလမ်း မိုင်တိုင်အမှတ် ၁၅၂/၂ နှင့် ၁၅၃/၃ အကြား ပေ ၆ဝ ရှိ စံပယ်ရွှေသစ် တံတားသည် ရေထဲ မျောပါသွား ခဲ့သည်။ အင်းတော် မြို့နယ် မြစ်ကြီးနား - ရွှေဘို လမ်းပေါ်ရှိ အရှည်ပေ ၂ဝ ဖားပန့်တံတား သည် ချဉ်းကပ်ခုံ မြေသား တာပေါင် ၅ ပေခန့် နှင့် တံတား သံပေါင် ရေထဲ မျောပါ သွားခဲ့သည်။ နဘားဘူတာအတွက် နဘား - ကသာ လမ်းပေါ်ရှိ တံတား ရေလယ်တိုင် ဘေးတွင် ခုခံထားသော ဇလီဖား ထပ်ခွေ နှစ်ခု ရေထဲပါ သွားခဲ့သဖြင့် နဘားဘူတာ အထွက် ရထားများ ခေတ္တရပ်နား ခဲ့ရသည်။ အင်းတော် - ကသာ လမ်းပေါ်ရှိ အရှည်ပေ ၉ဝ တံတား တစ်စင်း သစ်သားကြမ်းခင်း၊ ကွန်ကရစ်တိုင် နှင့် အင်းတော်ဘက် ကမ်းကပ်ခုံ တစ်ခြမ်း ပြိုကျ ပျက်စီး ခဲ့သည်။

အဆိုပါ ပျက်စီးခဲ့သည့် တံတားများ အမြန် ပြုပြင် တည်ဆောက် ပေးရန်နှင့် ဒေသလိုအပ် ချက်များအား ကူညီ ဖြည့်ဆည်း ဆောင်ရွက် နိုင်ရန်အတွက် တာဝန်ရှိ သူများက ဆောင်ရွက် လျက် ရှိကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment