Pages

Friday, September 19, 2014

ပြည်ပဈေးကွက် များတွင် မျက်နှာပန်းလှ ဈေးကောင်းရနေသည့် ပုစွန်တုပ်



ပြည်ပဈေးကွက် များတွင် မျက်နှာပန်းလှ ဈေးကောင်းရနေသည့် ပုစွန်တုပ်

မြန်မာ့ပင်လယ် ကမ်းခြေဒေသမှ ပုစွန်တုပ် များသည် ပြည်ပ ဈေးကွက်တွင် မျက်နှာပန်း လှစွာ ဈေးကောင်း ရရှိနေသည့် အပြင် ကမ်းခြေဒေသ ပလုပ်တုတ် လုပ်ငန်းများ မှာလည်း အရှိန်အဟုန်ဖြင့် လုပ်ကိုင် ဆောင်ရွက် နေကြ သကဲ့သို့ ကမ်းခြေပင်ရင်း ပုစွန်တုပ် ဈေးကွက် များမှာလည်း သွက်လက် လှုပ်ရှား နေကြောင်း ဘိုကလေး မြို့နယ် ပင်လယ်ကမ်းခြေ ဒေသမှ ပလုပ်တုတ် လုပ်ငန်း လုပ်ကိုင်သူ များ၏ ပြောကြားချက် အရ သိရသည်။

ဧရာဝတီတိုင်း ဒေသကြီး ဖျာပုံမြို့နယ် ဘုန်းကြီးသောင်၊ ချောင်းဝ၊ ကုလားထိပ်၊ ရွှေလှကျင်း၊ ကမာအောင် စသည့် ကျေးရွာများ၊ အမာမြို့နယ် အရှေ့ဖျား၊ နောက်မီး၊ ထောင်ကြီးတန်း၊ ဦးပေ စသည့် ကျေးရွာများ၊ ဘိုကလေး မြို့နယ် ကဒုံကနိ၊ ဧရာ၊ ကြိမ်ချောင်း၊ မရမ်းချောင်၊ ပဒဲကော၊ မုန်တိုင်းကြီး၊ မုန်တိုင်းလေး စသည့် ကျေးရွာများ နှင့် ပတ်ဝန်းကျင် ဒေသများသည် ပုစွန်တုပ် များကို သီးသန့် ဖမ်းယူ၍ တွင်ကျယ်စွာ လုပ်ကိုင် နေသည့်ရေလုပ်ငန်း ဖြစ်သည်။

ပုစွန်တုပ် များကို ဝါးခြမ်းများဖြင့် ပြုလုပ် ထားသည့် ပုစွန်တုပ်ထောင်ချောက် ပုံးငယ်များဖြင့် ဖမ်းယူ ကြသည်။ ပုစွန်တုပ် ထောင်ချောက် ဝါးပုံးငယ်များကို ကမ်းခြေဒေသ များ၌ ပလုပ်တုတ် လုပ်ငန်းဟု ခေါ်သည်။ ပလုပ်တုတ် လုပ်ငန်း လုပ်ကိုင်သူများ အနေဖြင့် ငွေကြေးအင်အား ရှိသလောက် ပုစွန်တုပ် ထောင်ချောက် ပလုပ်တုတ် များကို တိုးချဲ့ လုပ်ကိုင်နိုင် သကဲ့သို့ ပလုပ်တုတ် လှေငယ် များကိုလည်း တိုးချဲ့ လုပ်ကိုင် နိုင်သည်။ တန်းလုပ်ငန်း ကဲ့သို့ပင် ငွေကြေးအင်အား ရှိသူရော လက်လုပ် လက်စား ရေလုပ်သား များပါ တစ်ပိုင် တစ်နိုင် လုပ်ကိုင် ဆောင်ရွက် နိုင်သည့် လုပ်ငန်း ဖြစ်သည်။

လက်ရှိတွင် မြန်မာ့ပင်လယ် ကမ်းခြေဒေသမှ ပုစွန်တုပ် များသည် ပြည်ပ ဈေးကွက် များတွင် မျက်နှာပန်း လှစွာ ဈေးကောင်း ရရှိနေသည်။ ထို့ကြောင့် ကမ်းခြေဒေသ အဝယ်ဒိုင်များ ကလည်း ပုစွန်တုပ်များ ပိုမို ဝယ်ယူရရှိ နိုင်ရေး အတွက် ရေလုပ်သား များကို အရင်းအနှီးများ ထုတ်ပေးကာ ပလုပ်တုတ် လုပ်ငန်းများကို လုပ်ကိုင် စေပြီး ဖမ်းယူ ရမိလာသည့် ပုစွန်တုပ် ကြီးများကို ပြန်လည် ဝယ်ယူ ကြသည်။

ကမ်းခြေဒေသ ပင်ရင်း ဈေးကွက်များတွင် ပုစွန်တုပ် များကို လက်မကားရှယ်၊ အလတ်၊ ထုပ်ကျ၊ အကျ ဟူ၍ ခွဲခြား သတ်မှတ် ဝယ်ယူ ကြသည်။ ထိုသို့ ခွဲခြားသတ်မှတ် ဝယ်ယူကြ ရာတွင် ပုစွန်တုပ် တစ်ကောင်၏ အလေးချိန်၁၅ ကျပ်သား အထက်ကို လက်မကားရှယ်၊ ၁၁ ကျပ်သားမှ ၁၅ ကျပ်သားအရွယ်ကို အလတ်၊ ၁ဝ ကျပ်သား အရွယ်ကို ထုပ်ကျ နှင့် ၅ ကျပ်သားမှ ၉ ကျပ်သား အရွယ်ကို အကျဟူ၍ ခွဲခြား သတ်မှတ် ဝယ်ယူကြသည်။

လက်ရှိပင်ရင်း ဈေးကွက်များ၏ ပေါက်ဈေးနှုန်း များမှာ ပုစွန်တုပ် လက်မကားရှယ် တစ်ပိဿာလျှင် ငွေကျပ် ၃၅ဝဝဝ၊ အလတ် တစ်ပိဿာလျှင် ငွေကျပ် ၂၃ဝဝဝ မှ ငွေကျပ် ၂၅ဝဝဝ ဝန်းကျင်၊ ထုပ်ကျ တစ်ပိဿာလျှင်ငွေကျပ် ၁၃ဝဝဝ မှ ငွေကျပ် ၁၅ဝဝဝ ဝန်းကျင်၊ အကျ တစ်ပိဿာလျှင် ငွေကျပ် ၆ဝဝဝ မှ ငွေကျပ် ၉ဝဝဝ ဝန်းကျင် ပေါက်ဈေးရှိပြီး ဒေသအလိုက် ဈေးနှုန်းများ ပြောင်းလဲ နိုင်ကြောင်း သိရသည်။

လက်ရှိတွင် ပုစွန်တုပ် တစ်ကောင်၏ တန်ဖိုးမှာ ငွေကျပ် ၁၅ဝဝ မှ ငွေကျပ် ၃၅ဝဝ ဝန်းကျင်အထိ ရှိနေသည်။ ပလုပ်တုတ် လုပ်ငန်း မှာ ပင်လယ်ကမ်းစပ် ဒေသများနှင့် ချောင်းတွင်း ဒေသများ ၌သာ လုပ်ကိုင် ဆောင်ရွက် ရသဖြင့် နွေ၊ မိုး၊ ဆောင်း သုံးရာသီ စလုံးတွင် ရာသီဥတု အန္တရာယ်ကို မရှောင်ဘဲ တစ်နှစ်ပတ်လုံး မပြတ် လုပ်ကိုင် နိုင်သည့် ရေလုပ်ငန်း တစ်ခု ဖြစ်ကြောင်း သိရသည်။ ။

ဇာညီသစ္စာ

#Themyawadydaily

No comments:

Post a Comment