Pages

Thursday, September 11, 2014

လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်


လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်

မြန်မာနိုင်ငံသည် လူကုန်ကူးမှု ပြဿနာကို လူသားများအား စိန်ခေါ်နေသည့် ကြီးမားသော ပြဿနာအဖြစ် သတ်မှတ်ပြီး ပြည်တွင်း ဥပဒေ ပြဋ္ဌာန်းခြင်း၊ အမျိုးသားအဆင့် စီမံကိန်းရေးဆွဲ ပြဋ္ဌာန်းခြင်း၊ ဒေသတွင်း နိုင်ငံများနှင့် ပူးပေါင်း ဆောင်ရွက်ခြင်း တို့ကို အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိသည်။

မြန်မာနိုင်ငံ လုံးဆိုင်ရာ အမျိုးသမီး ရေးရာ ကော်မတီသည် ၁၉၉၇ ခုနှစ်တွင် ကြိုတင် ကာကွယ်ရေး လုပ်ငန်း၊ ဥပဒေအရ အရေးယူရေး လုပ်ငန်း၊ အကာအကွယ် ပေးရေးလုပ်ငန်း၊ ပြန်လည် ထူထောင်ရေး လုပ်ငန်းကဏ္ဍများ ပါဝင်သည့် အမျိုးသားအဆင့် လုပ်ငန်း စီမံကိန်းကို ရေးဆွဲခဲ့သည်။

၂ဝဝ၁ ခုနှစ်တွင် မြန်မာနိုင်ငံလုံး ဆိုင်ရာ အမျိုးသမီး ရေးရာ ကော်မတီနှင့် UNIAP တို့ ပူးပေါင်းပြီး အစိုးရ ဌာနများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်း များမှ ကိုယ်စားလှယ် များပါဝင်သော နယ်လှည့် သင်တန်းပေးရေး အဖွဲ့များကို ဖွဲ့စည်း ခဲ့သည်။ 

၎င်းအဖွဲ့သည် လူကုန်ကူးမှုကို အရေးယူ ဆောင်ရွက် ရသည့် ပုဂ္ဂိုလ်များအား လေ့ကျင့်ပေးလျက် ရှိရာ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် သင်တန်းသား ၅ဝဝ ကျော်ကို သင်တန်းပေးပြီး ဖြစ်သည်။ အသုံးပြုမည့် သင်တန်း လက်စွဲစာအုပ် များကိုလည်း ထုတ်ဝေ ဖြန့်ဖြူး နိုင်ခဲ့သည်။

အိမ်နီးချင်း နိုင်ငံများသို့ လူကုန်ကူးမှု ပြုလုပ်လျက် ရှိကြောင်း စိစစ် လေ့လာတွေ့ရှိ ချက်အရ ၂ဝဝ၁ ခုနှစ် ကတည်းက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် ဦးဆောင်၍ ပြည်ပ နိုင်ငံများသို့ တရားမဝင် သွားရောက်မှု ကြီးကြပ်ရေး ဗဟို ကွပ်ကဲမှု အဖွဲ့နှင့် အဆင့်ဆင့်သော အဖွဲ့များကို ဖွဲ့စည်းခဲ့ပြီး အဆိုပါ ကွပ်ကဲမှု အဖွဲ့သည် ပညာပေးခြင်း၊ တားဆီးခြင်း၊ ဥပဒေအရ အရေးယူခြင်း တို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက် ရှိသည်။

လူပွဲစားများ၏ ဖြားယောင်း သွေးဆောင်မှု ကြောင့် သော် လည်းကောင်း၊ မိမိတို့၏ သဘောဆန္ဒ အရ သော် လည်းကောင်း၊ အခြားသော အကြောင်း အမျိုးမျိုးကြောင့် သော် လည်းကောင်း၊ ရွှေ့ပြောင်း သွားလာ ခြင်းဖြင့် ပြည်ပ နိုင်ငံများသို့ တရားမဝင် ရောက်ရှိ၍ ဘေးဒုက္ခ ကြုံတွေ့ နေရသော မြန်မာ နိုင်ငံသား များကို ဘေးမသီ ရန်မခဘဲ ပြန်လည် ဝင်ရောက် လာနိုင်ရေး အတွက် ပြန်လည် လက်ခံရေး စခန်းများ ဖွင့်လှစ်၍ ၄င်းတို့၏ မိသားစု များထံ အရောက် ပြန်လည် ပို့ပေးလျက် ရှိသည်။

လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဥပဒေပါ ပြဋ္ဌာန်းချက် များကို ထိရောက်စွာ အကောင် အထည်ဖော် ဆောင်ရွက် နိုင်ရေးအတွက် လူကုန်ကူးမှုတားဆီး ကာကွယ်ရေး ဗဟိုအဖွဲ့ကို ၂ဝဝ၆ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်က လည်းကောင်း၊ လူကုန်ကူးမှု တားဆီး ကာကွယ်ရေး နှင့် လူကုန်ကူး ခံရသူ များကို အကာအကွယ် ပေးရေး လုပ်ငန်းအဖွဲ့၊ လူကုန်ကူး ခံရသူများကို ပြန်လည် လက်ခံရေး၊ ပြန်လည် ဝင်ဆံ့ ပေါင်းစည်းရေး နှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းအဖွဲ့ များကိုလည်း ၂ဝဝ၆ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်တွင် ဖွဲ့စည်း ခဲ့သည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံ အမျိုးသမီး များ၏ ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာ လုပ်ငန်းများ၊ အမျိုးသမီး များ ဘဝ လုံခြုံရေး အတွက် မြန်မာနိုင်ငံ အမျိုးသမီး ရေးရာ အဖွဲ့ချုပ် အနေဖြင့် ကုလသမဂ္ဂ အဖွဲ့ အစည်းများ၊ အပြည်ပြည် ဆိုင်ရာ အဖွဲ့အစည်းများ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ နှင့် ပူးပေါင်း၍ လူကုန်ကူးမှု တားဆီး ကာကွယ် တိုက်ဖျက်ရေး များကို အင်တိုက် အားတိုက် ဆောင်ရွက် ကြရမည် ဖြစ်ပါကြောင်း တိုက်တွန်း ရေးသား လိုက်ရ ပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily

No comments:

Post a Comment