Pages

Wednesday, September 24, 2014

နှစ်ပေါင်း ၈၇၀ ကျော် သက်တမ်းရှိ ရှေးဟောင်း ဆင်းတုတော်နှင့် ပျားရည်ဆွမ်းကပ် မြေသပိတ်မည်း တစ်လုံးကို ထိန်းသိမ်းထားရှိ



ပင်းတယ ၊ ၂၄-၉-၂၀၁၄

ရှမ်းပြည်နယ် (တောင်ပိုင်း) ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသရုံးစိုက်ရာ ပင်းတယ မြို့နယ် မြောက်ဘက် ၃ မိုင်အကွာရှိ ရွှေဘော်နင်း ငွေဘော်နင်း ဓာတ်ပေါင်းစုံ ဘုရားကြီး၌ လွန်ခဲ့သော နှစ်ပေါင်း ၈၇ဝ ကျော် ပုဂံခေတ် နှောင်းပိုင်း လက်ရာများဖြင့် ရှေးဟောင်း ဆင်းတုတော်ငယ် များနှင့် ပျားရည်ဆွမ်းကပ် သပိတ်တစ်လုံး (ပုံ)ကို ထိန်းသိမ်း စောင့်ရှောက် ထားကြောင်း သိရသည်။ 

လေးလက်မ အရွယ်အစားရှိ ဆင်းတုတော် တစ်ဆူ၏ ကျောဘက်၌ သက္ကရာဇ်(၅ဝ၃) ခုနှစ်စာတန်း ကမ္ပည်း ရေးထိုး ထားသည်ကို တွေ့ရပြီး ရှစ်လက်မခန့် အချင်းရှိ ပျားရည်ဆွမ်းကပ် မြေသပိတ်မည်း တစ်လုံးတို့မှာ ပုဂံခေတ် နှောင်းပိုင်း လက်ရာများ ဖြစ်ကြောင်းကို ယခင် လာရောက် လေ့လာခဲ့သည့် သမိုင်း ပညာရှင်များက အတည်ပြု ပြောကြား ခဲ့သည်ဟု သိရသည်။

ယခင်က ဘုရားကြီးမှာ မသမာ သူများ၏ အကြိမ်ကြိမ် ဖောက်ထွင်း ခိုးယူမှုကြောင့် အုတ်ကျိုး အုတ်ပုံဘဝ ရောက်ခဲ့ပြီး အပေါ် ရွှေဘော်နင်း ဘုရားကြီးပေါ် ၌ ဉာဏ်တော် ၄၅ တောင်ရှိ ပင်မ အလယ်စေတီ တော်ကြီး တစ်ဆူ အပါအဝင် ဉာဏ်တော် (၁၇)တောင်ရှိ အရံစေတီ ပေါင်း (၄၅) ဆူရှိရာ ဖောင်းရစ် (၂၅) ရစ်စီ ပါရှိသော စေတီညီနောင် သာ အကောင်းပကတိ ကျန်ရစ် ကြောင်းနှင့် ယခု ထိန်းသိမ်း ထားသော ရှေးဟောင်း သမိုင်းဝင် ပစ္စည်းများ မှာ ကုံလုံ ဆရာတော် ဘုရားကြီး မှ ရွှေဘော်နင်း ဘုရားကြီးအား ပြန်လည် ပြုပြင်စဉ် ကာလ ပင်မအလယ် စေတီတော်ကြီး ၏ အတွင်း ဌာပနာမှ တွေ့ရှိသော ဆင်းတုတော် နှင့် ပျားရည်ဆွမ်းကပ် မြေသပိတ်မည်း တို့ ဖြစ်ကြောင်း၊ နှောင်းလူတို့ လာရောက် လေ့လာပါက အလွယ်တကူ တွေ့မြင်နိုင်ရန် အတွက် ဂရုတစိုက် ထိန်းသိမ်း ထားကြောင်း လက်ရှိ ကျောင်းထိုင် ဆရာတော်ကြီး က မြွက်ကြား သဖြင့် သိရသည်။

နိုင်မင်းညို(ရပ်စောက်)

#Yadanarpondaily

No comments:

Post a Comment