Pages

Wednesday, September 24, 2014

အနာဂတ်အတွက် ရတနာလေးများ


အနာဂတ်အတွက် ရတနာလေးများ

ယနေ့ လူငယ်လေး များသည် အနာဂတ် အတွက် အားထားစရာ ရတနာလေးများ ဖြစ်ကြသည်။ လူငယ်လူရွယ် လေးများကို လမ်းမှား မလိုက်မိ စေရန် ဝိုင်းဝန်း ထိန်းသိမ်း စောင့်ရှောက် ပြုစုပျိုးထောင် ၍ မြေတောင်မြှောက် ပေးနိုင်မှ သာလျှင် အနာဂတ် အတွက် အားတက်ဖွယ်ရာ ဖြစ်မည်ဟု ယုံကြည် မိသည်။

အချို့လူငယ် အများစုမှာ ယခု လက်ရှိတွင် မိဘ အုပ်ထိန်းမှု အရိပ် အာဝါသ အောက်၌ မိမိတို့ဘဝ အနာဂတ် ရှေ့ရေးအတွက် လမ်းမှန် ကမ်းမှန်ဖြင့် ဖြောင့်ဖြောင့် တန်းတန်း နေကြရပြီး အချို့ လူငယ်လေး များမှာ အမှီအခို ကင်းမဲ့စွာဖြင့် လေနှင်ရာ လွင့်ပါကြကာ ထို ကလေးငယ် များ၏ ဘဝ ရှေ့ရေး အတွက် စိတ်မော ဖွယ်ရာ အခြေအနေ များကို မြင်တွေ့ ကြရသည်။

ထို သူများထဲတွင် အချို့မှာ ခိုကိုးရာမဲ့၊ အချို့မှာ အခြေအနေ မဲ့၊ အချို့မှာ မိဘမဲ့၊ အချို့မှာ မသန်မစွမ်း၊ အချို့မှာ ရောဂါ ဝေဒနာရှင် စသည့် ဘဝများဖြင့် ကျင်လည် နေကြ သကဲ့သို့ အချို့ ကလေးသူငယ် များမှာ မသိ နားမလည်သော အခြေအနေ တစ်ရပ်ကြောင့် ပြစ်မှုကျူးလွန် မိသည့် ဘဝမျိုးသို့ ရောက်နေ ကြသည့် ကလေးငယ် များလည်း ရှိသည်။

ကလေးငယ် များ၏ သဘော သဘာဝမှာ အကြောက်အရွံ့ နည်းပြီး မြင်မြင်သမျှ လက်တည့် စမ်းကြည့်ချင် ကြသည်။ မိမိဘဝ ရှင်သန် ရပ်တည်ရေး အတွက် ကြုံရာကျရာ ကျင်လည် လှုပ်ရှား နေကြသူများ ရှိသကဲ့သို့ တန်ဖိုး မများသော ကော်ရှူသည့် အလေ့အကျင့် ဆိုးများ စွဲကပ်လာကာ စိတ်ဓာတ်ရေးရာ ပျက်ပြားပြီး ပြစ်မှုများ ကျူးလွန် လာတတ်သည် အထိ ရှိလာ ကြသည်။

ထို့ကြောင့် ပင်ကိုယ်စရိုက် အဖြူထည် သက်သက် ကလေးငယ် များသည် စာရိတ္တ အားနည်းသည့် အခြေအနေ နှင့် ပတ်ဝန်းကျင်၏ တွန်းပေးမှု များကြောင့် မဖြစ်သင့် မဖြစ်ထိုက် သည့် အမှောင် ဘဝသို့ ရောက်မှန်း မသိ ရောက်သွား ကြသူများလည်း ရှိသည်။

အဆိုပါ ကလေးငယ် များသည် ပတ်ဝန်းကျင် နှင့် ဘဝ အခြေအနေ အမျိုးမျိုး တို့ကြောင့် အဖြူထည်မှ အမည်းဘဝ၊ အလင်းထဲမှ အမှောင်ဘဝ သို့ ကျရောက် သွားကြသူများ ဖြစ်သည်။ ကလေး ငယ်များ အနေဖြင့် လိုရာ ပုံသွင်းနိုင်သည့် ဖယောင်းလေးများ ပမာဖြစ်ရာ အမှောင်သို့ ရောက်လျှင် အမည်းရောင် သို့ပြောင်းပြီး အလင်းသို့ ရောက်လျှင် အဖြူရောင်သို့ ပြောင်းမည် ဖြစ်သည်။

မည်သို့ပင် ဖြစ်စေ၊ အခြေမဲ့၊ အနေမဲ့၊ မိဘမဲ့ ကလေးသူငယ်၊ လူငယ်လူရွယ် အမျိုးသား၊ အမျိုးသမီး ငယ်လေးများကို အဖြူထည် သက်သက်မှ ညစ်နွမ်းမှု မဖြစ်စေရန် ပြန်လည် တည့်မတ် ပေးကြရမည် ဖြစ်သည်။ လူငယ်လူရွယ် လေးများ၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ စိတ်ဓာတ် ဘက်စုံ ဖွံ့ဖြိုး တိုးတက် စေရန်အတွက် ကူညီ စောင့်ရှောက် ပေးကြရမည် ဖြစ်သည်။

သို့ဖြစ်ရာ အဆိုပါ ကလေးငယ်များ ကို တာဝန်ရှိ အဖွဲ့အစည်း များနှင့် လူမှုဝန်ထမ်း ဦးစီးဌာနက ထိန်းသိမ်း ပဲ့ပြင် စောင့်ရှောက်မှု ပေးလျက် ရှိသည်ကို ကြိုဆို ကြရမည့် အပြင် ပတ်ဝန်းကျင် လူမှု အသိုင်းအဝိုင်း ကလည်း ကျန်ရှိနေသော အနာဂတ် အတွက် ရတနာလေး များကို လမ်းချော် ဘေးရောက် မဖြစ်စေရန် မေတ္တာရှေ့ထား တည့်မတ် ပေးကြရမည်။ ကူညီ စောင့်ရှောက် ပေးကြရမည် ဖြစ်ပါကြောင်း တိုက်တွန်း ရေးသား လိုက်ရ ပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily

No comments:

Post a Comment