Pages

Monday, September 29, 2014

ရန်ကုန်မြို့ရှိ ဝဇီရာရုပ်ရှင်ရုံကို အမေရိကန်နိုင်ငံ၏ အကူအညီဖြင့် ရှေးမူလက်ရာမပျက် ပြုပြင်မွမ်းမံမည်


ရန်ကုန်မြို့ ရှိ ၀ဇီရာ ရုပ်ရှင်ရုံကို တွေ့ရစဉ်

ရန်ကုန် ၊ ၂၉-၉-၂၀၁၄

ရန်ကုန်တိုင်း ဒေသကြီး ကျောက်တံတား မြို့နယ် ဗိုလ်ချုပ်လမ်း ပေါ်ရှိ နှစ်ပေါင်း ၉ဝ ကျော် သက်တမ်းရှိသော ဝဇီရာ ရုပ်ရှင်ရုံကို ပြည်သူများ ရုပ်ရှင်ကြည့် အပန်းဖြေရာ ကြီးကျယ် ခမ်းနားသော ခေတ်ဟောင်း ရုပ်ရှင်ရုံကြီး တစ်ခု ဖြစ်လာစေရန် အတွက် အမေရိကန် အစိုးရ၏ အကူအညီဖြင့် ရှေးမူ လက်ရာမပျက် ပြုပြင်မွမ်းမံ သွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ ဝဇီရာ ရုပ်ရှင်ရုံကြီး သည် ရန်ကုန်မြို့ရှိ ခေတ်ဟောင်း ရုပ်ရှင်ရုံများ အနက် သက်တမ်း အရင့်ဆုံး ရုပ်ရှင်ရုံဖြစ်ပြီး ယနေ့ထက်တိုင် ရုပ်ရှင်ပြသခြင်း လုပ်ငန်းကို ဆက်လက် လုပ်ကိုင် ဆောင်ရွက်လျက် ရှိသည်။ ၄င်းရုပ်ရှင် ရုံကို ပြန်လည်ပြုပြင် ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် အမေရိကန် အစိုးရမှ ပံ့ပိုးကူညီသော ကျွမ်းကျင် ပညာရှင် များနှင့်အတူ မြန်မာနိုင်ငံ ရုပ်ရှင်အစည်း အရုံးနှင့် ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့တို့လည်း ပူးပေါင်းပါဝင် ဆောင်ရွက်ကြမည် ဖြစ်သည်။

ထို့အပြင် နိုင်ငံခြားသား ခရီးသွား ဧည့်သည်များအား ဆွဲဆောင်မှု ရှိစေမည့် ခေတ်ဟောင်း ရုပ်ရှင်ရုံ တစ်ခု ဖြစ်လာစေရန် အတွက်လည်း ရှေးမူလက်ရာများ မပျက် ထိန်းသိမ်းမွမ်းမံ သွားမည့်အပြင် ပြည်သူများ အနေဖြင့် ရုပ်ရှင် အရည်အသွေးကို အပြည့်အဝ ခံစားနိုင်စေရန် အဆင့်မြင့် ဒစ်ဂျစ်တယ် စနစ်ဖြင့် ရုပ်ရှင်ပြသ သည့်စက်များ ပြောင်းလဲ တပ်ဆင် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ ဆောင်ရွက် နိုင်စေရန် ယခုအခါ ထို အဆောက်အအုံ နှင့် ပတ်သက်သော သမိုင်းကြောင်းများ၊ ဆောက်လုပ် ခဲ့စဉ် အသုံးပြုခဲ့သော နည်းလမ်းများ နှင့် အဆောက်အအုံ အစိတ်အပိုင်းများ ခိုင်မာမှု ရှိနိုင်မည့် အတိုင်းအတာ တို့ကို စတင် လေ့လာနေပြီ ဖြစ်ကြောင်း သိရသည်။

ဆောင်းဦး

#Themyawadydaily

No comments:

Post a Comment