Pages

Monday, September 29, 2014

ကလောမြို့အနီးမှ မြင်းမထိတောင် ကို ပြည်တွင်းပြည်ပ ခြေလျင်တောင်တက် သမားများ စိတ်ဝင်စား



ကလော ၊ ၂၉-၉-၂၀၁၄

ပြည်တွင်း ပြည်ပ ခြေလျင်နှင့် တောင်တက် သမားများ စိတ်ဝင်စားစွာ တက်ရောက်လေ့ ရှိသော ကလောမြို့ အရှေ့ တောင်ဘက် လေးမိုင်ခန့် အကွာ မြင်းမထိ လိုဏ်ဂူနှင့် မျက်နှာချင်း ဆိုင်တွင် တည်ရှိသော ၁ဝ၇၅ ပေ မြင့်သည့် မြင်းမထိတောင် နှင့် မြင်းမထိ လိုဏ်ဂူ (ပုံ) သို့လာရောက် ကြသော ပြည်ပ ခရီးသွားများ အထူး စိတ်ဝင်စားကာ သွားရောက် လေ့လာမှုများ ရှိကြောင်း မြင်းမထိ ရွာခံ တစ်ဦးထံမှ သိရသည်။

''ကလောမြို့ဟာ ပင်လယ်ရေ မျက်နှာပြင် အထက် ၄၃၁၅ ပေရှိပြီး မြင်းမထိ တောင်ဟာ တောင်ခြေ ကနေ ၁ဝ၇၅ ပေ အမြင့်ရှိတဲ့ အတွက် ပတ်ဝန်းကျင် ဒေသမှာ အမြင့်ဆုံး တောင်အဖြစ် တည်ရှိတဲ့ အတွက် ပြည်ပ ဧည့်သည်တွေ စိတ်ဝင်တစား ရှိလှတဲ့ တောင်အဖြစ် တည်ရှိ နေပါတယ်။ မြင်းမထိ တောင်ခြေရင်း က မြင်းမထိရွာ ဟာ ကလော - အောင်ပန်း ပြည်ထောင်စု လမ်းပေါ်ကနေ သွားရတာ ဖြစ်ပြီး ကလော ကနေ လေးမိုင်၊ အောင်ပန်း ကနေ နှစ်မိုင်ရှိ တဲ့ ပင်လောင်း - ဖယ်ခုံ - လွိုင်ကော် သွားတဲ့ ကားလမ်းမှာ ရှိပါတယ်။ ပင်လောင်းဘက် ကို လမ်းဆုံကနေ လေးမိုင်လောက် သွားလိုက်ရင် မြင်းမထိကို ရောက်ပါတယ် ''ဟု မြင်းမထိ ရွာခံတစ်ဦးက ပြောပြသည်။

ရှေးသူဟောင်းများ ပြောစမှတ် ပြုခဲ့သည်မှာ ရွာကြီး တစ်ရွာအနီး ချိုင့်ကြီး အတွင်းမှ အင်အား ကြီးမားသော မြင်းကြီး လေးကောင် ထွက်လာ၍ စိုက်ပျိုး ထားသော ကောက်ပဲသီးနှံ များကို စားသောက်ပစ်ရာ ခြောက်လှန့် မရသဖြင့် ပုဂံပြည့်ရှင် အနော်ရထာမင်း ထံ အကူအညီ တောင်းကြရာ ကျန်စစ်သား၊ ငထွေရူး၊ ငလုံးလက်ဖယ်၊ ညောင်ဦးဖီး စသော သူရဲကောင်း လေးဦး စေလွှတ်လိုက် ၍ အဆိုပါ မြင်းကြီးများကို ဖမ်းယူ လေ့ကျင့်လျက် ပုဂံ နေပြည်တော် သို့ ယူဆောင် သွားခဲ့ကြောင်း၊ မြင်းထွက်သော ရွာကို ယခုတိုင် မြင်းတွင်းရွာ ဟု ခေါ်လျက် ရှိကြောင်း သိရသည်။

အဆိုပါ မြင်းတွင်းရွာ သည် ကလောမြို့နယ် နှင့် ပင်လောင်း မြို့နယ် အဝင် ဘီလူးချောင်း အနီးတွင် တည်ရှိပြီး မြင်းများ ထွက်မပြေး နိုင်ရန် ဝိုင်းဝန်း ဖမ်းသည့် နေရာကို မြင်းဝန်း ဟုေ ခ်ါတွင်ခဲ့ရာမှ ယခုအခါ အင်းဝန်းရွာ အဖြစ် မြင်းမထိရွာ ၏ အရှေ့ဘက် တစ်မိုင်ကျော် ခန့် အကွာတွင် တည်ရှိကြောင်း သိရသည်။

မြင်းများကို ဖမ်းယူ ခရီးထွက်ခဲ့ရာ အလွန် မြင့်မားသော တောင်ကြီးကို တွေ့၍ ကျန်စစ်သားသည် မြင်းကိုစီးကာ ထိုတောင်ကို ခုန်ကျော်ရာ တစ်ဖက်သို့ ရောက်ရှိသဖြင့် ယခု ထက်တိုင် မြင်းမထိတောင် ဟု ခေါ်တွင်ခြင်း ဖြစ်ပြီး မြင်းမြေသို့ ကျသော နေရာ၌ ခေတ္တနားကာ အနီးတွင် တွေ့သော ရေတွင်းနားတွင် မြင်းကိုလှန်၍ အစာစား စေရာ နေရာကို မြင်းလှန်တောင်၊ ရေတွင်းကို မြင်းလှန်တွင်း ဟု ယခုထက်တိုင် ခေါ်တွင်လျက် ရှိကြောင်း သိရသည်။ (၃၃၄)

#Yadanarpondaily

No comments:

Post a Comment