Pages

Monday, September 1, 2014

ဘ၀က ပေးသောဆု


ဘ၀က ပေးသောဆု

မဒါလေး

နံနက်ခင်း အလင်းရောင် နှင့်အပြိုင် အပြေးသွား နေသော စက်ဘီး တစ်စီး။ ထို စက်ဘီး၏ နောက်မှာ ကလေးငယ် တစ်ဦးက တိတ်ဆိတ်စွာ လိုက်ပါလျက်။ အလောတကြီး နင်းသွားသော စက်ဘီးထက်မှ တောက်ပသော မျက်လုံးများက ရှေ့သို့ တစိုက် မတ်မတ် ကြည့်လျက်။ အားအင် အပြည့်နှင့် သဏ္ဌာန် တစ်ခုမှာ ပေါ်လွင် နေသည်။ နံနက်ခင်း နေမင်း၏ စူးရှ တောက်ပခြင်း နှင့်အတူ စက်ဘီး၏ ရှေ့၌ ချိတ်ထားသော ခြင်းနှစ်ခြင်း ထဲတွင် ငါးနှင့် ဟင်းရွက်အစုံ များထည့်ကာ ခပ်သွက်သွက် နင်းလာသော စက်ဘီး တစ်စီး။ အပြန်တွင် အသွားက လို နောက်မှ ကလေး မပါတော့။

သူ့အမည်က ဦးကောင်းမြိန်။ အမည်ရင်း ကိုတော့ သေချာ မသိပါ။ သူ့အလုပ်က ရေခဲချောင်း ရောင်းခြင်း နှင့် မုန့်ဟင်းခါး ရောင်းခြင်းပင်။ သူလုပ်သော အလုပ်လိုပင် သူ့ဘဝ ကလည်း အပူ တစ်ဖက် အအေး တစ်ဖက် အစွန်း ထားလျက် အလယ်တွင် ရပ်ကာ မျှတအောင် ကြိုးစား နေရရှာသူ။ မုန့်ဟင်းခါး ကို တွန်းလှည်း နှင့် ရပ်ကွက်ထဲ လှည့်ကာ ရောင်းသည်။ ညနေ လေးနာရီ ခန့်တွင် စထွက်ပြီး ည ခုနစ်နာရီ ခန့်ဆိုလျှင် သိမ်းသည်။ စေတနာ ပါသော သူ့ မုန့်ဟင်းခါးမှာ တန်ဖိုးလည်း မများလှ သဖြင့် အရောင်း သွက်သည်။ မုန့်ဟင်းခါး ဆိုင်ကို ကောင်းမြိန် ဟု ပေးထား သဖြင့် ကျွန်မက ထိုအမည်ကို အစွဲပြုကာ ဦးကောင်းမြိန် ဟု ခေါ်ဖြစ် သွားသည်။ သည်လိုနှင့် တစ်ရပ်ကွက်လုံး ဦးကောင်မြိန် ဖြစ်သွားသည်။

နံနက်ပိုင်းတွင် ဈေးသွား ပေးရသော အလုပ်ကို ဦးကောင်းမြိန် က တာဝန်ယူပြီး သူ၏ ချစ်ဇနီး ကတော့ အိမ်တွင် ချက်ပြုတ် ပေးခြင်း တာဝန် ကို ယူသည်။ ညနေ လေးနာရီ ဆိုလျှင် မောင်နှံစုံ တစ်ယောက် တစ်နေရာ လက်တွန်းလှည်း တစ်ခုစီဖြင့် မုန့်ဟင်းခါး အရောင်း ထွက်သည်။ နေ့လယ်ဘက် တွင် ဦးကောင်းမြိန် က ရေခဲချောင်း ရောင်းထွက် သေးသည်။ သူတို့ တွင် သမီး နှင့်သား နှစ်ဦးတည်း ရှိသည်။ သမီးမှာ ကျွန်မနှင့် စသိချိန်တွင် ဆယ်တန်း အောင်ထား သည်။ သားငယ် လေးမှာတော့ ဆွံ့အ နားမကြား သော ကလေး ဖြစ်နေသည်။ နံနက် ဈေးအသွားတွင် ခေါ်သွားပြီး ဆွံ့အ နားမကြား ကျောင်းသို့ ပို့ခဲ့သည်။ ညနေတွင် သွားကြို ရသည်။ နားမကြား သဖြင့် စကား မပြောတတ် ခြင်းသာ ဖြစ်ပြီး ကျန်တာ လူကောင်း အတိုင်းပင်။ သမီးကြီးမှာ ဆယ်တန်းတွင် ဂုဏ်ထူး တစ်ဘာသာ ပါသဖြင့် နည်းပညာ တက္ကသိုလ် တက်ရန် ရွေးချယ် လိုက်သည်။

ထိုအချိန်မှ စ၍ ဦးကောင်းမြိန် အလုပ် နှစ်ဆတိုး ကြိုးစား လုပ်ရ တော့သည်။ နည်းပညာ တက္ကသိုလ် တက်ရန် ပထမဆုံး ဆိုင်ကယ် လိုသည်။ ယနေ့ အချိန်အခါ တွင် စက်ဘီးဖြင့် သွားကြသူ အနည်းငယ် ရှိသော်လည်း ထို တက္ကသိုလ်တွင် တက်သူ မရှိသလောက် ရှားသည်။ သို့အတွက် တစ်ဦးတည်း သော သမီးလေးကို မျက်နှာ မငယ်စေရန် ဆိုင်ကယ် ဝယ်ရေး ကြိုးစား ရတော့သည်။ တစ်ခါတစ်ရံ သားသမီးများ အတွက် သူ၏ ခံစားချက် များကို ကျွန်မအား ပြောပြလေ့ ရှိသည်။ သူ၏ မျက်ဝန်း တို့သည် အရောင် တောက်လျက် အနာဂတ် အတွက် မျှော်လင့်ချက် များ ပြည့်နေသည်။ တစ်နေ့ မုန့်ဟင်းခါးဆိုင် မထွက်ဘဲ ပျောက် သွားသည်။ နေ့စဉ် အားပေးနေကျ ဖြစ်သည့် အတွက် အချိန်ကျ ပါက လူတို့ အကျင့်အတိုင်း တစ်ခုခု လိုနေသည်ဟု ထင်မိသည်။ မလာသေး ဘူးလား မျှော်မိသည်။

သည်လိုနှင့် နေ့ရက် များကို ကျော်ဖြတ်ရင်း လသို့ပင် ကူးခဲ့ပြီ။ သူ့သမီးလေး နှင့် တွေ့လို့ မေးကြည့်တော့ မုံရွာသို့ သွားကာ ရေခဲချောင်း သွားရောင်း သည်တဲ့။ ရေခဲချောင်း ရောင်းတာ တစ်နေ့ ငွေကျပ် သုံးလေးသောင်း မြတ်သည်ဟု ပြောတော့ ကျွန်မပင် အံ့သြခဲ့ ရသည်။ မုံရွာတွင် အဆောင် ခန်းလေး ငှားနေပြီး ရေခဲချောင်း ရောင်းသည်တဲ့။ မကြာပါ သုံးလေး လလောက် နေတော့ ပြန်ရောက် လာသည်။ မုန့်ဟင်းခါး ဆိုင်လေး ပြန်ထွက် ပါပြီ။ ကျွန်မ မေးကြည့်တော့ သမီးလေး ကျောင်းတက်ဖို့ ဆိုင်ကယ် ဖိုးရော ကျောင်းစရိတ် ပါရခဲ့ပြီတဲ့။

သူတို့ နေသော နေရာမှာ ဒေါနဘွား ကားဝင်း ထဲရှိ တိုက်ခန်းလေး တွင် ဖြစ်သည်။ မိသားစု လေးဦးတည်း ရှိရာ အလုပ် ကြိုးစားသော အဖေ နှင့် အမေ၊ စာကြိုးစား သောသမီး၊ စကား မပြောတတ် ပေမယ့် ချစ်စရာ ကောင်းသော သားငယ် တို့ဖြင့် ဘဝက အတန်အသင့် ပြည့်စုံသည်။

ဦးကောင်းမြိန် မှာ ရပ်ကွက် ဆွမ်းလောင်း အသင်းတွင် လည်း ဦးဆောင် ပါဝင်ကာ လပြည့် လကွယ် များတွင် ဆွမ်းလောင်း လှူလျက် ရှိသည်။ သူတွင်မက သူ၏ ပတ်ဝန်းကျင် ရှိ လူများကိုလည်း ဒါနမျိုးစေ့ ဖြန့်ဝေလျက် ဆွမ်းလောင်း လိုလျှင် မိမိကိုယ်တိုင် ချက်ပြုတ်လျက် လောင်းလှူ စေသည်။ အလုပ်တစ်ဖက် မအားလပ်သည့် ကြားမှ ဆွမ်းလောင်းလှူ ကြလိုသူများ အတွက် တစ်ဖက် တစ်လမ်းမှ ကူညီ ပေးခြင်း ဖြစ်ရာ အားလုံးက ကျေးဇူး တင်လျက် ရှိသည်။ သူ၏ ဇနီးသည်မှာ လည်း အလုပ် ကြိုးစားလျက် အေးအေး ဆေးဆေးပင် နေတတ်သူ ဖြစ်သည်။ ဇနီးမောင်နှံ နှစ်ယောက် ရသမျှကို သမီးနှင့် သားအတွက်သာ ခြစ်ခြုတ်စု ကြသည်။

သားငယ် မှာလည်း စာရော စကားပါ အတန်အသင့် ပြောတတ်၊ ရေးတတ် နေပြီ ဖြစ်သည်။ သူပြောသော လက်ဟန် ခြေဟန် များနှင့် မျက်နှာ အမူအရာ များကို ကြည့်ပြီး ပုံဖော်ကာ သူ့အကြိုက် လုပ်ပေးကြ ရသည်ကိုက သူတို့ မိသားစု အတွက် အပန်းဖြေ စရာ အလား ထင်မိသည်။ သမီးဖြစ်သူ မှာလည်း နည်းပညာ တက္ကသိုလ်တွင် ကြိုးစား ပညာ သင်ကြားလျက် ရှိသည်။ သို့သော် ကံမကောင်းရှာ ပါဟုပင် ပြောရမည် ထင်သည်။ ဘီအီးအထိ ဆက်လက် ပညာသင်ခွင့် မရဘဲ ရပ်နား လိုက်ရသည်။ သို့သော် မိဘများမှာ စိတ်ပျက် မသွားပါ။ အကောင်းဆုံးကို စဉ်းစားရင်း သူနာပြု ဒီပလိုမာ သင်တန်းကို ဆက်လက် သင်ယူ စေသည်။ သည် ပညာကတော့ သူတို့သမီး ဘဝရှေ့ရေး အတွက် အဆင်ပြေ မည်ဟု သူတို့ ယုံကြည် ထားကြသည်။

ကျွန်မနှင့် တွေ့တိုင်း ဦးကောင်းမြိန် က သူ့သမီး ကျောင်းပြီးမည့် နှစ်ကို ပြောပြ တတ်သည်။ ''နှစ်နှစ်တော့ ကျန်သေးတယ်။ တစ်နှစ်ပဲ ကျန်တော့တယ်'' စသည်ဖြင့် ပြောပြ တတ်သော သူ့မျက်လုံး များမှာတော့ အရောင် တဖိတ်ဖိတ် တောက်လျက်။ မိဘမေတ္တာ ဟူသည် ဒါကိုပင် ခေါ်တာ ဖြစ်မည်။ သူ့တွင် ပင်ပန်းခြင်း အလျဉ်းမရှိ။ ညည်းညူမှု မရှိ ရှေ့သို့သာ ချီလျက် အကောင်းဆုံး လုပ်ရန် သူ စဉ်းစားလျက်။ သူ၏ မိသားစုကိုပင် သူ့ဘဝက ပေးသောဆု အဖြစ် လက်ခံလျက် အပျော်ကြီး ပျော်နေသည်။ မီးဖိုအထက် ပွက်ပွက်ဆူ နေသော သူ၏ မုန့်ဟင်းခါးအိုး မှ အပူခိုး၊ အပူငွေ့များ ထွက်နေ သော်လည်း သူ့သဏ္ဌန်မှာ အေးချမ်း လွန်းလှ ပေသည်။

#Yadanarpondaily

No comments:

Post a Comment