Pages

Tuesday, September 30, 2014

ကားသစ်သလို စိတ်သစ်ဖို့လည်းလို


ကားသစ်သလို စိတ်သစ်ဖို့လည်းလို

ယွန်းနဒီ (မန္တလေး)

မန္တလေးမြို့ ၃၅ လမ်းနှင့် ၈၄ လမ်းထောင့်တွင် မီးပွိုင့်နီနေလို့ ရပ်စောင့် နေရသည်။ ကား၊ ဆိုင်ကယ်တွေ စုပြုံရပ်နား နေရင်းက မိမိနှင့် ရင်ပေါင်တန်း ကားအသစ်တစ်စီး ပေါ်မှသူဌေး စီယာတိုင် ကိုင်လျက် လက်တစ်ဆုပ် ကြဲချသည်။ ပိုက်ဆံတွေ မဟုတ်၊ စားပြီးသား နေကြာစေ့ ခွံတွေ ဖြစ်ပါသည်။ လမ်းမပေါ် နေကြာစေ့ခွံ တွေချပြီး ဟန်ကျပန်ကျ ကားတံခါးမှန်ကို ဖြေညှင်းစွာ တင်လိုက်သည်။

ကားကြည့် လိုက်တော့ နောက်ဆုံးပေါ် မော်ဒယ်မြင့် နံပါတ်အသစ် နှင့် ဖြစ်သည်။ အသက်အရွယ် အားဖြင့် အသက် ၅ဝ အရွယ်လောက် ရှိပြီဖြစ်လို့ စိတ်ဓာတ် တည်ငြိမ် ရင့်ကျက်ရမည့် အနေအထား ဖြစ်သည်။ ဆိုလိုတာက မြို့ပြ သာယာ လှပမှုကို ဖျက်ဆီး နေတာ၊ စည်းကမ်းမဲ့ သူငယ်နှပ်စား အရွယ် မဟုတ်တော့ ကားအသစ် စီးပြီး စိတ်ဓာတ် မကောင်းတာ အံ့သြဖွယ် ကောင်းသည်။ ကားကမြင့်ပြီး စိတ်ဓာတ်က နိမ့်နေသည်။

တကယ်တော့ မိမိ စားပြီးသား နေကြာစေ့ခွံ တွေကို အိတ်ကလေးထဲ ပြန်စုထည့်ပြီး တူးဘောက် ထဲမှာ ထည့်ထားလည်း ရသည်။ ဘိလပ်မြေ တစ်အိတ်လောက် လေးနေအောင် ထမ်းထား ရတာလည်း မဟုတ်၊ တစ်နေရာ ရောက်မှ လမ်းဘေး အမှိုက်ပုံး (သို့မဟုတ်) မိမိအိမ်မှ အမှိုက်ခြင်းထဲ ပစ်လည်း ဖြစ်နေသည့် အရာပင်။

ပါးစပ်က ဒီမိုကရေစီ ... လို့ တဖွဖွ ပြောနေသည့် တိုင် စည်းကမ်းရှိဖို့ ကျတော့ မေ့နေသည်။ ကားစီးရင်း လမ်းပေါ် အမှိုက်ချသည်၊ ကွမ်းသွေး တွေထွေး ထုတ်သည်၊ မီးမငြှိမ်း သတ်ဘဲ ဆေးလိပ်တို ပစ်သည်။ စည်းကမ်း မဲ့စွာ ကား၊ ဆိုင်ကယ် ကန့်လန့် ရပ်သည်။ ကိုယ့် လွတ်လပ်မှု သည် ဒီမိုကရေစီ မဟုတ်၊ အများ လွတ်လပ်မှ ဒီမိုကရေစီ ဖြစ်သည်။ ကိုယ်တိုင် စည်းကမ်း လိုက်နာမှု၊ အသိအမြင် ကြွယ်ဝမှုတွေ ရှိဖို့ လိုသည်။

အများပြည်သူနှင့် သက်ဆိုင်သော လမ်းကို ကျူးကျော်ပြီး ကွမ်းယာဆိုင်ဖွင့် ရောင်းချသည်။ ထီ အရောင်းဆိုင် ဆောက်သည်။ ပလက်ဖောင်း ကို ပိတ်ဆို့ပြီး POC ဆိုင် ထောင်သည်။ ခေါင်းရွက် ဗန်းတွေချပြီး ဈေးရောင်းသည်။ ထီလှည်း၊ ဈေးလှည်းတွေ ထိုးရပ်ပြီး သွားလမ်း၊ လာလမ်းကို ပိတ်ထား ကြသည်။ ကားထားစရာ ဂိုဒေါင်မရှိဘဲ ကားသုံးလေးစီး ဝယ်စီးသည်။ ကိုယ်ပိုင်အိမ် မရှိဘဲ ခွေးမွေးတာ နှင့် တူနေသည်။

ပွင့်လင်း မြင်သာသော နိုင်ငံတော် တည်ဆောက် နေ၍ နိုင်ငံခြားသား ဧည့်သည် တော်တွေ အလျှိုလျှို အလည်အပတ် ရောက်ရှိ လာကြသည်။ ကင်မရာလွယ်ပြီး တဖျပ်ဖျပ် ဓာတ်ပုံ ရိုက်ကြသည်။ သူတို့ ရိုက်ကွင်းထဲမှာ ဘယ်အရာ ဖြစ်ဖြစ် သန့်ရှင်း ကြည်လင် နေသည့် ပုံရိပ်တွေ ပေါ်ဖို့ အရေးကြီးသည်။

စည်းကမ်းရှိလျှင် ဘယ်အရာ မဆို လှပါသည်။ အထက်ပါ လုပ်ရပ်က လူ့စိတ်နှင့် ဆိုင်သည်။ ကားသစ် တွေလည်း စီးကြပါ၊ စိတ်ဓာတ် တွေလည်း သစ်ကြပါလို့ ဆိုချင် ပါသည်။

#Themyawadydaily

No comments:

Post a Comment