Pages

Saturday, September 20, 2014

ခြင်အန္တရာယ် ဂရုပြုကာကွယ်


ခြင်အန္တရာယ် ဂရုပြုကာကွယ်

ကျန်းမာရေးသည် လူတိုင်းအတွက် အရေးကြီးသော လိုအပ်ချက် တစ်ရပ်ဖြစ်သည်။ လူတို့၏ ကျန်းမာရေးကို အလွယ်တကူ ထိခိုက် နိုင်သည်မှာ ခြင်အန္တရာယ် ဖြစ်သည်။ ခြင်ကိုက်မှု ဒဏ်ကို နွေ၊ မိုး၊ ဆောင်း ရာသီမရွေး လူတို့ခံကြ ရသည်။

ခြင်သည် မည်သည့် နေရာတွင်မဆို ရှင်သန်နိုင်ပြီး ပတ်ဝန်းကျင်တွင် ခြင်ခိုအောင်း ရှင်သန် နိုင်သော နေရာများ ရှိပါက အလွယ်တကူ ပေါက်ပွား များပြား လာနိုင်သည်။ ထို့ကြောင့် ခြင်ကိုက် မခံရအောင် အသိပညာ ပေးခြင်း၊ ပတ်ဝန်းကျင် ထိန်းသိမ်ခြင်း နှင့် သန့်ရှင်းစွာ နေထိုင် တတ်ခြင်း တို့ကို အလေးထား လုပ်ဆောင် ကြရမည် ဖြစ်သည်။

ခြင်ကြောင့် ဖြစ်သော ရောဂါများနှင့် ဆိုးကျိုးများမှာ တစ်နေ့တခြား မြင့်မား လာသည်ကို တွေ့ရသည်။ ခြင်ကိုက်ခံ ရပါက ယားယံခြင်း၊ အဖုအပိမ့် ထွက်ခြင်းမှ အစပြု၍ သွေးလွန် တုပ်ကွေးနှင့် ငှက်ဖျားရောဂါ များအထိ ဖြစ်ပွား ကြုံတွေ့ကြ ရသည်။

ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး ( WHO ) က ခြင်ကိုက်ခံရ၍ ဖြစ်သော ငှက်ဖျားရောဂါ သည် ကမ္ဘာ့ လူဦးရေ၏ သုံးဘီလီယံ ကျော်သော လူတို့ကို ခြိမ်းခြောက် ခံရလျက် ရှိသည်ဟု ဆိုထားသည်။ အဆိုပါ ရောဂါကြောင့် နှစ်စဉ် လူသန်းပေါင်း ၃၅ဝ မှ သန်း ၅ဝဝ ကျော်အထိ ခံစား နေကြရပြီး လူကိုးသန်းခန့် သေဆုံးလျက် ရှိကြောင်း သိရသည်။

ထိုကဲ့သို့ လူတို့အတွက် အန္တရာယ် ကြီးမားသော ခြင် အန္တရာယ်ကို လူသားအားလုံး တို့က သတိတရား လက်ကိုင် ထား၍ ဝိုင်းဝန်း ကာကွယ် တိုက်ဖျက် ကြရမည် ဖြစ်သည်။ တစ်ဦးချင်း၊ တစ်ယောက်ချင်း၊ မိသားစုတိုင်း၊ အိမ်တိုင်း၊ ရပ်ကွက်တိုင်း ပူးပေါင်းပါဝင် ဆောင်ရွက်ကြ မှသာ ခြင်အန္တရာယ် ကာကွယ် နိုင်မည် ဖြစ်သည်။

ထို့ပြင် ဆေးယဉ်ပါးသော ငှက်ဖျားရောဂါ ဟုဆိုသည့် ကုသရေး မလွယ်သည့် ရောဂါတစ်မျိုး ကိုလည်း တွေ့ရှိထားရာ အထူးဂရုစိုက် ကိုင်တွယ် ဆောင်ရွက် ကြရမည် ဖြစ်သည်။ နိုင်ငံတကာ အဖွဲ့အစည်း များက ဆေးဝါးသစ်၊ ကုထုံးသစ်များ ဖော်ထုတ် ကုသပေးလျက် ရှိသော်လည်း ခြင်မှဖြစ်သည့် ငှက်ဖျားရောဂါ မှာ ခေါင်းထောင် နေဆဲဖြစ်သည်။

ခြင်သည် သာမန် ယားယံခြင်းမှ ကြောက်မက်ဖွယ် ကောင်းသော သွေးလွန်တုပ်ကွေး၊ ငှက်ဖျား ရောဂါနှင့် ဆင်ခြေထောက် ရောဂါအထိ ဖြစ်ပွားနိုင်ရာ လူတို့အနေဖြင့် အမှုမဲ့ အမှတ်မဲ့ မနေထိုင် ကြဘဲ ခြင်ကိုက် မခံရအောင် အထူး သတိထား ကြရမည် ဖြစ်သည်။

ထို့ကြောင့် ခြင်ကိုက်ခံ ရသော လူတို့ အနေဖြင့် ကနဦး လက္ခဏာများ ပြလာပြီ ဆိုပါက နီးစပ်ရာ ကျန်းမာရေးဌာန သို့ သွားရောက် ပြသပြီး သွေးစစ်ဆေးခြင်း၊ ဆရာဝန်များ ညွှန်ကြားသော ဆေးဝါး များကို မှန်မှန် သုံးစွဲခြင်းဖြင့် ရောဂါကြီး မဖြစ်ပွားအောင် အထူး ဆောင်ရွက် သင့်သည်။

သို့ဖြစ်ရာ ခြင်အန္တရာယ် ကင်းဝေးစေရန် အထူး လိုအပ်နေသော ယနေ့ ကာလတွင် ခြင်ပေါက်ပွားခြင်း မရှိအောင် မိမိတို့ ပတ်ဝန်းကျင်ကို သန့်ရှင်းအောင် အထူးပြုလုပ် ဆောင်ရွက်ကြရန် နှင့် ခြင်ကိုက် မခံရအောင် ကာကွယ် ထားကြရန် တိုက်တွန်း ရေးသား လိုက်ရပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily

No comments:

Post a Comment