Pages

Monday, September 1, 2014

ပြည်ပရောက် မြန်မာနိုင်ငံသားများ စာရင်း ၂၀၁၅ ခုနှစ် မေလတွင် ထုတ်ပြန်နိုင်မည်


ရန်ကုန် ၊ ၁-၉-၂၀၁၄

ပြည်ပရောက် မြန်မာ နိုင်ငံသားများ စာရင်းကို ၂ဝ၁၅ ခုနှစ် မေလတွင် ထုတ်ပြန် နိုင်မည် ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မှ သိရသည်။

မြန်မာ့ လူဦးရေ ၅၁ ဒသမ ၄ သန်းကျော် ရှိနေကြောင်း ကနဦး လူဦးရေ စာရင်း ထုတ်ပြန်ချက် သည် ပြီးခဲ့သည့် မတ်လ ၂၉ ရက် ညသန်းခေါင်ယံ အချိန်ထိ မြန်မာနိုင်ငံ အတွင်း နေထိုင် နေကြ သူများကို ကောက်ခံ ထားသည့် လူဦးရေ စာရင်း ဖြစ်ပြီး နောက်ဆုံး အစီရင်ခံ စာကို ၂ဝ၁၅ ခုနှစ် မေလ နောက်ဆုံး ထားပြီး အတိအကျ စာရင်း ထုတ်ပြန်မည် ဖြစ်ကြောင်း သိရသည်။

လက်ရှိ ကောက်ယူ ထားသည့် စာရင်းအရ မြန်မာနိုင်ငံတွင် အမျိုးသား ၂၄ သန်းနှင့် အမျိုးသမီး ၂၆သန်း ခန့်ရှိပြီး အမျိုးသား ထက် အမျိုးသမီး ဦးရေက ၁ ဒသမ ၇ သန်း ပိုများကြောင်း သိရသည်။

ထို့ပြင် ယခင်က မြန်မာ့ လူဦးရေ ကို သန်း ၆ဝ ဟု ခန့်မှန်း ထားခြင်းမှာ ၁၉၈၃ ခုနှစ်က ကောက်ယူ ထားသော သန်ခေါင် စာရင်းကို အခြေခံ တွက်ချက် မှန်းဆချက်သာ ဖြစ်ပြီး လက်ရှိတွင် မြန်မာနိုင်ငံ တွင် မွေးဖွားနှုန်း ကျဆင်း နေခြင်းကြောင့် လည်း ယခုကဲ့သို့ ခန့်မှန်း ချက်ထက် လျော့နည်း ရခြင်း ဖြစ်ကြောင်း သိရသည်။

ပြည်ပရောက် မြန်မာ နိုင်ငံသား များကို ထိုင်းနိုင်ငံ အခြေစိုက် ပြည်ပ လုပ်သားရေးရာ ကျွမ်းကျင်သူ များက ထိုင်းနိုင်ငံတွင် သုံးသန်းခန့်၊ မလေးရှား နိုင်ငံ အပါအဝင် အာဆီယံ၊ အာရှ နှင့် ကမ္ဘာ တစ်ဝန်းလုံး တွင် တစ်သန်းခန့် ခန့်မှန်းထားမှု များရှိရာ ၂ဝ၁၅ မေလ ထုတ်ပြန်ချက် တွင်မည်မျှ ကွဲလွဲမည်ကို စောင့်ကြည့် ရဦးမည် ဖြစ်ကြောင်း လေ့လာသူ တစ်ဦးက ပြောပြသည်။ 

သန်းခေါင် စာရင်းကို ၂ဝ၁၄ ခုနှစ် မတ် ၃ဝ ရက်မှ ဧပြီ ၁ဝ ရက်အထိ တစ်နိုင်ငံလုံး ကောက်ခံခဲ့ပြီး သွားလာရေး ခက်ခဲသည့် နေရာများ၊ ပဋိပက္ခ ဖြစ်ပွားရာ နယ်မြေဒေသ များတွင် ဇွန်လလယ် အထိ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။ 

မြန်မာနိုင်ငံ၏ သန်းခေါင် စာရင်း ကောက်ယူမှု လုပ်ငန်းတွင် စင်ကာပူ၊ ဆွစ်ဇာလန်၊ ကွန်ဂို၊ ဆွီဒင် စသည့် နိုင်ငံပေါင်း ၁၄ နိုင်ငံမှ လူဦးရေ စာရင်း ကောက်ယူမှု ဆိုင်ရာ ပညာရှင်များက အကူအညီ ပေးခဲ့ကြပြီး ပင်မ အစီရင်ခံစာ ထွက်ပေါ် လာရန် အတွက် ကမ္ဘာ့ဘဏ် က ကူညီ ပေးမည် ဟုလည်း သိရသည်။

အိအိအောင်

#Themyawadydaily

No comments:

Post a Comment