Pages

Thursday, August 21, 2014

ကျန်းမာကြံ့ခိုင်ရေး အသုံးချတတ်ရန်လို


ကျန်းမာကြံ့ခိုင်ရေး အသုံးချတတ်ရန်လို

လောကတွင် ငွေကြေး မကုန်ဘဲ အလကားနီးပါး ရရှိနိုင်သည့် အရာသုံးမျိုး ရှိသည်။ ၄င်းအရာ သုံးမျိုးမှာ ပတ်ဝန်းကျင်မှ သန့်ရှင်းသော လေ၊ သန့်ရှင်းသော ရေ နှင့် အန္တရာယ် ကင်းသောလမ်း တို့ဖြစ်သည်။ ထိုအရာ သုံးမျိုးကို ထိထိ ရောက်ရောက် အသုံးမပြု နိုင်သဖြင့် ရသင့် ရထိုက်သော အကျိုး ကျေးဇူးများ မရလိုက်ဘဲ ဖြစ်နေ တတ်သည်။

ယနေ့ လူတို့ ကိုယ်ခန္ဓာတွင် ဖြစ်ပေါ်နေသည့် ရောဂါဝေဒနာ များအနက် နှလုံး၊ သွေးတိုး၊ ဆီးချို၊ အဆုတ်၊ ကျောက်ကပ် ရောဂါတို့ အဖြစ်များလျက် ရှိသည်။ ထိုရောဂါများ ဖြစ်ပွားရာတွင် ပတ်ဝန်းကျင်မှ ဘေးထွက် ဆိုးကျိုးများ ကြောင့် ဖြစ်ပွားရသည် ရှိသကဲ့သို့ ပတ်ဝန်းကျင်မှ မဟုတ်ဘဲ လူတို့ သတိမမူ မိသော အချက်များ ကြောင့်လည်း ဖြစ်ပွား တတ်သည်ကို တွေ့ရသည်။

လူ၏ ခန္ဓာကိုယ်တွင် အရေးအကြီးဆုံး အင်္ဂါ အစိတ်အပိုင်းများတွင် အဆုတ်၊ နှလုံး၊ အသည်း၊ သွေးကြော နှင့် ကျောက်ကပ်တို့ ကျန်းမာ သန်စွမ်း နေစေရန်နှင့် သွေးလည်ပတ်မှု မှန်ကန် နေရန် လိုအပ်သည်။ အဆုတ်သည် သွေးထဲသို့ ဝင်လာသည့် ကာဗွန်ဒိုင် အောက်ဆိုက် နှင့် ရှူသွင်းလိုက် သည့် လေထဲမှ အောက်ဆီဂျင် ဓာတ်တို့ကို လဲလှယ် ပေးသည်။ အဆုတ်ထဲ၌ ထိုသို့ အလှည့်အပြောင်း မလုပ်နိုင်သည့် အခါ အသက်ရှူမဝ ဖြစ်တတ်သည်။

အဆုတ်တွင် သွေးများ ပုံမှန် လည်ပတ် စီးဆင်းပြီး အဆုတ်ကြံ့ခိုင် နေစေရန် အတွက် သန့်ရှင်း သောလေ တို့ကို ရှူထုတ်ရှူသွင်း ပုံမှန် လုပ်ကြရန် လိုသည်။ သေချာ ဆန်းစစ်ကြည့် ပါက နံနက်ခင်း ကျန်းမာရေး လေ့ကျင့်ခန်း လုပ်သူတို့မှ အပ ကျန်သော လူများမှာ သန့်ရှင်းသော လေကို ဝဝလင်လင် ရှူသွင်းရှူထုတ် ပြုလုပ်မှု နည်းပါးသည်ကို တွေ့ရသည်။ ပတ်ဝန်းကျင် အခြေအနေ ကြောင့် လည်းကောင်း၊ မအားလပ်၍ သတိမမူမိ၍ လည်းကောင်း အလကား ရသော သန့်ရှင်းသည့် လေကို ရှူသွင်းရှူထုတ် မပြုလုပ်ကြခြင်း ဖြစ်သည်။

ထိုအခါ အဆုတ်တွင်း သန့်ရှင်းသော လေကောင်း၊ လေသန့် ရရှိမှု နည်းပါး၍ အဆုတ်အင်အား လျော့နည်းလာပြီး သွေးလည်ပတ်မှု လျော့ကျကာ ခန္ဓာကိုယ်တွင် သွေးကြော ပိတ်ခြင်း၊ အဆီဖုံးခြင်း၊ နှလုံး အားနည်းခြင်း တို့ဖြစ်ပေါ်၍ သွေးတိုး၊ နှလုံး စသည့် နောက်ဆက်တွဲ ရောဂါများ ဖြစ်ပွား လာရသည်။

ထို့အတူ အလကား နီးပါး ရသည့် ရေကောင်း ရေသန့်ကို ဝဝလင်လင် သောက်သုံးခြင်း မရှိဘဲ ရေဆာမှ ရေငတ်ပြေ သောက်ခြင်းဖြင့် ခန္ဓာကိုယ် အတွက် လုံလောက်သည့် ရေဓာတ် မရရှိသော ကြောင့် ဆီးနှင့် ကျောက်ကပ် ရောဂါတို့ ဖြစ်ပွား တတ်သည်။ သွားလာရန် လမ်းများ ပေါ်တွင် နံနက် နှင့် ညနေ ပုံမှန် လမ်းလျှောက်ခြင်း ကို လုပ်ရကောင်းမှန်း မသိခြင်း၊ အခြေအနေ အရ မလုပ် ဖြစ်ခြင်း တို့ကြောင့် ကြံ့ခိုင်မှု၊ ကျန်းမာမှု လျော့ကျ၍ အဝလွန် ရောဂါ စသည်တို့ ဖြစ်ပွား လာရသည်။

ပုံမှန် လမ်းလျှောက်ခြင်း၊ အသက်ရှူ လေ့ကျင့်ခန်း လုပ်ခြင်း၊ ရေဝဝ သောက်ခြင်း တို့ကို ပုံမှန် လုပ်ဆောင် သင့်သည်။ အလကား နီးပါး ရသည့် လေ၊ ရေ နှင့် လမ်းလျှောက်ခြင်း ကို တစ်ပေါင်းတည်း ထိထိ ရောက်ရောက် ပြုလုပ်၍ ကျန်းမာရေး၊ ကြံ့ခိုင်ရေး တို့ကို ရယူ သွားကြရမည် ဖြစ်သည်။

သို့ဖြစ်ရာ တစ်မျိုးသားလုံး ကျန်းမာ ကြံ့ခိုင်ရေး အတွက် တစ်မျိုးသားလုံး ကျန်းမာရေး အသိဖြင့် အလကား နီးပါး ရရှိနိုင်သည့် အရာသုံးမျိုးကို အပြည့်အဝ ရယူ၍ အသုံးချ သွားရမည် ဖြစ်ကြောင်း စေတနာ ကောင်းဖြင့် တိုက်တွန်း အကြံပြု ရေးသား လိုက်ရပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily

No comments:

Post a Comment