Pages

Thursday, August 21, 2014

ကမ်းပြိုအန္တရာယ် ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်မည်



မန္တလေး ၊ ၂၁-၈-၂၀၁၄

ယခုအခါတွင် မြစ်ရေ ကြီးခြင်းများ ဖြစ်ပေါ်နေလျက ရှိရာ ဧရာဝတီ မြစ်ကမ်း တစ်လျှောက်၌ တည်ရှိသော မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ ကမ်းပြိုကျ နိုင်ခြေ ရှိသည့် ကျေးရွာပေါင်း ၃၄ ရွာ ရှိသည့်အနက် ဦးစားပေး အရေးကြီး အဆင့်၌ ရှိသော ကျေးရွာ ၁၃ ရွာကို ကမ်းပြို အန္တရာယ် ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက် ပေးသွားမည်ဟု မန္တလေးတိုင်း ဒေသကြီး ရေအရင်းအမြစ် နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ သတင်း ထုတ်ပြန်ချက်များ အရ သိရသည်။

ကမ်းပြိုနိုင်ခြေ ရှိသည့်ကျေးရွာ ၁၃ ရွာကို လက်ရှိ ဘဏ္ဍာရေးနှစ် အတွင်း ငွေကျပ် သန်းပေါင်း ၁၇ဝဝ ကျော် အသုံးပြု၍ ကမ်းပြို အန္တရာယ် ကာကွယ်ရေး လုပ်ငန်းများ လုပ်ဆောင် သွားမည် ဖြစ်ပြီး အဆိုပါ ၁၃ ရွာမှာ ပြင်ဦးလွင် ခရိုင်၌ ရှစ်ရွာ၊ မန္တလေး ခရိုင်၌ တစ်ရွာ၊ မိတ္ထီလာ ခရိုင်၌ တစ်ရွာ၊ မြင်းခြံခရိုင် ၌ နှစ်ရွာ၊ ညောင်ဦး ခရိုင်၌ တစ်ရွာ တို့ ဖြစ်ကြောင်း သိရသည်။

ရေ အရင်းအမြစ် နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန အနေဖြင့် ကမ်းပြို အန္တရာယ် ကာကွယ်ရေး လုပ်ငန်းများ (ပုံ) ကို ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်မှ စတင်၍ ကျေးရွာ ၉ ရွာကို ငွေကျပ် ၁၄ ဒသမ ၆သန်း အကုန်အကျခံ ၍ ပြုပြင် ပေးခဲ့ပြီး ဖြစ်ကြောင်း၊ ယခုနှစ်တွင် ပြုပြင်မည့် ကျေးရွာ ၁၃ ရွာကို စက်တင်ဘာ လလယ်ခန့်မှ စ၍ ကမ်းပါး တုတ်ရိုက်ခြင်း၊ သဲအိတ်ဖို့ ခြင်း၊ ကမ်းပါးနံရံ ကျောက်ရိုး စီခြင်း၊ မြေသားတမံ ပြုပြင်ခြင်း စသော ကမ်းပြို အန္တရာယ် ကာကွယ်ရေး လုပ်ငန်းများကို တိုင်းဒေသကြီး အစိုးရ ၏ ကမ်းပြို အန္တရာယ် ကာကွယ် တားဆီးရေး ရန်ပုံငွေမှ ငွေကျပ် ၁၇၉၇ ဒသမ ၃ သန်း အသုံးပြု၍ ၂ဝ၁၅ ခုနှစ် မတ်လ၌ အပြီး ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ဌာနအနေဖြင့် မိုးရာသီ၌ ဖြစ်ပေါ်လေ့ ရှိသော ကမ်းပြို အန္တရာယ် ကာကွယ်ရေး လုပ်ငန်းများကို ဦးစားပေး လုပ်ကိုင်လျက် ရှိပြီး နွေရာသီတွင် ဧရာဝတီ မြစ်ကမ်း ဖွံ့ဖြိုးရေး အတွက် သောင်တူးခြင်း၊ ရေကာရိုက်ခြင်း လုပ်ငန်းများ လုပ်ဆောင်ရန် အစီအစဉ်များ ရေးဆွဲ ထားသည်ဟု ရေ အရင်းအမြစ် နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိ သူတစ်ဦးက ပြောပြ၍ သိရှိရသည်။

#Themyawadydaily

No comments:

Post a Comment