Pages

Monday, August 25, 2014

တက်တူးကာချာ


တက်တူးကာချာ

ဒေါက်တာ အေးမင်းထူး

ရှေး ပဝေသဏီ ကတည်းက တက်တူး (ဆေးမင်ကြောင်) ထိုးတဲ့ အလေ့အကျင့်မျိုး ရှိခဲ့ပါတယ်။ အစောဆုံး အနေနဲ့ ဘီစီ ၆ဝဝဝ လောက် ကတည်းက တက်တူး ဆိုင်ရာ အထောက် အထားတွေ ရှိခဲ့တယ်။ ရှေးဟောင်း အီဂျစ် မံမီ ရုပ်အလောင်း တွေမှာ တက်တူးရာ တွေ တွေ့ရှိ ရတယ်လို့ ဆိုပါတယ်။ တက်တူး ဆိုတဲ့ အခ်ါအဝေါ်က ၁၈ ရာစု နှောင်းပိုင်း လောက်က စတင် ပေါ်ပေါက် လာခဲ့တယ်။ အဲဒီ ကာလ တုန်းက သုံးစွဲတဲ့ Tattow ဆိုတဲ့ စကားလုံးက ဒီဘက်ခေတ် ရောက်တော့ Tattoo ဆိုပြီး ပြောင်းလဲသွား ပါတယ်။ မြန်မာလို ကျတော့ ဆေးမင်ကြောင် ထိုးတာပေါ့။ ရှေးခတ် လူကြီးတွေရဲ့ ပေါင်၊ လက်မောင်း၊ ကျောပြင်၊ ရင်ဘတ် စတဲ့ နေရာတွေမှာ စာလုံး နည်းနည်း ပါးပါးထိုးတာ မြင်ဖူး ကြတယ်။ နောက်ပိုင်းမှာ ထိုးတဲ့သူ တဖြည်းဖြည်း နည်းလာတယ်။

သံသရာ တစ်ပတ်လည် တော့ ၂ဝဝဝ ပြည့်နှစ် နောက်ပိုင်းမှာ တက်တူး Trend က နောက်တစ်ကျော့ ပြန်လာခဲ့ ပါတယ်။ အရင်ခေတ်က လူကြီး တွေသာ ထိုးခဲ့တဲ့ တက်တူးကို ဒီနေ့ခေတ်မှာ လူငယ်လူရွယ် တွေပါ လိုက်ထိုး လာကြတယ်။ လူကြီးတွေကို အားကျလို့တော့ မဟုတ်ပါ။ အနောက် နိုင်ငံတွေက ဘောလုံးသမား၊ ရုပ်ရှင်မင်းသား၊ မော်ဒယ်၊ အဆိုတော် စတဲ့ နာမည်ကြီး တွေက စလိုက်တဲ့ ဇာတ်ပါ။ သူတို့ ထိုးတော့ သူတို့ကို အားပေးနေတဲ့ တခြားနိုင်ငံက ပရိသတ် တွေကလဲ မနေပါ။ လိုက်အတုခိုး ကြတယ်။ အစက သိပ်မသိသာ ပေမယ့် တဖြည်းဖြည်း ကြာလာတော့ တစ်ကမ္ဘာလုံး အတိုင်းအတာ နဲ့တက်တူးကာချာ ( Tattoo Culture ) ဆိုတာကြီး ဖြစ်လာတယ်။

တက်တူးကာချာ ထဲမှာ မျောပါနေသူ တွေက အသက်အရွယ် အမျိုးမျိုး ရှိတယ်။ ဆယ်ကျော်သက် အရွယ်က စပြီး သက်လတ် အရွယ် လူကြီး တွေထိ ပါတယ်။ ဒီထဲမှာ တကယ်ကြိုက်လို့ ထိုးသူလဲ ရှိပါတယ်။ ခေတ်မီချင်၊ ပေါ်ပြူလာ ဖြစ်ချင်လို့ ထိုးသူကတော့ ပိုများပါတယ်။ ဘေးဆိုင်း တီးတာကို မခံချင်တာလဲ ပါလိမ့်မယ်။ တစ်ယောက်က ထိုးတော့ လူငယ် သဘာဝ နောက် တစ်ယောက်ကလဲ အားကျမခံ ထိုးလာ ကြတယ်။ လူငယ် ယောက်ျားလေး တွေတင်လား ဆိုတော့ မဟုတ်သေးဘူး။ အသားဖြူဖြူ ကောင်မလေး တွေရဲ့ခါး၊ ပခုံး၊ လက်မောင်း စတဲ့ နေရာမှာလဲ တက်တူးရာ လေးတွေ မသိမသာ တွေ့လာ ရတယ်။ 

တက်တူးထိုး သူတိုင်းမှာ စိတ်ဝင်စားစရာ ဇာတ်လမ်း ကိုယ်စီ ရှိတတ်ကြတယ်။ တစ်ခါက ဗဟို အမျိုးသမီး ဆေးရုံမှာ တာဝန်ကျတော့ မွေးလူနာ တစ်ယောက်ကို ကြည့်ပေး ရတယ်။ လက်တစ်ဖက် စီမှာ စာလုံး တစ်လုံးစီ ထိုးထားတဲ့ မိခင်လောင်းကို သိချင်စိတ်နဲ့ မေးမိတယ်။ ဒါက ဘာ အဓိပ္ပာယ် လဲပေါ့။ ညာဘက်လက်မှာ ထိုးထားတာက ချစ်ဦးသူရဲ့ နာမည်အစ စာလုံးတဲ့၊ ဘယ်ဘက်လက် မှာ ထိုးတာကတော့ အိမ်ထောင်ဖက် ရဲ့နောက်ဆုံး စာလုံး။ ဒီနှစ်ခု ပေါင်းလိုက်ရင် သူ့ဘဝ တစ်ခု ဖြစ်လာသတဲ့။ အိုင်ဒီယာ ကတော့ မဆိုးပါ။ အိမ်ထောင်ဖက် ကများ သိသွားရင် ဘယ်လို လုပ်မလဲလို့ ထပ်တွေး လိုက်မိ သေးတယ်။

တက်တူးထိုးတဲ့ ကိစ္စကို ကြည့်ရင် ကျန်းမာရေး အရ မကောင်းတဲ့ ဘက်က ပိုများတယ်။ ထိုးတဲ့အခါ ဘယ်ဆေးနဲ့ ထိုးသလဲ အရေးကြီး ပါတယ်။ ဥရောပ ကော်မရှင် အဖွဲ့ရဲ့ စာတမ်း တစ်ခုမှာ သူတို့ဆီမှာ သုံးနေတဲ့  တက်တူးဆေး တွေရဲ့ ၄ဝ ရာခိုင်နှုန်းဟာ စိတ်မချရဘူး လို့ ဖော်ပြထားတယ်။ အရင်က ထိုးတဲ့ တက်တူးဆေး တွေက ဓာတုပစ္စည်းနဲ့ သတ္တုဓာတ်တွေ ပေါင်းထားတယ်။ ဘာမှန်း မသိတဲ့ Oxides , Sulpyides, Selenides ဆိုတာတွေ ပါတယ်။ တချို့က ကြာရှည်ခံ အောင် ပလတ်စတစ် တွေတောင် ထည့်သေးတယ်။ တက်တူးဆေး ထဲမှာ အနီရောင် ပါရင် လူနဲ့ ဓာတ်မတည့်တာ များတယ်။ အနီဆေး ထဲမှာ ပြဒါးဓာတ်နဲ့ အေဇို အမျိုးအစား ဓာတုဆေးတွေ ပါဝင် တတ်တယ်။ ပိုဆိုးတာက အေဇိုဆိုးဆေး တွေဟာ နေရောင်နဲ့ ထိပါများရင် အဆိပ် အတောက် ဖြစ်စေတယ်။ ခန္ဓာကိုယ်နဲ့ မတည့်တဲ့ Amine အဖြစ် ပြောင်းသွားပြီး ကင်ဆာ ဆိုတာကို ဖြစ်စေတယ်။ ခဲသတ္တု ပါတဲ့ တက်တူး တွေကလဲ တစ်နည်း ဒုက္ခ ပေးတယ်။ ခဲဆိပ်ကြောင့် မွေးရာပါ ကိုယ်လက် ချို့ယွင်းတာ ၊ ကင်ဆာ ရောဂါအပြင် မျိုးပွား နိုင်စွမ်းကိုပါ ထိခိုက်စေတယ်။ လူ တော်တော် များများ ထိုးတဲ့ အနက်ရောင် တက်တူးမှာ Iron Oxide သံဓာတ် တစ်မျိုး ပါတယ်။ ဒီလို လူတွေမှာ MRI ရိုက်တဲ့အခါ သတိထား ရတယ်။ MRI က ထွက်လာတဲ့ လျှပ်စစ် သံလိုက်လှိုင်း က အရေပြား အောက်မှာ ရှိတဲ့ သံဓာတ်ကို အပူပေးသလို ဖြစ်ပြီး အပူလောင်တာ ၊ မီးလောင်နာ လိုမျိုး အပျဉ်လိုက် ထလာ တတ်တယ်။ အခု နောက်ပိုင်း ကျတော့ ဘေးထွက် နည်းပါတယ် ဆိုတဲ့ သြဂဲနစ် တက်တူးတွေ သုံးလာကြတယ်။ သတ္တုဓာတ် မပါတာက လွဲရင် နောက်ဆုံး Aromatic Amine ပဲဖြစ်သွားလို့ သိပ်တော့ မထူးလှပါဘူး။

တချို့က တက်တူးထိုးပြီး ဘေးထွက် ဆိုးကျိုးတွေ ခံစားရတယ်။ အရေပြား အောက်လွှာ Dermis ထဲကို ဆေးထိုးတာ ဖြစ်လို့ ထိုးစ ရက်ပိုင်းတွေမှာ ရောင်နေ၊ နာနေတတ်တယ်။ ပိုးဝင်တာ၊ ပြည်တည်နာ အရေပြားကို ထိခိုက် စေတယ်။ သွေးက တစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါမျိုး ဖြစ်နိုင်တယ်။ တက်တူး လက်ချက်နဲ့ အဖျားသွေးဝင်၊ ဆေးခန်းရောက် ရသူတွေလဲ မနည်းဘူး။ ဆေးရည်က သွေးပြန်ကြော ရောက်ပြီး တက်စေ့တွေ ရောင်လာရင် ခွဲထုတ်ရတာမျိုး ထိရှိတယ်။ တချို့က ထိုးပြီးမှ မှားလေခြင်း ဆိုပြီး စိတ်ပိုင်းဆိုင်ရာ ထိခိုက်တာမျိုး ရှိမယ်။ ဒါပေမဲ့ နည်းပညာက တိုးတက်လာ ပါတယ်။ ဖျက်မရတဲ့ တက်တူးတွေကို လေဆာနဲ့ အသေအချာ ပျောက်ရစေမယ် ဆိုတာမျိုး ရှိလာပြီ။ တကယ်တော့ ပျောက်တာထက် မှိန်သွားအောင် လုပ်တာပါပဲ။ ဒီထဲမှာ ကာလာ ရောင်စုံတွေ ပါရင် ပိုဖျောက်ရ ခက်တယ်။ အနက်ရောင်က တခြား အရောင် တွေထက် ဖျက်ဖို့ ပိုလွယ်တယ်။ တက်တူး ဖျက်တာက ထိုး တာထက် အဆမတန် ပိုနာ သေးတယ်။ အစ ကတည်းက ဖျက်ဖို့ ရည်ရွယ်ချက် ရှိရင် ယာယီ တက်တူးမျိုးကို ထိုးသင့်တယ်။

တက်တူးကို အလှအပ ရေးရာအတွက် သုံးတာမျိုးလဲ ရှိတယ်။ ဥပမာ မျက်ခုံးမွေး ဆွဲတာ၊ နှုတ်ခမ်းလိုင်း ဖော်တာ၊ မှဲ့တပ်တာမျိုး ဖြစ်တယ်။ ဆေးပညာ လိုအပ်ချက် အရ တက်တူးထိုး ရတာမျိုး ရှိသေးတယ်။ ကင်ဆာ ဓာတ်ကင်ရသူ တွေမှာ ဓာတ်ကင်မယ့် နေရာကို တက်တူးဆေး နဲ့ မှတ်ထား ပေးတယ်။ ခရုသင်းလို အရေပြား ရောဂါမှာ တက်တူးနဲ့ ဖုံးဖုံးဖိဖိ မသိသာအောင် လုပ်နိုင်တယ်။ နိုင်ငံအသီးသီး မှာ ရိုးရာ ယုံကြည်မှု အရ ထိုးတဲ့တက်တူးတွေလဲ ရှိကြတယ်။ နိုင်ငံတွေမှာ ရှေး အစဉ်အဆက် တက်တူး ထိုးတဲ့လူမျိုး တွေတွေ့ နိုင်တယ်။ မြန်မာနိုင်ငံမှာ ချင်းပြည်နယ် မင်းတပ် က အမျိုးသမီးကြီး တွေရဲ့မျက်နှာမှာ တက်တူးရာတွေ ရှိကြတယ်။

ခေတ် ယဉ်ကျေးမှုတွေ ပြောင်းလဲ တာကို သတိထား ကြည့်ရင် အများစုဟာ အနောက်တိုင်း က အရှေ့တိုင်း ကို ရောက်လာတယ်။ ရေစီးသဘော ဆိုရင် မြင့်ရာက နေနိမ့်ရာကို စီးဆင်းတယ်။ အစ ကတည်းက ကိုယ်ခံအား မကောင်းသူတွေ ကတော့ အများဆုံး ခံကြ ရတယ်။ ဒီနှစ်ပိုင်း အတွင်း သိသိသာသာ ပြောင်းလဲ သွားတာက တက်တူးပုံတွေ ပေါ်ပေါ်လွင်လွင် ဖြစ်လာတာပါ။ လက်မောင်း တစ်ခုလုံး၊ေ ကျာပြင် တစ်ခုလုံး တက်တူးပုံတွေ တွေ့လာ ရတယ်။ မသိရင် အင်္ကျီ ဝတ်ထားသလို ထင်မှတ်မှား ရတယ်။ 

လူကြီး၊ လူငယ် အများစုရဲ့ စိတ်ခံစားမှု ဖော်ပြရာ စိတ်ထွက်ပေါက် ဟာ တက်တူး ဖြစ်လာခဲ့ပါပြီ။ လက် တစ်ထောက်စာ အရေပြားက ရောဂါပိုးမွှား မဝင်အောင် တားဆီးတဲ့ နေရာ အဖြစ် သာမက စိတ်ခံစားမှု ဖော်ပြရာ နေရာပါ ဖြစ်လာခဲ့တယ်။ အရေပြားရဲ့ လုပ်ဆောင်ချက် ထဲမှာ တာဝန်တစ်ခု ထပ်တိုး ထည့်ရင် ကောင်းမလား စဉ်းစားရတော့မှာ ဖြစ်ပါတယ်။

#Yadanarpondaily

No comments:

Post a Comment